ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံကြား ၁၄ ရက်ကြာ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) ကို ဇူလိုင်လ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရှိ ရသည်။
နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် လက်မှတ်ရေးထိုးပြီးပါက လုပ်ထုံးလုပ်နည်းများအရ ခရီးသွားလာမှုများအတွက် ဗီဇာကင်း လွတ်ခွင့် သည် လက်မှတ်ရေးထိုးပြီး ၁ လအကြာတွင် အသက်ဝင်မည် ဖြစ်ကြောင်း၊ အသက်ဝင်ပြီးနောက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက လေကြောင်းလိုင်းများကို တရားဝင် အကြောင်းကြားပေးခြင်း အသေးစိတ် သတင်းထုတ်ပြန် ခြင်းများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေလွင်သန်းက ဧရာဝတီကို ပြောသည်။
“အသက်ဝင်လာပြီးတဲ့ နောက်ပိုင်းမှာ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေကို အကြောင်းကြားတာက ဝန်ကြီးဌာနတွေရဲ့ တာဝန် ပေါ့။ ကျနော်တို့ နိုင်ငံခြားရေးရုံးမှာ တာဝန်ရှိပါတယ်။ လေကြောင်းလိုင်းတွေကို အကြောင်းကြားပေးမယ်။ နောက် ပြီး သတင်းထုတ်ပြန်တာတွေ လုပ်ပေးပါ့မယ်” ဟု ဦးဝေလွင်သန်းက ပြောသည်။
ထိုင်းနှင့်မြန်မာနိုင်ငံရှိ နိုင်ငံတကာလေဆိပ်များ ဖြစ်သော ထိုင်းနိုင်ငံရှိ လေဆိပ် ၂၃ ခုနှင့် မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှ ဝင်ရောက်သည့် ခရီးသွားများအတွက် အပြန်အလှန် တိုးရစ် ဗီဇာကင်း လွတ်ခွင့် ရရှိနိုင်မည်ဖြစ်ပြီး နယ်စပ်ဂိတ်များအတွက်မူ အကျိုးမဝင်သေးကြောင်း ဦးဝေလွင်သန်းက အတည်ပြုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံနှင့် MOU လက်မှတ်ရေးထိုးပြီးပါက မြန်မာနိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံအနက် စင်ကာပူနှင့် မလေး ရှား နိုင်ငံတို့မှ လွဲ၍ကျန်နိုင်ငံများသို့ အလားတူ ဗီဇာကင်းလွတ်ခွင့် ရရှိပြီး ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့နှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ရရှိရန် အတွက်လည်း ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရှိရသည်။
နှစ်နိုင်ငံကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် အတည်ပြုလိုက်ခြင်းကို မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းများက ကြိုဆိုကြပြီး ခရီးသွားလုပ်ငန်း ယခင်ကထက် သိသိသာသာ မြန်ဆန်တိုးတက်လာလိမ့်မည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ တွဲဘက်အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
“ခရီးသွား ကုမ္ပဏီတွေ အတွက်က အလုပ်တွေ ပိုများလာမှာပါ။ သိသိသာသာကို ဧည့်သည်ဝင်ရောက်မှုက များလာ လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုတောင် ထိုင်းဧည့်သည်က အများဆုံး ဖြစ်နေတာလေ” ဟု ဦးတင်ထွန်းအောင်က ပြောသည်။
ထိုင်း၊ မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကို ဇူလိုင်လ ၂၂ ရက်နေ့က ထိုင်းအစိုးရက အတည်ပြုခဲ့ ခြင်းဖြစ်ပြီး ထိုင်း ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး တန်နာဆက် ပါတီမခွန်က မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် MOU လက်မှတ်ထိုးရန် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။