အမှားများနေသည့် မဲစာရင်းကြောင့် ရွေးကောက်ပွဲလုပ်သည့်နေ့တွင် ပြဿနာ အရှာမခံနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုလိုက်သည်။
၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပသည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် ၇ ကြိမ်မြောက် တွေ့ဆုံပွဲတွင် အထက်ပါအတိုင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဦးတင်အေးက “မဲစာရင်းမပါလို့ ရွေးကောက်ပွဲနေ့မှာ ပြဿနာ လာရှာရင်တော့ အေးချမ်းစွာ လုပ်နေတဲ့ ရွေးကောက်ပွဲကို ထိပါးလာရင် လုံခြုံရေးအဖွဲ့ကို တန်းပြောထားမယ်။ အရေးယူဖို့။ မဲစာရင်းနဲ့ ပတ်သက်လို့ ပြဿနာ အရှာမခံနိုင်ပါဘူး။ ကျနော် အချိန်တွေပေးပြီးတော့ ဒီလောက် အပြောအဆိုတွေ ခံထားရပြီးမှတော့ ရွေးကောက်ပွဲနေ့မှာ ပြဿနာ အရှာမခံနိုင်ပါဘူး” ဟု ပြောသည်။
မိမိ၏ မဲစာရင်းတွင် အချက်အလက် အမှားအယွင်း ရှိသော်လည်း မဲပေးသူစာရင်းတွင် ပါဝင်ပါက မဲပေးခွင့်ရှိကြောင်း ဦးတင်အေးက ပြောသည်။
ထုတ်ပြန်ထားသည့် မဲစာရင်းများတွင် မဲဆန္ဒရှင်၏ အမည်များ မှားယွင်းခြင်း၊ မဲစာရင်းတွင် ကိုယ်ရေး အချက်အလက် မှားယွင်းခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေခြင်းစသည့် အမှားအယွင်း များစွာတို့ကြောင့် နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများက မဲဆန္ဒရှင်များ မဲပေးခွင့်ဆုံးရှုံးမည်ကို စိုးရိမ်နေသည့်အပေါ် ထိုသို့ မစိုးရိမ်ရန် ဦးတင်အေးက ပြောဆိုသည်။
ဦးတင်အေးက “မဲစာရင်း မှားတာနဲ့ ရွေးကောက်ပွဲ မဲပေးခွင့် ဆုံးရှုံးတယ်ဆိုတာ No ပါ။ မဲစာရင်းနဲ့ ပတ်သက်ရင် ဘာမှမစိုးရိမ်ပါနဲ့။ မဲစာရင်းမှာပါဖို့တော့ လိုပါတယ်” ဟု ပြောသည်။
ကွန်ပျူတာထဲသို့ မဲစာရင်း အချက်အလက်များ ထည့်သွင်းရာတွင် အမှားအယွင်းများ ရှိသော်လည်း သတင်း မီဒီယာများတွင် ဖော်ပြသည့် အရေအတွက်လောက် မများကြောင်း၊ အမှားများပြင်ဆင် ဖြည့်စွက်ခြင်းကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အပြီးသတ် မဲဆန္ဒရှင်စာရင်းများကိုလည်း သြဂုတ်လ ၂၃ ရက်နေ့ တွင် ကပ်ထားနိုင်ရန် စီစဉ်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က ရှင်းပြသည်။
ဦးဝင်းကြည်က “မဲစာရင်းထဲမှာ ပါတဲ့သူသည် မဲပေးခွင့် ရှိပါတယ်။ ပြင်ဆင်ဖို့ ပြောတာက နောင်ကျလို့ရှိရင် အားလုံး အမှန်ဖြစ်သွားအောင် ပြောတာပါ။ လူတယောက်က မဲလာပေးတယ်။ မှတ်ပုံတင်ပါတယ်။ မှတ်ပုံတင်ထဲက ဓာတ်ပုံနဲ့ ကိုင်လာတဲ့သူနဲ့ ကိုက်နေတယ်ဆိုရင် မှတ်ပုံတင် နံပါတ်တလုံးလွဲလည်း ဘာမှ မဖြစ်ပါဘူး။ ချစ်နိုင်ကနေ ချစ်ခိုင် ဖြစ်နေတယ်။ ဒါလည်း ဘာမှမဖြစ်ပါဘူး” ဟု ပြောသည်။
တနိုင်ငံလုံးရှိ အခြေခံ မဲဆန္ဒရှင် စာရင်းများ မှားယွင်းပါက ပြင်ဆင်နိုင်သည့်ရက်အား ဇူလိုင်လကုန်အထိ တိုးမြှင့် သတ်မှတ်ပေးထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများက ပြောသည်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်နေသည့် အဖွဲ့တခုဖြစ်သော PACE အဖွဲ့မှ ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က “အခု ဒီအတိုင်းဆိုရင်တော့ အချက်အလက်တွေ မှားယွင်းတာ သိပ်ပြဿနာ မရှိတော့ဘူးဆိုတဲ့ သဘောကို ပြောတယ်။ ဆိုတော့ အချက်အလက် မှားတာ သိပ်ပြဿနာ မရှိဘူး။ မဲစာရင်းမှာ ပါအောင် လုပ်နိုင်ဖို့က အရေးကြီးတယ်။ အခုဖြစ်တဲ့ ပြဿနာက Technical ပြဿနာ မဟုတ်ဘူး။ မယုံတဲ့ ပြဿနာ။ ဒိုင်ကို မယုံတဲ့အခါကျတော့ ကတ်သီးကတ်သတ်လေးတွေ စဉ်းစားကြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။