ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းရှိ ရွာပေါင်း ၂၀ ကျော်တွင် စိုက်ထူထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဆိုင်းဘုတ်နှင့် အလံများ ဇူလိုင်လ ၂၁ ရက် ညပိုင်းက ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။
NLD ဆိုင်းဘုတ်များ ဓားခုတ်ခံခဲ့ရပြီး ပါတီအလံများပါ ဖြုတ်ယူခံခဲ့ရကြောင်း၊ ထိုသို့ ပြုလုပ်သူဟု ယူဆရသူ ၄ ဦးမှာ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် နမ့်စန်အခြေစိုက် မတ်ကျန်းဌာနေ ပြည်သူ့စစ်များဖြစ်ကြောင်း နမ့်စန်မြို့နယ် NL ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်အေးက ဧရာဝတီသို့ ပြောသည်။
ဦးခင်မောင်အေးက “နမ့်စန်မြို့နယ် အတွင်းမှာရှိတဲ့ ရွာပေါင်း ၂၀ ပါ။ မနေ့ည ၈ နာရီလောက်က စဖြစ်တာ။ ညသန်းခေါင် ၁ နာရီမှာ တရားခံ ၄ ဦးကို ဖမ်းမိပါတယ်။ သူတို့ကတော့ သူတို့ရဲ့ လူကြီးတွေက လုပ်ခိုင်းတယ်လို့ ပြောပါတယ်” ဟု ဆိုသည်။
လက်ရှိ အချိန်တွင် မတ်ကျန်းဌာနေ ပြည်သူ့စစ်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းနေကြောင်း၊ ထိုနေရာသည် ဌာနေ ပြည်သူ့စစ်များစွာ အခြေစိုက်သည့်နေရာ ဖြစ်သဖြင့် စည်းရုံးရေး ဆင်းသည့်အခါ အဆင်ပြေရန်အတွက် ပြေလည်အောင် ညှိနှိုင်းသွားမည်ဟု သိရသည်။
နမ့်စန်မြို့တွင် အခြေစိုက်သည့် ပြည်သူ့စစ်များမှာ နားပွဲ ဌာနေ ပြည်သူ့စစ်၊ ပအိုဝ့် အမျိုးသား အဖွဲ့ချုပ် (PNO) ဌာနေ ပြည်သူ့စစ်၊ နားရိုင်း (SSS) ဌာနေ ပြည်သူ့စစ်နှင့် မတ်ကျန်းဌာနေ ပြည်သူ့စစ်တို့ ဖြစ်ကြောင်း သိရသည်။
နမ့်စန်မြို့ ရဲစခန်းမှ တာဝန်ကျ အရာရှိက “ကျနော်တို့ မနေ့က ည ၁၂ နာရီ ဝန်းကျင်လောက်မှာ ဖမ်းမိပါတယ်။ NLD အဖွဲ့ကနေပြီး ဒီကိစ္စကို တရားရုံး ဦးတိုက် လျှောက်ထားပါတယ်။ သူတို့ကို ဒီနေ့ မနက် ၁၁ နာရီလောက် ကျနော်တို့ တရားရုံး ပို့ထားပါတယ်” ဟု ပြောသည်။
ယခုဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲ စည်းရုံးရေးဆင်းသည့် အချိန်တွင် အန္တရာယ်များနိုင်သဖြင့် စည်းရုံးရေး ဆင်းသည့်အခါ တဦးတည်း မသွားရောက်ဘဲ အဖွဲ့လိုက် လှုပ်ရှားရမည် ဖြစ်ကြောင်း တောင်ကြီး NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။
ဦးတင်မောင်တိုးက “ကျနော်က ဒီလိုအခြေအနေတွေ ဖြစ်လာမယ်လို့ ထင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး ပါတီတချို့က လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်မှာ ရှိနေတယ်လေ။ သူတို့ကို ငွေကြေး ထောက်ပံ့ ထားတာတွေလည်း ရှိတယ်။ သူတို့နဲ့ ပေါင်းပြီး စီးပွားရေး လုပ်တာတွေလည်း ရှိတယ်။ ကျနော်တို့ ကတော့ ဖြစ်လာတာနဲ့ ပြည်သူတွေ သိအောင် တင်ပြသွားမယ်။ ကိုယ့်ဘက်ကလည်း အန္တရာယ် အနည်း ဆုံးဖြစ်အောင် လုပ်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
NLD ပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး နေရာအပြည့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည့် ပါတီတခု ဖြစ်သည်။