၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်းနှင့် မမီးမီးအပါအဝင် ၆ ဦးမှာ ဧရာဝတီတိုင်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( NLD) ပါတီသို့ ဝင် ရောက်ခဲ့ပြီး ကိုယ်စားလှယ်လောင်းများအဖြစ် လျှောက်ထားခဲ့ကြောင်း သတင်း ရရှိသည်။
“ကျနော်နဲ့ ကိုဉာဏ်လင်းတို့က မြောင်းမြမြို့နယ်ကနေ ဝင်ပြိုင်ဖို့အတွက် NLD ပါတီဝင်အဖြစ်လည်း လျှောက်ခဲ့သလို ကိုယ်စားလှယ်လောင်းအဖြစ်လည်း လျှောက်လွှာတင်ထားခဲ့ပြီးပြီ။ ကျန်တဲ့အစ်ကိုတွေ အစ်မတွေလည်း သက်ဆိုင်ရာ မြို့နယ် တွေမှာ ပါတီဝင်ကြသလို လောင်းစာရင်းလျှောက်လွှာတွေ တင်ထားခဲ့ပြီးပါပြီ”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဗဟိုကော်မတီဝင်ဟောင်း ကိုအောင်ကျော်ကျော်က ဧရာဝတီကို ပြောသည်။
ကြံခင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်း၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မမီးမီး၊ ကျိုက်လတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မသက်သက်အောင်၊
ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ် ၃ ခုပါဝင်သည့် အမျိုးသားလွှတ်တော် အမှတ် ၄ မဲဆန္ဒနယ်တွင် ကိုဉာဏ်လင်း၊ အမျိုးသား လွှတ်တော် အမှတ် ၆ မဲဆန္ဒနယ်တွင် ကိုအောင်အောင်ကျော်နှင့် ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒ နယ်တွင် ကိုစိန်သောင်းတို့ ပါဝင်ယှဉ်ပြိုင်ရန် NLD ပါတီသို့ ကိုယ်စားလှယ်လောင်း လျှောက်လွှာ တင်သွင်းထား ကြောင်း သိရသည်။
“သူတို့အနေနဲ့ ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းခွင့်ရှိတယ်။ သို့သော် ကျန်သောအဖွဲ့ဝင်များနဲ့ တန်းတူ အောင် နိုင်ရေး အလားအလာရှိမရှိ စမ်းစစ်သုံးသပ်ချက်များနဲ့အတူ ဗဟိုကိုပြန်လည်တင်ပြပါမယ်။ သူတို့ အားသာရင် ကိုယ်စား လှယ်လောင်း ဖြစ်သွားမယ်။ မြို့နယ်ကလူအားသာခဲ့ရင် မြို့နယ်ကလူဖြစ်သွားမှာပေါ့။ ဗဟိုကနေ အဓိက ဆုံးဖြတ်ပေးမှာ ပါ”ဟု ဧရာဝတီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့်က ပြောသည်။
NLD ပါတီ၏ ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် မိမိတို့ထက် သင့်တော်သောသူ ဒေသခံများ ရှိနေပါက ၈၈ ကျောင်းသားများအနေဖြင့် နေရာဖယ်ပေးရန် ဆုံးဖြတ်ထားကြောင်း ကိုအောင်အောင်ကျော်က ပြောသည်။
“ကျနော်တို့အနေနဲ့ ဒေသကလူတွေကို ဦးစားပေးပါတယ်။ ဒေသတွင်းမှာ ကျနော်တို့ထက် ပိုပြီးသင့်တော်တဲ့လူ ရှိခဲ့တယ် ဆိုရင် ကျနော်တို့ ဝင်မယ့်အစီအစဉ် ပယ်ဖျက်ပေးဖို့ တိုင်ပင်ထားကြပါတယ်”ဟု သူက ပြောသည်။
လက်ရှိတွင် NLD ပါတီအနေဖြင့် ဧရာဝတီတိုင်းရှိ မြို့နယ်အသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ ရွေးချယ်ပြီးစီးသွားပြီဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ပါတီဗဟိုရုံးချုပ်သို့ ပို့ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက ဧရာဝတီတိုင်း ဒေသကြီးရှိ မဲဆန္ဒနယ် ၇ ခုစလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နေရာအားလုံး အနိုင်ရရှိခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၂၆ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် ၅၂ နေရာ၊ ကရင်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာရှိပြီး မဲဆန္ဒနယ်စုစုပေါင်း ၉၂ နယ် ရှိကြောင်း သိရသည်။