နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှတဆင့် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၊ ဖန်တီးအိမ်အဖွဲ့မှ ဒေါ်ရွှေရွှေစိန်လတ်၊ ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ နော်စူစန်နာ လှလှစိုး၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဦးဝင်းချို၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ၊ ရွှေနန်းတော် စိန်ရွှေရတနာဆိုင် ပိုင်ရှင် ဒေါက်တာ သက်သက်ခိုင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဒေါ်သက်သက်အောင်၊ ဘလော့ဂါ ဦးနေဘုန်းလတ်တို့သည် NLD ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ဇူလိုင် ၁၈ ရက်နေ့က လျှောက်လွှာတင်ထားကြောင်း သိရသည်။
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ နိုင်ငံရေး အကျဉ်းသူဟောင်း ဒေါ်ဇင်မာအောင် တို့လည်း NLD ပါတီမှ တဆင့် ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက “NLD က ဝင်ပြိုင်မယ့် ကျမကို ခြိမ်းခြောက်မှု တွေတောင် ရှိတယ်။ ကျမက ပြည်သူတွေ လိုအပ်မယ့် ဓားသဖွယ် ရှိနေမယ်လို့ပဲ ပြောချင်တယ်။ တချို့ ထောက်ခံသူတွေကတော့ အခုလို မဟုတ်တော့ဘဲ ပါတီဝင်လိုက်ရင် ကျမ အသံတိတ်သွားမှာ စိုးရိမ်ကြတယ်” ဟု ပြောသည်။
ဒေါ်ညိုညိုသင်းက ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်မှ ရွေးကောက်ပွဲ ဝင်ရောက်မည် ဖြစ်ကြောင်း၊ သူ၏ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၄ နှစ်တာ အတွေ့အကြုံများဖြင့် NLD ပါတီ၏ ရန်ကုန်တိုင်း အောင်နိုင်ရေးကိစ္စများကို ဆောင်ရွက်မည့်အပြင် တိုင်းအစိုးရအဖွဲ့ကို သန့်ရှင်းစွာ ဖွဲ့စည်းနိုင်ရေးများအတွက် လုပ်ဆောင်သွားမည်ဟု ပြောကြားသည်။
ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဒေါက်တာ သက်သက်ခိုင်မှာ NLD ပါတီ၏ ဒဂုံမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ သက်သက်ခိုင်က “တိုင်းပြည်ရဲ့ အပြောင်းအလဲမှာ ကျမတို့လည်း တတ်နိုင်သလောက် ဝင်ပါချင်လို့ ပြိုင်ဖြစ်တယ်။ တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ထိထိရောက်ရောက် ပါဝင်ချင်လို့ ဒီလိုပြိုင်ဖြစ်တာပါ” ဟု ဆိုသည်။
အမျိုးသမီးရေးရာ အခွင့်အရေးများ လှုပ်ရှားဆောင်ရွက်နေသည့် ဖန်တီးအိမ်အဖွဲ့မှ ဒေါ်ရွှေရွှေစိန်လတ် ကလည်း NLD ပါတီ၊ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးနှင့် ဝေါမြို့နယ်မှတဆင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
“အမျိုးသမီးအဖွဲ့တွေ အနေနဲ့ ပြုပြင်ပြောင်းလဲရေးမှာ လွှတ်တော်ထဲကိုလည်း ဝင်ဖို့ လိုအပ်သလို ပိုပြီး ကျယ်ပြန့်အောင် လုပ်ဆောင်ဖို့အတွက် နိုင်ငံရေး လုပ်နိုင်တဲ့သူကလည်း လွှတ်တော်ထဲကိုဝင် ဆိုတာမျိုးပေါ့။ အရင်တုန်းကတော့ အစ်မတို့တွေက အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။ အခုတော့ နိုင်ငံတကာ အတွေ့အကြုံ တခြား အတွေ့အကြုံ တွေနဲ့အတူ လုပ်ဆောင်တော့မယ်” ဟု ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။
၎င်းအနေဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်လာပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး၊ အမျိုးသမီးများ၏ အခွင့်အရေး၊ ကျန်းမာရေးနှင့် အစိုးရပိုင်း၏ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်တည်ရေး ကိစ္စများကို ဦးတည် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။
Myanmar ICT for Development Organization (MIDO) မှ Executive Director ဦးနေဘုန်းလတ်ကလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် သင်္ဃန်းကျွန်းမြို့နယ်မှ လျှောက်လွှာတင်ခဲ့ကြောင်း သိရသည်။
၈၈ မျိုးဆက် (ငြိမ်း/ပွင့်) မှ ဦးကိုကိုကြီးမှာ တောင်ဥက္ကလာမြို့နယ် ကိုယ်စားပြု ပြည်သူ့ လွှတ်တော်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းချိုမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် ဒလမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ၂၀၁၅ ရွေးကောက်ပွဲသို့ ပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည့် ကိုယ်စားလှယ်လောင်းများကို ဗဟိုကော်မတီ၊ ကိုယ်စားလှယ်လောင်း စိစစ်ရေးအဖွဲ့က ရွေးချယ် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးဉာဏ်ဝင်းက “အဲဒီ ကိုယ်စားလှယ်စာရင်းကို ပြန်ပြီး ထုတ်ပြန်မယ်။ သူတို့ စာရင်းတွေ ဗဟိုကော်မတီကို ရောက်လာတဲ့ အခါမှာ စိစစ်ရေးအဖွဲ့နဲ့အတူ စိစစ်မယ်။ အဖွဲ့နဲ့ အတူ စဉ်းစားမယ်။ စဉ်းစားပြီးတော့မှ ရရှိလာတဲ့ ကိုယ်စားလှယ်လောင်း အဖြေကို ကြေညာပေးပါမယ်”ဟု ပြောသည်။