တိုင်းရင်းသားဒေသများသို့ တပ်မတော်မှ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် တိုင်းရင်းသားများ၏ အဆင့်မြင့်ညှိနှိုင်းရေး အဖွဲ့ (EAOs’ Senior Delegation)က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC)ထံသို့ တောင်းဆိုလိုက်ကြောင်း သိရသည်။
ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဋ္ဌာန (MPC)တွင် ယမန်နေ့တွင် ကျင်းပသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA) ၈ ကြိမ်မြောက် ဆွေးနွေးပွဲတွင် အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့(SD) ခေါင်းဆောင်များက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
SD အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ လဂျာက “ပြည်တွင်း ဒေသတချို့၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် တို့မှာ စိတ်မကောင်းဖွယ်ရာ တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေမှုကြောင့် လူထုက တုန်လှုပ် ချောက်ချားနေရတယ်၊ ဒဏ်ရာရသူရ အငတ်ငတ် အပြတ်ပြတ် ဖျားနာပြီး သေကြေနေကြတဲ့ အနိဌာရုံကို နိုင်ငံတော်၊ တပ်မတော်က သဘောထားကြီးတာကို ချပြပေးပါ”ဟု ပြောသည်။
လက်ရှိအစိုးရနှင့် ဆွေးနွေးနေဆဲဖြစ်သည့် NCA ကို ချုပ်ဆိုနိုင်ရန် ယုံကြည်မှုရယူနိုင်ရေး အထောက်အကူဖြစ်စေရန် စစ်ရေး လျှော့ချမှုကို မဖြစ်မနေ အကောင်အထည် ဖော်ပေးရန်လည်း ကချင် လွတ်လပ်ရေး အဖွဲ့(KIO)မှ ဒေါက်တာ လဂျာက ပြောဆိုသည်။
အခြား SD အဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ပဒိုနော်ဇီဖိုးရာစိန်ကလည်း အစိုးရအဖွဲ့ အနေဖြင့် ကျန်ရှိနေသည့် သက်တမ်းအတွင်း NCA ကို အပြီးသတ် ချုပ်ဆိုလိုပါက စစ်ရေးအရှိန်များ လျှော့ချပေးရန်နှင့် တိုင်းရင်းသားများအတွက် နိုင်ငံရေး အာမခံချက်များ ပေးရမည်ဟု ဧရာဝတီသို့ ပြောသည်။
ကရင် အမျိုးသား အစည်းအရုံး(KNU) ဒု ဥက္ကဋ္ဌ ပဒိုနော်ဇီဖိုးရာစိန်က“ဒီကနေ့ ကျမတို့ ဆွေးနွေးပွဲကို ရောက်ရှိနေတဲ့ အချိန်မှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။ ဒီအတွက် ကျမအနေနဲ့ အများကြီး စိုးရိမ်ပူပန်မိတယ်၊၊ တိုက်ပွဲများ ဆက်လက် မဖြစ်ပွားနိုင်ဖို့အတွက် အလေးထားပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်”ဟုလည်း ပြောဆိုသည်။
ယမန်နေ့တွင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တပ်မတော် ကိုယ်စားလှယ်များက ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်နှင့် ကရင်ပြည်နယ် တို့မှ တိုက်ပွဲများနှင့် ပတ်သက်၍ မှတ်ချက်ပေး တစုံတရာပြောဆိုခြင်း မရှိခဲ့ပါ။
အစည်းအဝေးသို့ တက်ရောက်လာသည့် ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက“ဒီအစည်းအဝေးကနေ နှစ်ဖက်လုံးက ကြိုးပမ်းပြီး NCA ကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ချက် ထားပါတယ်”ဟု မီဒီယာများသို့ ပြောသည်။
၈ ကြိမ်မြောက် NCA ဆွေးနွေးပွဲသို့ အစိုးရဘက်မှ UPWC ခေါင်းဆောင် ဦးအောင်မင်း၊ တပ်မတော် ကိုယ်စားလှယ်များအဖြစ် ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းသားများဘက်မှ SD ခေါင်းဆောင်များ ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး(KNU) ဒုဥက္ကဌ ပဒိုနော်ဇီဖိုးရာစိန်၊ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) အတွင်းရေးမှူး ဒေါက်တာ လဂျာတို့ အပါအဝင် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များလည်း တက်ရောက်ကြသည်။
ဆွေးနွေးပွဲသို့ လေ့လာသူများအဖြစ် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA) နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန်(NSCN-K)တို့မှ ကိုယ်စားလှယ်များက လေ့လာသူများအဖြစ် တက်ရောက်ကြသည်။
၈ကြိမ်မြောက် NCA ဆွေးနွေးပွဲကို ဇူလိုင်လ ၂၂ ရက်မှ ၂၃ ရက်ထိ ပြုလုပ်ရန် လျာထားပြီး NCA မူကြမ်းပါ အချက်များ ဆက်လက် ညှိနှိုင်းရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး NCA လက်မှတ်ထိုးရာတွင် ပါဝင်ရေး ၊ NCA ချုပ်ဆိုရာတွင် ပါဝင်မည့်သူများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အသိသက်သေများ သတ်မှတ်ရေးတို့ကို ဆွေးနွေးသွားမည်ဟု သိရသည်။