ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် မြဝတီမြို့ အကြားတွင် ယခုလ ၂ ရက်နေ့မှ စတင်၍ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့အကြား အာရှ လမ်းမကြီးပေါ်တွင် တိုက်ပွဲများ ၂ ပတ်ကျော် ဖြစ်ပွားခဲ့သည်။ ယင်း တိုက်ပွဲများတွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) ကလည်း တပ်မတော်နှင့်အတူ ပူးပေါင်း ပါဝင်ခဲ့သည်။
တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် အာရှလမ်းမကြီးကို ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရများက ဇူလိုင်လ ၂၀ ရက် နေ့တွင် ဖွင့်လှစ်ရန် မူလက ပြင်ဆင်ထားသော်လည်း လုံခြုံရေး အခြေအနေများကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိပေ။ ထိုအကြောင်းအရာ အပါအဝင် ဒေသ လုံခြုံရေး အခြေအနေနှင့် စစ်ဘေးရှောင် ပြည်သူများ၏ အခြေအနေကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းအား ဧရာဝတီ အကြီး တန်း သတင်းထောက် ကျော်ခ က ဇူလိုင်လ ၂၀ ရက်နေ့တွင် ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ အာရှလမ်းမကြီးကို ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံက ဒီလ ၂၀ ရက်နေ့မှာ ဖွင့်ဖို့ မူလက သဘောတူထားပေမယ့် အခု အဲဒီနေ့မှာ မဖွင့်ဖြစ်တော့ဘူးလို့ ကြားသိရပါတယ်။ ဘာကြောင့် မဖွင့်ဖြစ်တာလဲ။ ဘယ်တော့ လောက် ဖွင့်မလဲဆိုတာ သိပါရစေ။
ဖြေ။ ။ လောလောဆယ်တော့ ဘယ်နေ့ဖွင့်မယ် ဘာညာဆိုတာကိုတော့ ရက်အတိအကျ မသတ်မှတ်ရသေးပါဘူး။ အတိအကျ နှစ်နိုင်ငံ ညှိနှိုင်းသတ်မှတ်မှုတော့ မလုပ်ရသေးဘူး။ ရက်ရွှေ့ထားလိုက်တာပေါ့ လေ။ လုံခြုံရေး အခြေအနေလည်း ပါတာပေါ့။ မိုးကလည်း တအားများတော့ သွားရလာရတာလည်း နှစ်ဘက်လုံးမှာ အခက်အခဲလေးတွေ ရှိကြတာပေါ့လေ။
မေး။ ။ အာရှလမ်းမကြီး လုံခြုံရေး အခြေအနေကရော အခု ဘယ်လိုရှိနေလဲ ခင်ဗျ။
ဖြေ။ ။ အခုတော့ ပုံမှန်ပဲ။ ပြည်သူလူထု ကူးသန်းသွားလာနေကြပါတယ်။
မေး။ ။ DKBA နဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေ အခြေအနေတွေကရော ငြိမ်သက်သွားပြီလား။ သေနတ်သံတွေ မကြားရတော့ပေမယ့် နှစ်ဘက်တပ်တွေ အကြား မြေပြင်မှာတော့ စစ်ရေးတင်းမာမှုတွေ ရှိနေကြတုန်းပဲလို့ ကြားပါတယ်။
