စစ်ကိုင်းတိုင်း မြို့နယ် ၇ မြို့နယ်တွင် ရေကြီးရေလျှံမှုများကြောင့် အိမ် ၂၄ လုံး ရေထဲမျောပါသွားပြီး အိမ်ခြေ ၁၃,၀၀၀ ခန့် ရေ ဝင် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်း အတွင်းရှိ ကောလင်း၊ ဘုတလင်၊ ကန့်ဘလူ၊ အင်းတော်၊ ကျွန်းလှ၊ မင်းကင်း၊ ကနီ မြို့နယ်တို့တွင် ဇူလိုင် ၁၆ ရက်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ ရေကြီးမှုများကြောင့် လူ ၆ ဦး သေဆုံးပြီး လူ ၅၀၀၀၀ ကျော် ရေဘေးဒုက္ခ ရောက်နေကြောင်း၊ ဒုက္ခသည်များ စားဝတ်နေရေးများအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့ပေးနေကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန(နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲက ဧရာဝတီကို ပြောသည်။
ထိုမြို့နယ် ၇ မြို့နယ်အနက် ကောလင်း မြို့နယ်သည် ရေကြီးရေလျှံမှု အဆိုးရွားဆုံးနှင့် လူအသေအပျောက် အများဆုံးမြို့နယ်ဖြစ် ကြောင်း၊ လတ်တလောတွင် ထိုဒေသသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ အထောက်အပံ့ အစီအစဉ်များ မရောက်ရှိနိုင်သေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်အထိ ကောလင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၌ ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်ထားပြီး ရေလုံးဝ ဖုံးလွှမ်းသွားသည့် ကျေးရွာပေါင်း ၁၇ ရွာမှ ရေဘေးသင့်သူပေါင်း ၁၅၀၀ ခန့် ရောက်ရှိခိုလှုံ နေထိုင်ကြောင်း၊ ကယ်ဆယ်ရေး စခန်းများသို့ လာရောက်မနေထိုင်ဘဲ စားနပ်ရိက္ခာ အထောက်အပံ့ ရယူနေရသည့် ရေဘေးသင့် ဒုက္ခသည် ၁၀၀၀ ခန့် ရှိကြောင်း ကောလင်းမြို့နယ် ထေရဝါဒ လူငယ်များ အသင်းမှ ကိုအောင်မျိုးက ဧရာဝတီကို ပြောသည်။
ကောလင်းမြို့နယ်တွင် ဇူလိုင် ၁၁ ရက်မှ စတင်၍ မိုးသည်းထန် ရွာသွန်းခဲ့ပြီး ဇူလိုင်လ ၁၅ ရက်တွင် ရေကြီးရေလျှံမှုကြောင့် ရထား လမ်းများ ပိတ်သွားသောကြောင့် လက်ရှိတွင် ခရီးသည်ပေါင်း ၂၀၀ ခန့် ရထားဘူတာတွင် သောင်တင်နေကြောင်း သိရသည်။
ရေကြီးရေလျှံမှု ဖြစ်ပွားရခြင်းသည် ကောလင်းမြို့နယ် အောက်ဘက်ရှိ ရေထွက်ပေါက်များအား ပိတ်ပြီး ရွှေတွင်းများ၊ လမ်းနှင့် တံတား ဆောက်လုပ်ခြင်းတို့ကြောင့် ရေလမ်းကြောင်း ပိတ်ဆို့ပြီး ရေကြီးရခြင်းဖြစ်ကြောင်း၊ ရေထွက်ပေါက်များ ပြုလုပ်မပေးပါက ကောလင်းမြို့နယ် အတွင်း၌ ၁ လခန့်အထိ ရေတင်ကျန်နေနိုင်သည်ဟု ကောလင်းနယ်ခံများက ပြောဆိုကြောင်း ကိုအောင်မျိုးက ပြောပြသည်။
“ကောလင်းမြို့နယ် ရေကြီးတာက ဆည်ကျိုးလို့ မဟုတ်ဘူး။ အောက်က ဆည်ထဲကို ရေမဝင်လို့ ကြီးတာ။ ကောလင်းမြို့နယ်ရဲ့ အောက်က ကျွန်းလှမြို့နယ်မှာ သဖန်းဆိပ်ဆိုတဲ့ ရေမိုင်အကျယ်ဆုံး ဆည်ကြီးထဲကို ကောလင်းမြို့ထဲက ရေတွေ ရောက်မသွားဘူး။ ပိတ်နေတယ်။ အဲဒါကြောင့်မို့လို့ ရေကြီးတာ”ဟု ကိုအောင်မျိုးက ပြောသည်။
အလားတူ ဘုတလင်မြို့နယ်၌လည်း ဇူလိုင် ၁၆ ရက်က မိုးသည်းထန်စွာ စတင်ရွာသွန်းခဲ့သဖြင့် ရေ ၄ ပေခန့်အထိ ရေဖုံးလွှမ်းသဖြင့် ရွာပေါင်း ၇ ရွာမှ အိမ်ခြေ ၁၀၀ ခန့် ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၄ ခုတွင် ရေဘေးသင့်သူပေါင်း ၁၃၀၀ ခန့်ကို လက် ခံ ထားကြောင်းနှင့် ဇူလိုင်လ ၁၈ ရက်တွင် တောင်ကျင်းကျေးရွာ အနီးရှိ သစ်ခဲချောင်း ရေလှောင်တမံ ကျိုးပေါက်ခဲ့ပြီး တမံအောက် ရှိ ကျေးရွာများသို့ ရေဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရှိရသည်။
လက်ရှိအခြေအနေတွင် ဘုတလင်မြို့နယ်၌ ရေပြန်ကျသွားပြီ ဖြစ်သဖြင့် ရေဘေးသင့်သူများသည် မိမိတို့ နေရပ်သို့ ပြန်နေကြပြီဖြစ်ကြောင်း ဘုတလင်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးအောင်ချမ်းအေးက ဧရာဝတီကို ပြောသည်။
ရေဘေးသင့် ပြည်သူများကို စစ်ကိုင်းတိုင်းရှိ ကြက်ခြေနီ စေတနာ့ဝန်ထမ်းများက ဒေသခံ အာဏာပိုင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းများ၊ ရှေးဦးပြုစုခြင်းများ ကူညီပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။
သမ္မတ ဦးသိန်းစိန်သည် ယနေ့ ဇူလိုင် ၂၀ ရက်တွင် ကန့်ဘလူမြို့နယ်ရှိ ရေဘေးသင့် ဒေသများသို့ သွားရောက်ပြီး ရေဘေးဒုက္ခသည်များကို တွေ့ဆုံအားပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။
ရေကြီးရေလျှံမှုများသည် စစ်ကိုင်းတိုင်းအပြင် ကချင်ပြည်နယ် မိုးကောင်းမြို့၌ပါ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အိမ်ခြေပေါင်း ၃၀၀ ကျော် ရေဝင်ပျက်စီးခဲ့ပြီး လူ ၂၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနမှ သိရသည်။
မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်၏ ခန့်မှန်းချက်များအရ မိုးကြီးမှုကြောင့် ဧရာဝတီမြစ်ရေ ထပ်မံမြင့်တက်လာနိုင်ပြီး ရေ ဖုံးလွှမ်းမှု အခြေအနေများ ဆက်လက်သတိထားရန် လိုအပ်နေသေးကြောင်း သတိပေး ပြောကြားထားသည်။