ဗြိတိန်နိုင်ငံ အခြေစိုက် BBC သတင်းဋ္ဌာနက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်တွင် မကြာခင်ရက်ပိုင်းက သွားရောက် တွေ့ဆုံ၍ လာမည့် အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သဘောထားတချို့ကို မေးမြန်းခဲ့ပါသည်။
ယင်းမေးမြန်းချက်များထဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်ပြီး မည်သည့်ပါတီ အနိုင်ရရ ၎င်း အနေနှင့် လက်ခံမည် ဖြစ်ကြောင်း၊ နိုင်ငံရေးတွင်လည်း တပ်မတော်အနေနှင့် တိုင်းရင်းသားလက်နက်ကိုင် အားလုံးနှင့် ငြိမ်းချမ်းရေး မရရှိသရွေ့ ပါဝင်နေဦးမည် ဖြစ်ကြောင်း၊ တောင်းဆိုချက်များ ရှိပါက သမ္မတ ရာထူးကိုလည်း စဉ်းစားမည်ဖြစ်ကြောင်း ပြောကြား ချက်များအပေါ် နယ်ပယ်အသီးသီးရှိ လူတချို့၏ အမြင်များအား ဧရာဝတီ သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
ဒေါက်တာ ရန်မျိုးသိမ်း
နိုင်ငံရေး လေ့လာ သုံးသပ်သူ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ BBC အင်တာဗျူးမှာ ပြောကြားချက်တွေကိုကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်အရာရှိကြီးကနေ အငြိမ်းစားယူပြီးတော့ ရွေးကောက်ပွဲ ဝင်ဖို့ အလားအလာ မရှိဘူးလို့ မြင်တယ်။ လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲ ကာလဟာ မြန်မာပြည်နိုင်ငံရေးမှာ ထိလွယ်ရှလွယ်တဲ့ကာလမှာ တပ်မတော်မှာ အကြီးဆုံးဖြစ်တဲ့ ရာထူးကို အလွှဲအပြောင်း ပြုလုပ်နိုင်မယ့်သူ မရှိဘူးလို့ ကျနော်မြင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးမှ တနှစ်တန်သည်၊ ၂ နှစ်တန်သည် ဆိုမှ နိုင်ငံ ရေးကလည်း တည်တည်ငြိမ်ငြိမ် ဖြစ်ပြီး အခက်အခဲမရှိတဲ့ ကာလရောက်ပြီဆိုမှ ရာထူးအလွှဲအပြောင်းမျိုး ဖြစ်လာနိုင်တယ်လို့ မြင် တယ်။
နောက်တချက်က တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုံးဝရတဲ့အချိန်ကျမှ နိုင်ငံရေးထဲကနေ ထွက်ခွာမယ်လို့ ပြောကြားချက်ဟာ ကြောင်းကျိုးဆီလျော်မှု အားနည်းတယ်လို့ မြင်တယ်။ တပ်မတော်ဟာ နိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေး၊ အုပ်ချုပ်ရေး အစိုးရနိုင်ငံရေးကနေ ထွက်ခွာဖို့ ကိစ္စနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စဟာ တိုက်ရိုက် ဆက်စပ်တယ်လို့ မယူဆဘူး။ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖော်ဆောင်တဲ့ အခါမှာ တပ်မတော်ဟာလည်း အဓိကအစိတ်အပိုင်းအနေနဲ့ ပါဝင်ပြီး ဖြစ်တာကို တွေ့ရတယ်။ အဲဒီအခါကျတော့ ငြိမ်းချမ်းရေး မရတာကို အကြောင်းပြုပြီးတော့ တပ်မတော်ဟာ လွှတ်တော်နိုင်ငံရေး က ရော၊ အစိုးရနိုင်ငံရေးကရော ထွက်ခွာပေးဖို့၊ ဆုတ်ခွာပေးဖို့ ခက်ခဲတယ်လို့ ပြောတာဟာ ယေဘုယျအားဖြင့် ကြောင်းကျိုးဆီလျော်မှု မရှိဘူး။ တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ် နောက်ပြီး ပြင်ပရန်တွေကို ကာကွယ်ဖို့ ဖြစ်တယ်။ အဲဒီအခါကျတော့ လွှတ်တော်နိုင်ငံရေးမှာ၊ အစိုးရနိုင်ငံရေးမှာ တပ်မတော်အနေနဲ့ ပါဝင် ပတ် သက်ဖို့ ခိုင်လုံတဲ့အကြောင်းပြချက် မရှိဘူး။ တကယ်တမ်းက တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ခြင်းမရှိဘဲနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ပါဝင် တာက ပိုပြီး လျော်ကန်သင့်မြတ်တယ်လို့ မြင်တယ်။
ဦးအေးသာအောင်
ရခိုင်အမျိုးသား ပါတီ CEC
တိုင်းပြည်တခုမှာ ပြည်တွင်းစစ်ရှိနေရင် တပ်မတော်ဟာ ပြည်တွင်းစစ်အန္တရာယ်ကို ခုခံကာကွယ်ရမယ့် တာဝန်၊ တိုက်ခိုက်လို့ ဖြေရှင်း တာပဲ ဖြစ်ဖြစ်၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာပဲ ဖြစ်ဖြစ် အပေးအယူလုပ်ပြီး ဖြေရှင်းတာပဲ ဖြစ်ဖြစ် ဘယ်လိုပုံစံနဲ့မဆို ဖြေရှင်းမယ် ဆိုရင် သူတို့ရဲ့ တာဝန်ပါ။ တိုင်းပြည်မှာ ပြည်တွင်းစစ်ရှိနေလို့ တပ်မတော်က နိုင်ငံရေးမှာ ဝင်ပြီးနေရာယူနေတယ်ဆိုတာကိုက မမှန် ဘူး။ တိုင်းပြည်ရဲ့ တာဝန်ကို နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမား ၊ ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတဲ့ အစိုးရကပဲ တာဝန်ယူရမယ်။ ဥပဒေပြုရမယ့် တာဝန်ကို လွှတ်တော်မှာပဲ ကိုယ်စားလှယ်များက ဥပဒေပြုရမယ်။ ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များက တာဝန်ပေးလိုက်တဲ့ အစိုးရကနေ အုပ်ချုပ်ရေး တာဝန်ယူရမယ်။ တရားစီရင်ရေး တာဝန်ကို လည်း တရားစီရင်ရေးအဖွဲ့က ယူရမယ်။ ဒီမိုကရေစီနိုင်ငံကို ဖော်ဆောင်တဲ့နိုင်ငံမှာ ဒီလိုပဲ ဖော်ဆောင်ရမယ်။ ဒီနေ့ တပ်မတော်ဟာ နိုင်ငံရေးနယ်ပယ်ထဲကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတယ်ဆိုသည့်တိုင်အောင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့၊ ဒီမိုကရေစီ နိုင်ငံ ဖော်ဆောင်ဖို့ဆိုရင် တပ်မတော်က မူလတာဝန်ကိုပဲ ယူရမယ်။ တနည်းနည်းနဲ့ ဆုတ်ခွာရမယ်။ ဆုတ်ခွာတဲ့အခါမှာ တပြိုင်တည်း ဆုတ်ခွာမှာလား၊ တဖြည်းဖြည်း ဆုတ်ခွာမှာလား ဒါကတော့ အကောင်းဆုံးနည်းကို ရွေးပြီးတော့ ဆုတ်ခွာသင့်တယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံရေး နယ်ပယ်ထဲက ဆုတ်ခွာပြီးတော့ မူလတာဝန်ကိုပဲ ယူသင့်တယ်။ ယူရမယ်။ အဲဒီလို ယူရမယ့် နေရာမျိုးမှာ အကြောင်းအမျိုးမျိုးပြပြီးတော့ ကြန့်ကြာအောင်လုပ်မယ်။ ဆက်လက်ပြီးတော့ နိုင်ငံရေး တာဝန်တွေကို ယူနေမယ် ဆိုရင် မသင့်တော်ဘူး။ မဖြစ်သင့်ဘူး။ ငြိမ်းချမ်းရေး မရသေးလို့၊ အပြစ်အခတ် မရပ်သေးလို့ နိုင်ငံရေး နယ်ပယ်က မထွက်ခွာဘူး။ နိုင်ငံရေး နယ်ပယ်မှာ ရှိနေဦးမယ်ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ကျနော်မြင်တယ်။