ဖြေ။ ။ ငြိမ်သက်သွားတဲ့ အခြေအနေတော့ ရှိနေပါပြီ။ ဒါပေမယ့် တပ်ကတော့ အဲဒီနယ်မြေလေးကို လုံလုံခြုံခြုံလေး ဖြစ်အောင် တော့ ရှင်းတော့ ရှင်းနေတုန်းပေါ့။ တပ်နဲ့ BGF နဲ့ပေါင်းပြီး အသေးစိပ်တော့ ရှင်းနေကြတုန်းပဲ။ တင်းတင်းမာမာကြီးတော့ မဟုတ် ဘူးပေါ့လေ။ သူတို့လည်းပဲ ဒီနယ်မြေလေးကို ခြေကုတ်ယူပြီးတော့မှ နေချင်တဲ့ သဘောတော့ ရှိတယ်။
ဒါပေမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်အရလည်း သူတို့က ဆုံစည်းမြိုင်မှာ လက်နက်ခဲယမ်းတွေနဲ့ နေရမယ်။ ဒီနေရာလေး ကတော့ မိသားစု ပုံစံလေးနဲ့ အဲဒါမျိုးလေးတော့ နေလို့ရတယ်။ လက်နက်ခဲယမ်းတွေ ဘာတွေ ညာတွေနဲ့ကတော့ နဂိုသဘောတူ ညီချက်အရ နေခွင့်မရှိဘူး။ သူတို့ သတ်မှတ်ထားတဲ့ နယ်မြေမှာတော့ လက်နက်ခဲယမ်းတွေနဲ့ နေခွင့်ရှိတာပေါ့။
မေး။ ။ ဝန်ကြီးချုပ်အနေနဲ့ရော ဒီအာရှလမ်းမကြီးက ဘယ်ရက်၊ ဘယ်လမှာ ဖွင့်ဖြစ်မယ်ဆိုတာ ခန့်မှန်းပါလဲ ခင်ဗျ။
ဖြေ။ ။ အခုလောလောဆယ်လည်း အာရှလမ်းမကြီးမှာ လက်စသတ်စရာလေးတွေလည်း ကုမ္ပဏီက ကျန်နေသေးတယ်။ ဥပမာ Road Curve တွေပေါ့။ ဒီဟာ တောင်ပေါ်လမ်းလည်း ဖြစ်တယ်။ အကွေ့ အကောက် လေးတွေလည်း ရှိတော့ အန္တရာယ် မရှိအောင် Road Curve လေးတွေကလည်း လုပ်တုန်းပဲ။ အဲဒီလုပ်လက်စတန်းလန်းနဲ့ အမှန်ကတော့ အရင်တုန်းက ဖွင့်ပွဲအတွက် ဒါတွေအပြီးနဲ့ မှန်းပြီးတာ့ လုပ်ထားတာပေါ့။ အသံတွေ ကြားတော့ အလုပ်သမားတွေ ဘာတွေလည်း မလုပ်ရဲတဲ့ အခါကြတော့ အဲဒါတွေက မပြီးသေးဘူး ဖြစ်နေတယ်။ အန္တရာယ်တွေ ဘာတွေမဖြစ်အောင် Road Curve တွေ ဆက်လုပ်နေတုန်းပဲ ရှိသေးတယ်။
မေး။ ။ အရင် ဝန်ကြီးချုပ် ပြောတဲ့အထဲမှာ အလုပ်သမားတွေက အသံတွေကြားတော့ ဆက်မလုပ်ရဲတော့ဘူးဆိုတာက တိုက်ပွဲဖြစ်နေတဲ့ ပစ်ခတ်သံတွေကို ပြောတာလားခင်ဗျ။
ဖြေ။ ။ တခါတလေတော့ အဲဒီလို အသံလေးတွေ ကြားကြားနေတာလေးတွေတော့ ရှိတယ်။ ဒါကတော့ ဒီလမ်းကြီးအတွက်ကို အန္တရာယ်ကြီးလောက်အောင်တော့ မဟုတ်ပါဘူး။ လိုက်ရှင်းရင်း လိုက်ရှင်းရင်းနဲ့ တယောက်စ၊ နှစ်ယောက်စ တွေ့ထိမှုလေးတွေ ရှိတာလေးတွေတော့ ရှိတာပေါ့။
