အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)တို့၏ ကချင်ဒေသ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရ သည့် ဒေသခံ ဒုက္ခသည် ၁၄၀၀ ကျော်ကို ခေါ်ယူ စောင့်ရှောက်ထားကြောင်း KIA ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီက ပြောသည်။
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် KIA တို့ကြား ဇွန်လ ၉ ရက်မှ စတင်ပြီး ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် စစ်ရှောင် ဒုက္ခသည် ၁၄၀၀ ကျော်၏ စားဝတ်နေရေးကို KIA က တာဝန်ယူလိုက်ကြောင်း KIA ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောပြသည်။
“မနက်က အထိ ပစ်ခတ်တာတွေ ရှိတယ်။ ထွက်ပြေးနေတဲ့သူ အားလုံးကိုတော့ KIA က အားလုံးကို ပြန်ခေါ်ပြီးတော့ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှာပို့ထားပြီး သူတို့ စားဝတ်နေရေး အားလုံး တာဝန်ယူပြီး ခေါ်ထားလိုက်ပါပြီ”ဟုလည်း ၎င်းက ဧရာဝတီ သို့ ပြော သည်။
ဒုက္ခသည် ၁၄၀၀ ကျော်သည် ဆွမ်ပရာဘွမ်မြို့နယ်ရှိ လောက်(တ်) မိုင်ယန်၊ ဂျာရာယန်၊ အင်ထန်းဇွပ်၊ ဖုန်အိန်ယန်နှင့် ဆမားဘွမ် ကျေးရွာတို့မှဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသည့် အချိန်တွင် တပ်မတော်ဘက်မှ ထိုရွာများသည် KIA ရွာများ ဖြစ်သည်ဟု ပြောဆိုသဖြင့် ဇူလိုင် ၁၆ ရက်တွင် ထွက်ပြေးလာကြခြင်း ဖြစ်သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောဆိုသည်။
အဆိုပါ ရွာ ၅ ရွာမှ စစ်ရှောင်နေသူ ၁၄၂၇ ဦး ရှိပြီး ထိုစာရင်းတွင် KIA ပညာရေးဌာနမှ ကျောင်းဆရာ၊ ဆရာမ၂၄ ဦး၊ မူကြိုကျောင်း တက်နေသည့် ကလေးငယ် ၆၄ ဦးနှင့် ကျောင်းတက်နေသည့် ကျောင်းသား ၂၇၁ ဦး ပါရှိသည်ဟု KIA ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်း ကော်မတီက ပြောသည်။
KIA တပ်မှူးတဦးက လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာသည် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း မလိယန် ပို့စ်ဟု ခေါ်ဆိုသည့် ရွာဟောင်းတခု ဖြစ်ပြီး လက်ရှိတွင် KIA တပ်မဟာ(၁)၊ တပ်ရင်း (၇) ၏ စခန်းချထားရာ နေရာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ထိုနေရာအနီးရှိ ကျေးရွာများသည် ၂၀၁၁ ခုနှစ်က အစိုးရက ခန့်အပ်ထားသည့် ဆရာ၊ ဆရာမများကို နေထိုင်ခွင့်ပေးထားပြီး စာသင်ကျောင်း ဖွင့်လှစ်ခဲ့ဖူးကြောင်း၊ သို့သော် ထိုနေရာများတွင် ကျောင်းဆရာ၊ ဆရာမများနှင့်အတူ တပ်မတော်မှ တပ်စခန်းများ လာချထားသဖြင့် ၂၀၁၁ ခုနှစ်တွင် KIA နှင့် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း ထိုအစိုးရ စာသင်ကျောင်းများတွင် KIA ပညာရေးဌာနမှ ဆရာ၊ ဆရာမများကို အစားထိုး ခန့်အပ်ထားလိုက်ပြီး အနီးရှိ ရွာများတွင်လည်း ၎င်းတို့ တပ်စခန်းများ ချထားလိုက်သည်ဟု KIA က ပြောသည်။
မလိယန်ပို့စ်ရှိ စာသင်ကျောင်းများသို့ ၂၀၁၅ ခုနှစ် ဇူလိုင်လ အစပိုင်းတွင် ပညာရေး ဝန်ကြီးဌာနဘက်မှ ကျောင်းဆရာ၊ ဆရာမများကို ပြန်လည် လွှတ်မည်ဟု KIO ထံ အကြောင်းကြားလာပြီးနောက် တပ်မတော် စစ်ကြောင်းများပါ ရောက်ရှိလာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။
ဦးလမိုင်ဂွမ်ဂျာကလည်း “အစိုးရဘက်က သူတို့နေရာဆိုပြီး ရအောင် ယူမယ်ဆိုပြီး ပြောလာတာလည်း ရှိတယ်။ လောလောဆယ် KIO ဘက်ကတော့ ကျောင်းကို ဆရာမတွေ ပြန်လာနေဖို့ အကြောင်းပြချက်နဲ့ပဲ တိုက်ပွဲဖြစ်တယ်လို့ ယူဆထားတယ်”ဟု ပြော သည်။
ဆွမ်ပရာဘွမ် တိုက်ပွဲအတွင်း KIA ဘက်မှ တပ်သား ၁ ဦးကျဆုံးပြီး ၄ ဦး ဒဏ်ရာရသည်ဟုလည်း ဦးလမိုင်ဂွမ်ဂျာက ပြောပြသည်။
ထို့အပြင် ဇူလိုင် ၁၉ ရက်တွင် တပ်မတော်ဘက်မှ တိုက်ပွဲဖြစ်ပွားရာ ဒေသသို့ လက်နက်၊ ရိက္ခာထောက်ပံ့ရန် ရောက်ရှိလာသည့် ကားနှစ်စီးကို KIA က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း KIA တပ်မှူးတဦးက ဧရာဝတီသို့ ပြောသည်။
ဇူလိုင် ၁၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) မှ ဒုဥက္ကဌ ဦးအောင်မင်းနှင့် KIA ဒု ဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လတို့ တွေ့ဆုံပြီး တံခါးပိတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးမှုများနှင့် ပတ်သက်၍ UPWC ၏ အထူးအကြံပေး ဦးလှမောင်ရွှေက“ဆွေးနွေးတဲ့အသေးစိတ် အချက်အလက်ကို ပြောပြ ဖို့ မရှိပါဘူး။ ကျနော့်အနေနဲ့ ဆွေးနွေးပွဲ အောင်မြင်ဖို့ လက်မှတ်ထိုးနိုင်ဖို့ အဓိကပါပဲ။ မနက်ဖြန်(ဇူလိုင် ၂၂) ဆွေးနွေးမယ့်ပွဲမှာလည်း တပ်မတော်က အရာရှိတွေပါမှာ ဖြစ်လို့ KIO ကိစ္စပဲဖြစ်ဖြစ် ဘာကိစ္စပဲဖြစ်ဖြစ် ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတယ်ခင်ဗျ”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အစိုးရလက်ထက်တွင် တပ်မတော်နှင့် KIA တို့ကြား ၂၀၁၁ ခုနှစ်မှ စ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်အတွင်း ဒုက္ခသည် ၁ သိန်း ကျော်သည် ယခုအချိန်ထိ နေရပ်မပြန်နိုင်ဘဲ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရဆဲ ဖြစ်ကြောင်း သိရသည်။