၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဘဏ္ဍာငွေ ကျပ်သန်း ၄၇၀၀ ကျော် ကုန်ကျမည့် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို ဆိုင်းငံ့ထားရန် ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်တခုဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(ဃ)တွင် မူလပြဋ္ဌာန်းချက်ဖြစ် သည့် “စစ်ရေးအမြင်”နေရာတွင် “ကာကွယ်ရေးအမြင်”ဟူ၍ အစားထိုးပြင်ဆင်မှုကို အတည်ပြုနိုင်ရန် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရမည် ဖြစ်သဖြင့် ယင်းဆန္ဒခံယူပွဲကို ခေတ္တဆိုင်းငံ့ထားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်သို့ ဇူလိုင်လ ၁၆ ရက်တွင် အကြောင်းကြားခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“၂၀၁၅ ရွေးကောက်ပွဲက သာမန် ရွေးကောက်ပွဲနဲ့ မတူဘူး။ ပထမဦးဆုံးအကြိမ် လွတ်လပ်သော လွှတ်တော်တရပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် ကျန်တဲ့ဟာတွေနဲ့ မရောထွေးစေချင်ဘူး။ သီးသီး သန့်သန့် လုပ်ချင်တယ်။ အဲဒါကြောင့် ဦးတင်အေး တင်ပြတဲ့အချက်ကို ထောက်ခံသူ အများစုဖြစ်ပြီး ကန့်ကွက် ၂ ဦး ၃ ဦးပဲ တွေ့ပါတယ်။ မလုပ်တော့ဘူး။ အထွေထွေ ရွေးကောက်ပွဲနဲ့ မရောတော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ရမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(ဃ) ပြင်ဆင် ပြဋ္ဌာန်းချက်သည် ပြည်ထောင်စု အစိုးရ အဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို လည်းကောင်း၊ လွှတ်တော်အသီးသီး၏ လုပ်ငန်း ဆောင်ရွက်ချက်များကို လည်းကောင်း၊ နိုင်ငံတော်၏ လုံခြုံရေးရာကိစ္စရပ်များတွင် လည်းကောင်း ယခုလောလောဆယ် ကာလအတွင်း ပြောင်းလဲမှု၊ အကျိုးသက်ရောက်မှု များစွာ မရှိနိုင်ဟု ကော်မရှင်က လွှတ်တော်သို့ တင်ပြခဲ့သည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ရွေးကောက်ပွဲနှင့်အတူ ပူးတွဲကျင်းပခြင်းဖြင့် အချိန်၊ လုပ်အားနှင့် ဘဏ္ဍာငွေ ကုန်ကျမှုများ သက်သာ မှု ရှိစေနိုင်သော်လည်း သီးခြားဆောင်ရွက်ရမည့်ကိစ္စဖြစ်ပြီး လိုအပ်သည့် အထောက်အကူပြုပစ္စည်းအတွက် နိုင်ငံတော် ဘဏ္ဍာငွေ ကျပ် ၄၇၂၉ ဒသမ ၀၄၃ သန်း အနည်းဆုံး လိုအပ်ကြောင်း ကော်မရှင်၏ စာတွင် ဖော်ပြထားသည်။