ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး) က တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်ရှိ အများပြည်သူပိုင် ပန်း ခြံ ကို သိမ်းဆည်းခဲ့မှုနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် ဒေသခံ ၄ ဦးတို့ကို ခွင့်ပြုချက် မရှိသော နေရာတွင် ဆန္ဒပြ မှုပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ရာ ယနေ့ တောင်ဥက္ကလာတရားရုံးက ငွေဒဏ် တသောင်း(သို့မဟုတ်)ထောင်ဒဏ် ၂၁ ရက်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
တောင်ဥက္ကလာပန်းခြံ ပြန်လည်ရရှိရေး ဆန္ဒပြရာတွင် သက်ဆိုင်ရာထံသို့ ဆန္ဒပြခွင့် တရားဝင်လျှောက်ထားခဲ့သော်လည်း ခွင့်ပြုသည့်နေရာသည် လူမသိ သူမသိ နေရာဖြစ်နေသည့်အတွက် ယင်းနေရာတွင် မထုတ်ဖော်ဘဲ တောင်ဥက္ကလာမြို့နယ် တွင်ပင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း၊ ယင်းသို့ ခွင့်ပြုချက်မရှိသည့်နေရာတွင် ဆန္ဒထုတ်ဖော်မှုအတွက် ရဲစခန်းက ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သော်လည်း လူအများရှိသည့်နေရာတွင် ငြိမ်းချမ်းစွာပြုလုပ်ခဲ့ခြင်းအပေါ် အပြစ်ရှိသည်ဟု မခံယူ ကြောင်းနှင့်ခုခံချေပခွင့် မရှိခဲ့ကြောင်း၊ အမိန့်ချမှတ်မှု ကိုလည်း ငွေဒဏ်ပေးဆောင်မည်မဟုတ်ကြောင်း၊ သို့ရာတွင် ပြည်သူတဦးက ဦးကိုကိုကြီးနှင့် ဒေသခံ ၄ ဦးကိုယ်စား ငွေဒဏ်ပေးဆောင်သွားကြောင်း ဦးကိုကိုကြီးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေ သည့် ဦးကိုကိုကြီး အနေဖြင့် ငွေဒဏ်ပေးဆောင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ကိုယ်စား ငွေဒဏ်ပေး ဆောင်မှုကို ငြင်းဆန်မှုမရှိသည့်အတွက် အမှုမှာ ပြီးပြတ်သွားပြီဖြစ်သည်။
ဦးကိုကိုကြီးအပါအဝင် ၅ဦးကိုယ်စား ငွေဒဏ်ပေးဆောင်သွားသူမှာ ကိုကျော်စွာ ဆိုသူဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးအောင်က ဧရာဝတီသို့ပြောသည်။
ဦးကိုကိုကြီးတို့၏ ရှေ့နေဖြစ်သူ ဦးရောဘတ်ဆန်းအောင်က“ကိုကိုကြီး ကိုလွှတ်တော်ထဲရောက်စေချင်လို့ ငွေဒဏ် ဆောင် ပေးတာပါလို့ပြောတယ်။သူဘယ်သူဆိုတာတော့ ကျနော် မမှတ်မိဘူး”ဟု ငွေဒဏ်ကိုယ်စားပေး ဆောင်သူနှင့်ပတ်သက်၍ ရှင်းပြသည်။
၂၀၁၅ ရွေးကောက်ပွဲနီးလာချိန်တွင် ပညာရှင်များနှင့်ပြည်သူလူထု ချစ်ခင်သည့်သူများက NLD ပါတီသို့ ပူးပေါင်းလာ ချိန် တွင် ယခုကိစ္စ မှာ အချိန်ကိုက်လုပ်ဆောင်ခြင်းသာဖြစ်ပြီး ထိုသို့ခြိမ်းခြောက်မှုအတွက် ၎င်းတို့အနေဖြင့် နောက်ဆုတ် သွားမည်မဟုတ်ဘဲ သတိကြီးကြီးထားကာ ယုံကြည်ချက်အတိုင်းဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။
တောင်ဥက္ကလာပမြို့မရဲစခန်းက ဦးကိုကိုကြီးနှင့် ဒေသခံ ၄ ဦးကို ပုဒ်မ-၁၉ဖြင့် မြို့နယ်တရားရုံးသို့ ရုံးတင်တရားစွဲဆို ရာတွင် တရားရုံးမှ မေးမြန်းမှုအနည်းငယ်သာပြုလုပ်ကာ ချက်ချင်းအမိန့်ချခဲ့ခြင်းဖြစ်ပြီး ယင်းသို့လုပ်ရပ်အပေါ်နားမ လည်နိုင်ကြောင်းနှင့် ကြိုတင်ပြင်ဆင်ထားသည့်အမိန့်စာကို ဖတ်ပြခဲ့ခြင်းသာဖြစ်ကြောင်း ဦးရောဘတ်ဆန်းအောင် ကပြောသည်။