စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ရေများ ပြန်လည်ကျဆင်းနေပြီ ဖြစ်သော်လည်း ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်သူများ မူလနေရပ်သို့ မပြန်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။
“ရေကတော့ ကျလာပြီ။ ဒါပေမယ့် ကယ်ဆယ်ရေး စခန်းကလူတွေ ကိုယ့်နေရပ် ပြန်နိုင်တဲ့ အဆင့်တော့ မဟုတ်သေးဘူး။ ပထမ အိမ်ခေါင်မိုး နစ်နေတဲ့ ရွာတွေက တဝက်ပေါ်လာပြီ”ဟု ဒေသခံ တဦးဖြစ်သည့် ကိုအောင်မျိုးဝေက ဧရာဝတီကို ပြောပြသည်။
ကောလင်းမြို့နယ်တွင် ဇူလိုင်လ ၂၀ ရက် ညနေပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း ၂၁ ရက်မှ စတင်ပြီး မိုးရွာသွန်းမှု လျော့နည်းစ ပြုလာပြီဖြစ်ကြောင်း ကောလင်းဒေသအတွင်း ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေ သည့် ကောလင်းမြို့နယ် ထေရဝါဒ လူငယ်များအသင်းမှလည်း ဖြစ်သော ကိုအောင်မျိုးဝေက ပြောသည်။
လက်ရှိတွင် ကောလင်းမြို့နယ် အတွင်းရှိ ပရဟိတ အဖွဲ့များအားလုံး ပူးပေါင်းပြီး ကောလင်းမြို့နယ် ရေဘေးကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး ကော်မတီ ကို ဖွဲ့စည်းခဲ့ပြီး အစိုးရ အာဏာပိုင်များ၊ ဒေသခံ ပရဟိတ အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းပြီး လက်လှမ်းမမီခဲ့သည့် နေရာများအထိ သွားရောက်၍ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများကို အရေးပေါ် ဆောင်ရွက်သွားမည်ဟုလည်း ကိုအောင်မျိုးဝေက ဆက်ပြောသည်။
ဇူလိုင်လ ၂၀ ရက်နေ့မှစပြီး သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဝန်ကြီးချုပ်များ ပါဝင်သည့် အဖွဲ့သည် စစ်ကိုင်းတိုင်း အတွင်းရှိ ကောလင်းမြို့နယ် အပါအဝင် ရေဘေးသင့် ဒေသများသို့ သွားရောက်ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်းလည်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။
လက်ရှိ အခြေအနေများအရ ဒေသအတွင်း ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေများ မရှိသေးသော်လည်း သတိ ထားရန် လိုအပ်ကြောင်းနှင့် သောက်သုံးရေနှင့် အစားအသောက် လိုအပ်ချက်များ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။
ကောလင်းမြို့သည် ရေကြီးလေ့ရှိသည့် ဒေသမဟုတ်သည့်အတွက် ယခုကဲ့သို့ အရေးပေါ် အခြေအနေများ ဖြစ်ပေါ်သည့်အခါ အသုံးပြုရန်လှေများ အခက်အခဲ ရှိကြောင်းနှင့် ရေပြန်ကျသွားပါက စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် အဆင်မပြေ ဖြစ်နေသည်ကို တွေ့ရကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ လိုက်ပါဆောင်ရွက် ပေးနေသည့် ကိုသက်လွင်ဌေးက ပြောသည်။
သမ္မတ ဦးသိန်းစိန်က ကောလင်းဒေသအတွင်းရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီပေးနိုင်ရန်အတွက် လယ်ယာမြေနှင့် စိုက်ခင်းပျက်စီးမှု စာရင်းများကို တိတိကျကျ ကောက်ယူရန်နှင့် ထောက်ပံ့ရေး လုပ်ငန်းများကို အရေးပေါ်လုပ်ဆောင်ရန် ညွှန်ကြား ထားကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန (စစ်ကိုင်းတိုင်း)မှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန်က ဧရာဝတီ ကို ပြောပြသည်။
“ပြန်လည်ထူထောင်ရေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးပေါ့၊ လမ်းတွေ တံတားတွေ၊ ပြိုပျက်သွားတဲ့ လူနေအိမ်တွေလည်း ကျနော်တို့ ဌာနက အိမ်ဆောက်ပစ္စည်းဝယ်ဖို့ ထောက်ပံ့ရမယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လမ်းတံတားတွေကတော့ သက်ဆိုင်ရာ ဝန်ကြီး ဌာန တွေနဲ့ နိုင်ငံတော် သမ္မတက အမြန်ဆုံး ပြန်လုပ်ပေးမယ်ပေါ့။ စိုက်ပျိုးရေး မွေးမြူရေး ကိစ္စတွေမှာ ပျက်စီးသွားတာတွေအတွက် ပြန် လည် လုပ်ပေးမယ်လို့ ပြည်သူလူထုနဲ့ တွေ့ဆုံတုန်းက ပြောသွားပါတယ်။ ထောက်ပံ့မှုတွေ လုပ်ပေးမယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်”ဟုလည်း ဦးစဝီလီဖရန်က ပြောဆိုသည်။
ကောလင်းမြို့နယ် အတွင်းရှိ ရေဘေးသင့်သူများအတွက် နိုင်ငံတဝန်းရှိ ပရဟိတ အဖွဲ့အစည်းများက ငွေသားအပြင် အစား အသောက်၊ အသုံးအဆောင်နှင့် ကျန်းမာရေး ပစ္စည်းများကို လှူဒါန်းပေးနေကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကိုင်းတိုင်းတွင် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ်အတွင်း မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် ရေဘေးကြောင့် အသက်ဆုံးရှုံးသူ ၆ ဦး ရှိခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန (စစ်ကိုင်းတိုင်း) ၏ ဇူလိုင်လ ၂၁ ရက် အထိ ရရှိထားသော စာရင်းများအရ သိရှိရသည်။