သစ်ခိုးခုတ်သည့် တရုတ်နိုင်ငံသား ၁၅၀ ကျော်ကို တသက်တကျွန်း ချ
This article has been converted from Zawgyi One to Unicode
သစ်ခိုးထုတ်မှုဖြင့် တရားစွဲဆိုခံရသည့် တရုတ်နိုင်ငံသား ၁၅၃ ဦးကို ယနေ့ မြစ်ကြီးနား ခရိုင်တရားရုံတွင် တသက်တကျွန်း ချလိုက်ကြောင်း မြစ်ကြီးနားမြို့မှ အထက်တန်းရှေ့နေ ဦးခင်မောင်က ဧရာဝတီသို့ပြောသည်။ သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား တရားခံ စုစုပေါင်း ၁၅၅ ဦးကို ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သည့်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ၃ အရ ၁၅၃ ဦးကို ထောင်ဒဏ် တသက်တကျွန်း ချခဲ့ပြီး ကျန် ၂ ဦးမှာ အသက်မပြည့်သေးသည့်အတွက် ကလေးသူငယ်ကျောင်းတွင် ထောင်ဒဏ် ၁၀ နှစ်စီ ချလိုက်ကြောင်း အထက်တန်းရှေ့နေ ဦးခင်မောင်က ဆိုသည်။ “ဆဒုံးဘက်က ဖမ်းဆီးရတဲ့ အမှုပါ။ သစ်တော အလုံးတွေက ၇၈၅ လောက်ရှိတယ်။ တရုတ်နိုင်ငံသားတွေပါပဲ” ဟု ၎င်းက ဆိုသည်။ ယင်း တရုတ်နိုင်ငံသား ၁၅၅ ဦးကို ယခုနှစ် ဇန်နဝါရီလတွင် စတင်ဖမ်းဆီးမိကြောင်း၊ ၎င်းတို့ကို သစ်တန်ချိန် ၄၅၀၀ ကျော်နှင့်အတူ ဝိုင်းမော်မြို့နယ် ဝါရှောင် မန်ဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်နှင့် ဆဒုံး သစ်လုပ်ကွက်တို့တွင် ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သိရသည်။