မေး။ ။ တိုက်ပွဲတွေ ရပ်စဲပြီး တည်ငြိမ်မှု ပြန်ရဖို့ တပ်မတော်၊ ပြည်နယ်အစိုးရနဲ့ KNU တို့ ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်ကြတယ် လို့ ကြားသိရပါတယ်။ ဘယ်လိုညှိနှိုင်းမှုတွေ လုပ်ခဲ့ကြပါလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ ဒါတော့ တို့က ငြိမ်းချမ်းရေး အတွက်နဲ့ ဒေသလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး ဆိုတာကတော့ သူ့ကဏ္ဍနဲ့သူ ဘက်ပေါင်းစုံက လုပ်ရတာပေါ့ကွာ။ တဘက်မှာလည်း တပ်မတော်က သူလုပ်စရာရှိတာ လုပ်သလို တဘက်မှာလည်း ငါတို့ အနေနဲ့ကလည်း ဒီဒေသလေးတွေမှာ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ နောက်ကျ ဒီလမ်းတွေက နိုင်ငံတကာ အသုံးပြုတဲ့ လမ်း တွေ ဖြစ်လာမှာဆိုတော့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ညီအောင် လုံခြုံရေးကအစ၊ ဘာကအစ ငါတို့က အားလုံး တာဝန်ယူပေးရမှာ ဖြစ်လာတာကိုး။ ဒါကြောင့် ငါတို့က အဲဒါတွေကို ဘက်ပေါင်းစုံက နေပြီးတော့မှ ငြိမ်းချမ်း လုံခြုံအောင်ရော တရားဥပဒေ စိုးမိုးမှု ရှိအောင်ရော ပြီးတော့ ဒီလမ်းကြီးကလည်း အာဆီယံလမ်းမဆိုတော့ အာဆီယံ စနစ်နဲ့အညီ ဘက်ပေါင်းစုံက လုပ်နေရတာပေါ့လေ။
ဆက်သွယ်ရေးပိုင်းကလည်း အင်တာနေရှင်နယ် ဂရုဖြစ်လာတဲ့ အခါကြတော့ တလမ်းလုံး ကောင်းမွန်စွာ ဆက်သွယ်နိုင်ဖို့ အတွက် ကတော့ ဆက်သွယ်ရေးပိုင်းကလည်း လုပ်စရာရှိသေးတယ်။ ဒီအတွက်ကို သူက လုံခြုံမှုရှိမှ လုပ်လို့ရမှာဆိုတော့ ဒီအတွက်ကို တပ် ပိုင်းကလည်း သူတို့လုပ်စရာရှိတာတွေ လုပ်လာရတဲ့ သဘောပေါ့။
မေး။ ။ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ ကော့ကရိတ်နားက ရွာတချို့မှာ စစ်ပြေး ဒုက္ခသည်တွေ ရှိနေတယ်ဆိုပြီး သိရပါတယ်။ ဒီကိစ္စ အပေါ်မှာရော ဝန်ကြီးတို့ ပြည်နယ်အစိုးရက ဘယ်လို ကိုင်တွယ် ဆောင်ရွက်မှုတွေ ရှိပါလဲ ခင်ဗျ။
