ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ တောင်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ အသက် ၇၅ နှစ်အရွယ် ဦးအောင်သောင်းသည် စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားပြီဖြစ်သည်။
ဇူလိုင်လ ၈ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က နေပြည်တော် ကုတင် ၁၀၀၀ အစိုးရ ဆေးရုံကြီးတွင် သွေးပေါင်ချိန်မြင့် တက်၍ ဦးနှောက်သွေးကြောပေါက် သွေး ယိုစီးမှုကြောင့် အရေးပေါ်ဆေးကုသမှုခံယူခဲ့ပြီးနောက် ဇူလိုင်လ ၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်က စင်္ကာပူနိုင်ငံသို့ လေယာဉ်ဖြင့် သွားရောက် ဆေးကုသမှုခံယူခဲ့ကြောင်း၊ စင်ကာပူနိုင်ငံတွင် ဆေးကုသ မှုခံယူပြီး ၁၄ ရက်အကြာ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။
ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တောင်သာမြို့နယ်တွင် မွေးဖွားခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ B.A ဘွဲ့ရရှိခဲ့သည်။ မကွေးတိုင်းမြို့သစ်မြို့ အစိုးရအထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၄ ခုနှစ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၃၁ တက်ရောက်ခဲ့ပြီး တပ်မတော်တွင် ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး အဖြစ်လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ မှစ၍ ၂၀၁၀ ခုနှစ်အထိ စက်မှု (၁) ဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲကာလ နေပြည်တော်ကောင်စီ၊ တောင်သာမြို့နယ် မဲဆန္ဒနယ်၊ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် တောင်သာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ဟူ၍ ဖြစ်လာသည်။ ပြည်သူ့လွှတ်တော်ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေရင်း ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဦးအောင်သောင်းသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရုံးတဆူအဖြစ် ယုံကြည်ကိုးစားခံခဲ့ရသူ ဖြစ်ပြီး သဘောထားတင်းမာသူအဖြစ် ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းက သတ်မှတ်ကြသည်။ ဦးအောင်သောင်း သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စတင် တည်ထောင်ချိန်မှစတင်၍ ဗဟိုအလုပ်အမှုဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် တွဲဘက် အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ သူသည် စစ်အစိုးရခေတ် နာမည်ဆိုးနှင့် ကျော်ကြားသော စွမ်းအားရှင် အဖွဲ့ကို ကြီးကြပ် ကွပ်ကဲရသူ အဖြစ် သတ်မှတ်ခံရသူဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ၁၉၉၆ ခုနှစ် ရန်ကုန်တွင် တိုက်ခိုက်ခံရမှု ၊၂၀၀၃ ခုနှစ် ၊ မေလ ၃၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲဃင်းမြို့နယ်အတွင်း စည်းရုံးရေးခရီးသွားရောက်စဉ် တိုက်ခိုက် ခံရမှုတွင် ဦးအောင်သောင်းသည် အဓိက လက်သည်အဖြစ် ပါဝင်သည်ဟု သတ်မှတ်ခံရသူဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများတွင် အဓိက ပါဝင်သူအဖြစ် သတ်မှတ် ခံထားရပြီး ဘာသာရေး ဦးဆောင်လှုပ်ရှားသူ ဆရာတော် ဦးဝီရသူ၏ ဒကာတဦးအဖြစ် ထင်ရှားသည်။
ဦးအောင်သောင်းတွင် သားသမီး ၄ ဦးရှိပြီး တပ်မတော်ရေတွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးချုပ်မိုးအောင်၊ ဦးနေအောင်၊ ဦးပြည်အောင်၊ ဒေါ်ခင်ငုရည်ဖြိုး တို့ဖြစ်သည်။ ဦးအောင်သောင်းနှင့်သားသမီးများသည် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးဟု သတ်မှတ်ခံထားရပြီး IGE ကုမ္ပဏီထူထောင်၍ သစ်လုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ယူနိုက်တက် အမရာဘဏ် ၊ ဟိုတယ် ခရီးလုပ်ငန်းများ လုပ်ကိုင်ကြောင်း သိရှိရသည်။
၂၀၁၄ အောက်တိုဘာ ၃၁ ရက်က ဦးအောင်သောင်းကို အမေရိကန် ဘဏ္ဍာဝန်ကြီးဌာန တသီးပုဂ္ဂလ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာ Office of Foreign Assets Control –OFAC ရုံးက နာမည်ပျက်စာရင်း ထည့်သွင်းလိုက်သည်။
ဦးအောင်သောင်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံရသည့်အပေါ် ကန့်ကွက်သည်ဟုဆိုကာ သူ့ဇာတိ တောင်သာမြို့တွင် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သေးသည်။ ဆန္ဒပြသူမျာဒကို ဒံပေါက်ဝေရာမှာ ဒံပေါက်လုရာက ကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်မျာ ပစ်ချနင်းခြေခံရသည့်အတွက် နှစ်မကုန်ခင်မှာ ဦးအောင်သောင်းကို လူအများက “ဒံပေါက် အောင်သောင်း”ဆိုပြီး ဝေဖန်ခဲ့တာကြောင့်၂၀၁၄ ခုနှစ်ရဲ့ သတင်းလူသား တဦးဖြစ်ခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တောင်သာမြို့နယ်တွင် ပြုလုပ်သည့် အခမ်းအနားတခုတွင် ကျောင်းသူတဦးအား ယပ်ခတ် ခိုင်းသည့် ဦးအောင်သောင်း၏ ဓာတ်ပုံများ လူမှုကွန်ယက်မီဒီယာများထက်တွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများစွာ ကြုံတွေ့ ခဲ့ရသေးသည်။
ပြည်သူ့ လွှတ်တော်တွင် ဦးအောင်သောင်းက “မြန်မာပြည် အလယ်ပိုင်း၊ အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိ ဝေဒနာများ စွာ ခံစားနေရမှုကို အထူးအစီအစဉ်ဖြင့် ကုသပေးရန်”အဆို တခု တင်သွင်းခဲ့ပြီး ယင်းအဆိုသည် လွှတ်တော်ကိုယ်စား လှယ်အဖြစ် တာဝန်ထမ်းဆောင်ချိန်မှစ၍ ကွယ်လွန်အချိန်အထိ တင်သွင်းခဲ့သော အဆို တခု အဖြစ် မှတ်တမ်း တင်ကျန်ရစ်ခဲ့သည်။
နေပြည်တော်တွင် လွှတ်တော်တက်ရောက်ရင်း အိမ်အမှတ် ၁၀၉၉ ဗုဗ္ဗသီရိမြို့နယ်၊ ဥတ္တရ(တောင်)ရပ်ကွက်တွင် ကွယ်လွန်အချိန်အထိ နေထိုင်သွားခဲ့သည်။
ဦးအောင်သောင်းကို မီးသဂြိုလ်၍ သူ၏ မွေးရပ်မြေ တောင်သာမြို့သို့ အရိုးပြာ ပြန်လည်သယ်ဆောင်မည်ဖြစ်ကြောင်း ဦးအောင်သောင်း၏ မိသားစု အသိုင်းအဝိုင်းကပြောဆိုသည်။