၄ နှစ်တာကာလပတ်လုံး ဦးသိန်းစိန်အစိုးရ လက်ထဲမှ အခွင့်အရေးများကို ရယူရာတွင် မဘသအဖွဲ့အစည်းသည် အခြား လူမှုအဖွဲ့အစည်းများ သို့မဟုတ် နိုင်ငံရေးပါတီများထက် ပို၍ထိရောက်စွာ လုပ်ဆောင်နိုင်သော အဖွဲ့အစည်းတခုဖြစ်သည်။
နိိုင်ငံတွင်ရှိသည့် လူအခွင့်အရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် အားထုတ်လုပ်ဆောင်ခဲ့သော်လည်း အနည်းငယ်သာ အောင်မြင်မှုခဲ့ရခဲ့ပါသည်။ မဘသ အဖွဲ့အစည်းကတော့ ထို့ထက်ပို၍ ရရှိခဲ့ပါသည်။
မဘသအဖွဲ့အစည်း၏ သိသာထင်ရှားသော အောင်မြင်မှုမှာ ရွှေတိဂုံဘုရား ပတ်ဝန်းကျင်ရှိ အငြင်းပွားဖွယ်ရာ ဆောက်လုပ်ရေးစီမံကိန်း ၅ ခုကို ဖျက်သိမ်းရန် ဇွန်လ ၇ရက်နေ့က သမ္မတဦးသိန်းစိန်က လက်မှတ်ထိုးခဲ့သည့် အမိန့်ဖြစ်သည်။ Marga ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီက ဦးဆောင်သည့် ၎င်းစီမံကိန်းသည် ရွှေတိဂုံဘုရားကို ထိခိုက်နိုင်သောကြောင့် ရပ်တန့်ပေးရန် အတိုက်အခံ နိုင်ငံရေးသမားများ၊ ဗိသုကာများက ကနဦး တောင်းဆိုခဲ့ကြပြီး မဘသက နောက်ပိုင်းတွင် ပါဝင်တောင်းဆိုခဲ့သည်။ ထို့နောက် စီမံကိန်းအား မရပ်တန့်ပါက တနိုင်ငံလုံးမှ ထောက်ခံသူ ပြည်သူများနှင့် အတူတကွပေါင်း၍ ဆန္ဒ ထုတ်ဖော်မည်ဟု မဘသက ခြိမ်းခြောက်လိုက်သောအခါ အစိုးရက စီမံကိန်းရပ်တန့်ရန် အမိန့်ထုတ်ခဲ့ရသည်။ အဆိုပါဖြစ်စဉ်သည် မဘသ၏ ပထမဆုံး နိုင်ငံရေးအရ အောင်မြင်မှုဟု ဆိုနိုင်ပါသည်။
မဘသအဖွဲ့အစည်းသည် ဘာသာရေးအဖွဲ့အစည်းတခုဖြစ်ပြီး နိုင်ငံတလွှားမှ သံယာတော်များဖြင့် ဖွဲ့စည်းထားပါသည်။ မဘသ၏ တောင်းဆိုမှုများကို လိုက်လျောပေးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ၎င်းအဖွဲ့အစည်းသည် အစိုးရအား အာဏာလွှမ်းမိုးနိုင်သည့် စွမ်းရည်ရှိပါသည်။
နိုင်ငံတလွှားတွင် မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများ တခုပြီး တခုဖြစ်ပေါ်သည့်အချိန်တွင် မွတ်စလင် ဆန့်ကျင်ရေးများကို လှုံဆော်သည်ဟု အစွပ်စွဲခံရသော မဘသအသင်းကို ၂၀၁၃ ခုနှစ် နှစ်လည်ပိုင်းတွင် တည်ထောင်ခဲ့သည်။
မန္တလေးအခြေစိုက် ဆရာတော် ဝီရသူ ဦးဆောင်သည့် မဘသအဖွဲ့အစည်းသည် ရခိုင်ပြည်နယ်တွင်ရှိသော တရားမဝင် ဘင်ဂါလီ မွတ်စလင်များအား နိုင်ငံမှ နှင်ထုတ်ရန် အစိုးရအား အဓိက ဖိအားပေး အဖွဲ့အစည်းတခုဖြစ်သည်။
မဘသအဖွဲ့အစည်းသည် ၂ နှစ်သား ဘာသာရေးအစည်းတခုဖြစ်သည်။ သို့သော် ဆရာတော် ဝီရသူသည် ၎င်း၏ အဖွဲ့စည်းကို ၂ နှစ်သားဟု ပုံဖော်ပြီး ပြောလျင် မနှစ်သက်ပါ။