ဖြေ။ ။ ရှိပါတယ်။ ကျနော်တို့ ဟိုတနေ့က ကောင်းမှု(ရွာ)နဲ့ ဇော်ဟဲ(ရွာ)က အဖွဲ့လေးတွေပေါ့။ ဇော်ဟဲ အဖွဲ့ ကတော့ သူ့ဟာ သူ ပြန်နေကြပါတယ်။ ကောင်းမှုအဖွဲ့ကတော့ ရန်ကုတ်(ရွာ)မှာ ခဏ နေနေကြတယ်။ အဲဒါကို ကျနော်တို့ လွန်ခဲ့တဲ့ ၄-၅ ရက် က တကြိမ် သူတို့ကို ဆန်တို့ ကော်ဖီတို့ ကြက်ဥတို့ သွားပေးတယ်။ မနေ့ က တခါသွားပေးကြတယ်။ တပ်က အဖွဲ့တွေရော၊ ကော့ကရိတ် ခရိုင် အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ မိခင်နဲ့ ကလေးတို့ ဘာတို့ ပေါင်းပြီးတော့မှ သွားထောက်ပံ့တာလေးတွေ သွားလုပ်ပေး သေးတယ်။
အလားတူပဲ မိဖာလဲ(ရွာ)မှာလည်းပဲ အိမ်ထောင်စု ၄-၅ ဆယ်စု လောက်ရှိတယ် ဆိုတော့ အဲဒီအဖွဲ့လေးတွေလည်း ရန်ကုတ်(ရွာ)မှာ ခေါ်ပြီးတော့မှ ဆန်တို့၊ ဆီတို့၊ ခေါက်ဆွဲတို့ အဲဒါမျိုးလေးတွေ ထောက်ပံ့ ပေးပါတယ်။
မေး။ ။ စစ်ပြေး ဒုက္ခသည် အရေအတွက် စုစုပေါင်း ဘယ်လောက်များ ရှိလဲခင်ဗျ။
ဖြေ။ ။ စစ်ပြေး ဒုက္ခသည် အဆင့်ကြီးတော့ မဟုတ်ပါဘူး။ အဲဒီလိုတော့ မပြောပါနဲ့။ ကျနော်တို့ တိုင်းရင်းသားတွေ စစ်ပြေး ဒုက္ခသည်တွေ မဟုတ်ပါဘူး။ အသက်အန္တရာယ်က ခဏ တိမ်းရှောင်နေတာပါ။ တိမ်းရှောင်နေတဲ့ မိသားစုတွေပေါ့။ အားလုံး စုစုပေါင်း မိသားစု ၃၀ ကျော် ၄၀ လောက်တော့ ရှိတယ်။ စစ်ပြေး ဒုက္ခသည်တွေလည်း မဟုတ်ပါဘူး။ ဒါက စစ်ပွဲကြီး ဖြစ်နေတဲ့ အနေအထား လည်း မဟုတ်ပါဘူး။ ဒါက စစ်ပွဲ မခေါ်ပါဘူး။ နယ်မြေ ရှင်းလင်းတဲ့ အနေအထားမှာပဲ ရှိတဲ့အတွက်ကြောင့်မိုလို့ စစ်ပြေးဒုက္ခသည် ဆိုတဲ့ အသုံးအနှုန်းကတော့ မသင့်လျော်ပါဘူး။ ဟိုက်လိုက်(High Light)ကြီး တအားဖြစ်တာပေါ့။
မေး။ ။ ဝန်ကြီးပြောတဲ့ အတိုင်းဆိုရင် စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ စားဝတ်နေရေး အကူအညီတွေ အပြည့်အဝ ရနေ တယ်ပေါ့။
ဖြေ။ ။ ဒါကလည်း တို့က ပြည်သူတွေကို စောင့်ရှောက်နေရတာဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ အများအတွက် အကျိုးစီးပွားအတွက် လုပ်ရတဲ့အခါမှာ သူတို့အတွက် အခက်အခဲလေးတွေ ဖြေရှင်းပေးဖို့ကလည်း တို့အတွက် တာဝန်ရှိပါတယ်။ တာဝန်ရှိတဲ့အတိုင်းပဲ လုပ်နေပါတယ်။ အလားတူ ပညာသင်ဖို့ အရွယ်ကလေးတွေလည်းပဲ သူတို့ ခဏရှောင်နေရတဲ့ အချိန်မှာ ရှောင်နေတဲ့ နေရာမှာရှိတဲ့ ကျောင်းတွေမှာတင် ပညာသင်ကြားပေးနိုင်အောင်လည်း ကျနော်တို့ အဲဒီလိုတွေကအစ အသေးစိတ် လိုက် လုပ်ပေးနေတာပါ။ ။