မန္တလေး၊ အမရပူရ၊ အင်းဝ၊ စစ်ကိုင်းနှင့် မင်းကွန်းဒေသများ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အီတလီနိုင်ငံ၊ ဖလောရင့် တက္ကသိုလ်က “ပေါင်းစည်းရေး ခရီးစဉ်” စီမံကိန်း တရပ် အနေဖြင့် ကူညီပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဋ္ဌာနက ပြောသည်။
“ပေါင်းစည်းရေး စီမံကိန်း ဆိုတာ အဲဒီ ဒေသတွေမှာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု အစီအစဉ်တွေ၊ ဒေသမှာ အရင်းအမြစ်တွေကို မြှင့် တင် ပေးမယ်၊ ဒေသခံတွေရဲ့ လူမှုစီးပွားဘဝတွေ ကူညီပေးဖို့ ရည်ရွယ်တဲ့ စီမံကိန်းတခုပါ”ဟု အထက်ပါ ဦးစီးဋ္ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင်က ဧရာဝတီသို့ ပြောသည်။
ထိုစီမံကိန်း၏ ရည်ရွယ်ချက်သည် ပြည်တွင်း ပြည်ပ ခရီးသွား အများဆုံး လာရောက်လည်ပတ်သည့် အထက်မြန်မာပြည်ရှိ ရှေးဟောင်း အမွေအနှစ်ဒေသများကို ကာကွယ်ထိန်းသိမ်းရန် ဖြစ်သည်ဟု သိရသည်။
စီမံကိန်း ရေးဆွဲရာတွင်လည်း ၎င်းဒေသများအတွက် ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုးလာရန် ဦးတည်ပြီး ဖွံ့ဖြိုးမှုနှင့်အညီ ရိုက်ခတ် လာမည့် ယဉ်ကျေးမှုနှင့် လူမှုရေးအကျိုး သက်ရောက်မှု အခြေအနေများပါ ထည့်သွင်းရေးဆွဲသွားမည်ဟု ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဋ္ဌာနက ဆိုသည်။
အချိန် တနှစ်အတွင်း စီမံကိန်းရေးဆွဲခြင်းနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ပေးသွားမည်ဖြစ် ရာ စတာလင်ပေါင် ၆၉၂, ၉၆၁ (အမေရိကန် ဒေါ်လာ ၇၅၈၀၉၉) အကုန်ကျခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“အီတလီအဖွဲ့ သြဂုတ်လမှာ နောက်တခေါက်ပြန်လာကြမယ်၊ စီမံကိန်းဆွဲဖို့ လိုအပ်တဲ့ ဒေတာတွေကို ဆာဗေးထပ်ကောက်မယ်” ဟု ဦးနောင်နောင်လင်းအောင် က ပြောသည်။
ပေါင်းစည်းရေး ခရီးစဉ်စီမံကိန်းတစ်ခု ရေးဆွဲရန်အတွက် အီတလီနိုင်ငံ ဖလောရင့် တက္ကသိုလ်မှ ပါမောက္ခအဖွဲ့သည် ၂၀၁၅ မတ်လ ဆန်းက မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး အဆိုပါဒေသ ၅ ခုရှိ ရှေးဟောင်း သုတေသန၊ ဟိုတယ်နှင့် ခရီးသွား၊ စီမံကိန်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကွင်းဆင်းလေ့လာခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်း၊ အင်း၀ ဒေသတို့သည် ကုလသမဂ္ဂ ပညာရရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ စာရင်းသို့ ထည့်သွင်းရန် လျာထားခြင်းခံရသော ခရီးစဉ်ဒေသတခုလည်း ဖြစ်ကြောင်း မန္တလေး တိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန် ကြေညာထားသည်။
မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း (မန္တလေးဇုန်)မှ ကိုဝင်းဇော်ဦးက“ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းတာ တော်တော်ညံ့တယ်၊ မရှိ သလောက်ပါပဲ၊ လာလည်တဲ့ နိုင်ငံခြားသားတွေကလည်း ပြောကြတယ်၊ ဒီလိုအမွေအနှစ်တွေကို မကာကွယ်ဘဲ ဒီလိုထားတာ နှမြော ဖို့ အရမ်းကောင်းတယ်ဆိုပြီး မှတ်ချက်ပေးကြတယ်”ဟု ပြောသည်။
၎င်းက အဆိုပါဒေသများတွင် Toursim နှင့်ပတ်သက်ပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများသည်လည်း စနစ်တကျရှိရန် လိုအပ်ပြီး အစိုးရ တာဝန်ရှိဌာနများ အနေဖြင့် တာဝန်ယူမှုအပြည့်ရှိသင့်သည်ဟုလည်း ပြောဆိုသည်။
မန္တလေးဇုန်ခရီးစဉ်တွင် ဧည့်လမ်းညွှန်များ အရည်အသွေးမြှင့်တင်ရေး၊ ဇုန်ဒေသများတွင် စီမံခန့်ခွဲမှုနှင့် ကြံ့ခိုင်မှုမရှိတော့သည့်
ရှေးဟောင်း အမွေအနှစ်များအား ကာကွယ်ထိန်းသိမ်းရေး အတွက် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း (မန္တလေးဇုန်)က ပြည် ထောင် စု ဟိုတယ်နှင့်ခရီးသွား ဝန်ကြီးဌာန၊ ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီးဌာနများသို့ ၂၀၁၂ ခုနှစ်ကတည်းက အကြံပြုစာ တင်ထားခဲ့သည်ဟု သိရသည်။
အမရပူရမြို့ခံတစ်ဦးက“ဦးပိန်တံတားမှာ ဖွင့်ထားတဲ့ဆိုင်တွေဆိုရင် သူတို့အကျိုးစီးပွားအတွက် လုပ်နေတာများတယ်၊ တချို့ဆိုင် တွေဆို မြင်ကွင်းမှာ အိမ်သာတွေ ဆောက်ထားတာရှိတယ်၊ တော်တော်ကို အလှပျက်ပါတယ်၊ ညဘက်ဆိုလည်း တံတားပေါ် မှောင် ရိပ်ခိုပြီး မကောင်းတာတွေ လုပ်တာတွေ ရှိတော့ ဒါတွေကို ကောင်းကောင်းထိန်းသိမ်းပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့”ဟု ပြော သည်။
ထို့အပြင် ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းသည့် ဌာနများက ရှေးဟောင်းအမွေအနှစ်များ တည်ရှိရာ ဒေသတွင် နေထိုင်သည့် ဒေ သခံများအား အသိပညာပေး၍ ၎င်းတို့ကိုယ်တိုင် တန်ဖိုးထားလာရန် လုပ်ဆောင်ပေးသင့်သည်ဟုလည်း ဆိုသည်။
မန္တလေးတိုင်းသို့ နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ၁ သိန်းခွဲ ခန့်ရှိပြီး ယခုနှစ်အတွက် ၄ သိန်းခန့် လာရောက်မည်ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
ဇုန်ဝင်ကြေးအဖြစ် နိုင်ငံခြားသား ခရီးသွားတစ်ဦးလျှင် မန္တလေး၊ အင်းဝ၊ အမရပူရ ၁၀၀၀၀ ကျပ် စစ်ကိုင်း ၊ မင်းကွန်း ၃၀၀၀ ကျပ် သတ်မှတ်၍ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ကောက်ခံလျက်ရှိကြောင်း သိရသည်။