သမ္မတ ဦးသိန်းစိန်အား အကြည်ညိုပျက်စေသည့် သတင်းရေးသားသည်ဟုဆိုကာ မြန်မာသံတော်ဆင့် ဂျာနယ်ကို ပြန်ကြားရေး ဝန်ကြီးဌာနက တရားစွဲဆိုထားသည့် အမှုကို ယနေ့တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် သိန်း ၂၀ ပေးဆောင် ရန် အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။
သမ္မတအား အကြည်ညိုပျက်စေမှုဖြင့် မြန်မာသံတော်ဆင့် ဂျာနယ်၏ ထုတ်ဝေသူမှ ဂျာနယ်ဖြန့်ချိသူ အထိ ၁၁ ဦးကို ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် စက်တင်ဘာလ အတွင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ပုဗ္ဗသီရိမြို့နယ် တရားရုံးက သံတော်ဆင့်ဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် ဦးကျော်စွာဝင်းကို ဒဏ်ငွေ ကျပ် ၁၀ သိန်း နှင့် ဒုအယ်ဒီတာချုပ်(နိုင်ငံရေး) ဦးဝင်းကိုကိုဦး (ခ) ဦးအံ့ခေါင်မင်းကို ဒဏ်ငွေ ၁၀ သိန်းစီဖြင့် စုစုပေါင်း ဒဏ်ငွေ ကျပ် သိန်း ၂၀ ချမှတ် လိုက်ပြီး ကျန် ၉ ဦးကို တရားသေ လွှတ်လိုက်ကြောင်း မြန်မာသံတော်ဆင့် ဂျာနယ်၏ ရှေ့နေဖြစ်သူ ဦးဇော်လင်းက ပြောပြသည်။
“၉ ယောက် လွှတ်တာကတော့ လွှတ်သင့်လို့ လွှတ်တယ်လို့ ပြောရမယ်။ ၂ ယောက်ကို အပြစ်ပေးတာကတော့ အပြစ်မပေးသင့်ဘဲ ပေးတယ်လို့ မြင်တယ်။ အဲဒီတော့ အန်ကယ်တို့က အယူခံ ဆက်တက်မယ်။ အခုမြို့နယ်က ချတယ်။ ခရိုင်ရုံးကို တက်ရမှာပေါ့”ဟု ရှေ့နေဦးဇော်လင်းက ဧရာဝတီကို ပြောသည်။
ငွေဒဏ်အဖြစ် ပေးဆောင်ရန် ပုဗ္ဗသီရိမြို့နယ် တရားရုံး၏ အမိန့်ချမှတ်မှုအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက ထောင်ဒဏ် ၆ လ ကျခံရမည် ဖြစ်သည်ဟုလည်း ရှေ့နေဦးဇော်လင်းက ဆက်ပြောသည်။
ထိုသို့ပြစ်ဒဏ် ချမှတ်ခံရမှုနှင့်ပတ်သက်ပြီး သံတော်ဆင့်ဂျာနယ် ဒု အယ်ဒီတာချုပ် (သုတေသန) ဦးဆန်းဝင်းထွန်းက “နဂိုကတည်း က အပြစ်မရှိဘဲနဲ့ စွပ်စွဲခံရတယ်။ ဒီလောက် လူအများကြီးကို တရားစွဲဖို့ မလိုဘူး။ အခုက အချိန်ကုန် လူပမ်းဆိုတော့ ဒီလိုဖြစ် အောင် တမင်သက်သက် လုပ်တာလို့ထင်တယ်”ဟု ပြောသည်။
၂၀၁၄ ခုနှစ် သြဂုတ်လ ၉ ရက်တွင် ထုတ်ဝေသော မြန်မာသံတော်ဆင့် ဂျာနယ်ပါ အံ့ခေါင်မင်း ရေးသားသည့် နိုင်ငံရေး တွေ့ဆုံမေးမြန်းခြင်း ကဏ္ဍ၌ သမ္မတ ဦးသိန်းစိန်အား ဂုဏ်သိက္ခာ ထိခိုက်စေပြီး အကြည်ညို ပျက်စေသည့် အသုံးအနှုန်းများ ရေးသားဖော်ပြခဲ့ သဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာသံတော်ဆင့်ဂျာနယ်အား သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။