“တို့မဘသအဖွဲ့အစည်းက ၂ နှစ်သားလေးဖြစ်ပေမယ့် တို့အဖွဲ့ဝင်တွေကတော့ ကောင်းကင်ပေါ်က ကျလာတဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ တို့အဖွဲ့ဝင်တွေက အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ မိုးပေါ်ကျလာတဲ့ ပုဂ္ဂိုလ်တွေပါလို့”ဟု ပြီးခဲ့သည့်လက ကျင်းပသည့် မဘသ နှစ်ပတ်လည် ညီလာခံတွင် အရှင်ဝီရသူက ပြောခဲ့သည်။
မဘသကို ရခိုင်ပြည်နယ်တွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး တနှစ်အကြာတွင် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပြီး မကြာမီ လွွှတ်တော်၌ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးဟူသည့် အဆိုတရပ်ကို တင်သွင်းခဲ့ပါသည်။ ယင်းအဆိုပြုချက်တွင် ဘာသာခြားများနှင့် လက်ထပ်ထိမ်းမြားခြင်း ကန့်သတ်ချက်၊ တလင်တမယားစနစ် ရှိရမည့်အချက်၊ ဘာသာရေး ကူးပြောင်းမှု ကန့်သတ်ချက်နဲ့ မွေးဖွားနှုန်း ကန့်သတ်ချက် စသည့် အချက် ၄ ချက် ပါဝင်သည်။ ထိုအဆို ၄ ချက်အနက် ၂ ချက်အား လွှတ်တော်က တရားဝင် အတည်ပြုပေးခဲ့ပြီး ဖြစ်သည့်အတွက် မဘသအနေဖြင့် နောက်လာမည့် လွှတ်တော်တွင် ဆက်လက်အဆိုပြုရန် ၂ ချက်သာ ကျန်ရှိပါတော့သည်။ အောင်မြင်သွားခဲ့လျှင် ဒုတိယ အောင်မြင်မှု ဖြစ်လိမ့်မည်ဖြစ်သည်။
မဘသက လွှတ်တော်သို့ တင်ပြသော အမျိုး ဘာသာ သာသနာ ကာကွယ် စောင့်ရှောက်ရေးအဆိုသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့ ကိုက်ညီခြင်းမရှိသဖြင့် နိုင်ငံတကာအဖွဲ့အစည်းများက ထိုအဆိုကို ပယ်ဖျက်ပေးရန် သမ္မတဦးသိန်းစိန်နှင့်တကွ လွှတ်တော်ကိုပါ တောင်းဆိုထားသည်။ သို့သော် သမ္မတဦးသိန်းစိန် ကိုယ်တိုင် လက်မှတ်ထိုး၍ မဘသ၏ အဆိုကို လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါသည်။ ထို့ကြောင့် ရွှေတိဂုံဘုရားဝန်းကျင် စီမံကိန်းများ ရပ်နားခိုင်းခဲ့သည်နှင့် ပတ်သက်၍ အချို့က မဘသနှင့် အစိုးရကြား အပေးအယူရှိနေသည်ဟု သံသယရှိနေကြပါသည်။
မဘသက စီမံကိန်းကို ကန့်ကွက်ရန်အတွက် ရွှေတိဂုံဘုရားကာကွယ်ရေး အဖွဲ့ဟုသောအမည်ဖြင့် အဖွဲ့တခု ဖွဲ့လိုက်ပြီး လူထုဆီက လက်မှတ်များ စုဆောင်းကာ အဆိုပါ စီမံကိန်း ရပ်တန့်ရန် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က မဘသနှစ်ပတ်လည်ညီလာခံ ၂ နှစ်ပြည့် အခမ်းအနားကို အင်းစိန်မြို့နယ်မှာ ကျင်းပခဲ့ပါသည်။ သံယာတော် အပါး တထောင်ကျော်တက်ရောက်ခဲ့ပြီး ညီလာခံ ပထမနေ့အပြီးှ ညနေပိုင်းတွင် ရန်ကုန်တိုင်း စစ်ဗိုလ်ချုပ်တချို့နှင့် တွေ့ဆုံကာ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးမှာ ရွှေတိဂုံ ပတ်ဝန်းကျင်ရှိ ဆောက်လုပ်ရေး စီမံကိန်း၏ ညှိနှိုင်းမူတရပ် ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက မဘသညီလာခံရဲ့ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြန်ပြောပြခဲ့သည်။ ရွှေတိဂုံဘုရား ကာကွယ်ရေးအဖွဲ့က ၁၅ ရက်အတွင်း စီမံကိန်းများကို ရပ်တန့်မည်ဆိုသည့် တရားဝင် ထုတ်ပြန်ချက်ကို သမ္မတရုံးမှတဆင့် ထုတ်ပြန်ပေးရန် တောင်းဆိုချက်ကို စစ်ဗိုလ်ချုပ်များသည် အစည်းအဝေးတွင် သဘောတူညီခဲ့ကြောင်း သိရသည်။
မဘသအနေဖြင့် နိုင်ငံရေးအရ ကျောထောက်နောက်ခံ နိုင်ငံရေးအဖွဲ့မရှိဟု တရားဝင်ပြောဆိုထားသော်လည်း မဘသ၏ အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိက ညီလာခံ၏ နောက်ဆုံးနေ့မိန့်ခွန်းပြောရာတွင် ၎င်းအနေဖြင့် လက်ရှိအစိုးရကို နောက်ထပ် ရာထူးသက်တမ်း ရစေချင်ကြောင်း၊ ထို့ပြင် လက်ရှိ အစည်းအဝေး တက်ရောက်နေသော မဘသအဖွဲ့ဝင် သံယာတော်တွေသည် မိမိတို့နေရပ်ပြန်ရောက်လျင် ဒေသခံများအား မည်သူ့ကို မဲထည့်ရမည်ကို ပြောပြပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အတိတ်က စစ်အစိုးရ၏ မကောင်းမှုလုပ်ရပ်များကို မေ့ပစ်ရန်လိုအပ်ပြီး လက်ရှိ အစိုးရ၏ ကောင်းကျိုး လုပ်ဆောင်နေမူများကို ထောက်ခံဖို့ လိုအပ်ကြောင်း၊ လွှတ်တော်တွင် မဘသ၏ အဆိုကို ကန့်ကွက်ပြောဆိုသော လွှတ်တော်အမတ်၏ အမည်ကို မှတ်ထားသင့်ပြီး ၎င်းလွှတ်တော်အမတ်အား မဘသအနေဖြင့် ကန့်ကွက်သင့်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။
အမှန်စင်စစ် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရွေးကောက်ပွဲတွင် သံယာတော်များ မဲထည့်ပိုင်ခွင့် မရှိသော်ငြားလည်း ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော မြန်မာ့လူမူအသိုင်းအဝိုင်းတွင် မဘသသည် ဩဇာလွှမ်းနိုင်သည့် အဖွဲ့အစည်း ဖြစ်သည်ကို အစိုးရက နားလည် သဘောပေါက်ထားပါသည်။
ရွှေတိဂုံဘုရား ပတ်ဝန်းကျင်ရှိ ဆောက်လုပ်ရေးစီမံကိန်း ရပ်တန့်ခိုင်းမှုနှင့် ပတ်သက်ပြီး အစိုးရနဲ့ မဘသကြား ဘာတွေ အပေးအယူလုပ်ခဲ့သလဲ မေးခွန်ထုတ်စရာ ဖြစ်လာပါသည်။ ဆိုလိုသည်မှာ ရွှေတိဂုံပတ်ဝန်းကျင်ရှိ ဆောက်လုပ်ရေး စီမံကိန်း ဖျက်သိမ်းပေးခြင်းသည် လာမည့်ရွေးကောက်ပွဲအတွက် မဘသအဖွဲ့၏ ကူညီမူဖြင့် မဲအနိုင်ရကောင်း ရမည်ဆိုသည့် မျှော်လင့်ချက် အစိုးရတွင် ရှိနေနိုင်သောကြောင့်ပင်။
(လဝီဝမ်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်းသတင်းထောက်ဖြစ်သည်။)