ဦးမနာမ်တူးဂျာ
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်၊ နောက်ပြီး ရွေေးကာက်ပွဲ ကော်မရှင် ကြေညာချက်ကို တပ်အနေနဲ့ လက်ခံတယ်ဆိုတာကတော့ ကောင်းပါတယ်။ သူ့အနေနဲ့ ဘယ်ပါတီအနိုင်ရရ လက်ခံမယ် လို့ ပြောတာကို ကြည့်ရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် သူ့သဘောထား ပျော့ပြောင်းမှု ရှိတာကို ပြချင်တာလို့ ကျနော်မြင်တယ်။ ကျနော်သိချင်တာကတော့ ဒီလာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အစစ်အမှန်ဖြစ်မလား ဆိုတာ ကိုပဲ မေးခွန်းထုတ်ချင်တာပါ။ နောက်တချက်က သူ့အနေနဲ့ ရွေးကောက်ပွဲရလဒ်မှာ ဘယ်သူအနိုင်ရရ ကြိုဆိုတယ်ဆိုတဲ့သဘောမျိုးကတော့ ကောင်းတဲ့ အချက်လို့ ပြောရပါမယ်။
ဦးဝင်းချို
လူ့အခွင့်အရေး လှုပ်ရှားသူ
တပ်မတော်ကို အုပ်ချုပ်တာဟာ တပ်မတော်သားတွေပဲ အုပ်ချုပ်တာ။ ဒီအတိုင်းပဲ တရားစီရင်ရေးနဲ့ ပတ်သက်လာရင် တပ်မတော် သားတွေ တစုံတခု အပြစ်ကျူးလွန်ခဲ့ရင် တပ်မတော်သားတွေကပဲ တရားစီရင်မယ် အရပ်ဘက် တရားရေးက စွတ်ဖက်ခွင့် မရှိ။ သို့သော်လည်းပဲ ကျနော်တို့ရဲ့ ဥပဒေပြုရေးမှာကျတော့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ဝင်ရောက်စွက်ဖက်တယ်။ ကျနော်တို့ရဲ့ အုပ်ချုပ် ရေးမှာ တပ်မတော်ကနေပြီး အသွင်ပြောင်း ယူနီဖောင်းချွတ်ပြီး တရားစီရင်ရေးအပိုင်းမှာ ရောက်ရှိနေတာတွေလည်း ရှိနေပြီ။ တပ် မတော်ကတော့ ပြည်သူကို အစွမ်းကုန် စွက်ဖက်မယ်။ ပြည်သူကတော့ တပ်မတော်နဲ့ ပတ်သက်ရင် ဘယ်အကြောင်းအရာ တစုံ တခု ကိုမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိ ဆိုတာက တရားမမျှတဘူး။ နောက်ပြီး ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမယ်၊ မရှိဘူး ဆိုတာ ကိုတော့ မပြောသွားဘူး။ ရွေးကောက်ပွဲဟာ တရားမျှတကြောင်းကို သူအာမခံတာ မဟုတ်ဘူး။ ဒီရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး တပ်မတော်က ဘာမှပြောဆိုမှာ မဟုတ်ဘူးလို့ပဲ ပြောတာမျိုးပါ။ ရွေးကောက်ပွဲရဲ့ ရလဒ်ကိုပဲ လက်ခံမှာ ဖြစ် မယ်လို့ တပ်မတော်က ပြောတာပါ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိရမယ်ဆိုတဲ့ အာမခံမှု ပေးနိုင်ရင် ပိုကောင်းပါတယ်။ နောက်တချက်က ပြည်သူတွေကသာ တောင်းဆိုရင် သူ့အနေနဲ့ သမ္မတ လုပ်မယ်လို့ ပြော ထားတာမျိုး ရှိတဲ့အတွက် အရင်ဆုံး ဆန္ဒခံယူပွဲသာ လုပ်ကြည့်ပါလို့ ပြောချင်ပါတယ်။
မဇင်မာအောင်
ရန်ကုန် နိုင်ငံရေးသိပ္ပံ ကျောင်း
အင်တာဗျူးမှာ ပြောထားတာတော့ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပြောဆိုမှုကို စောင့်ကြည့်ရမှာပဲ။ စစ်တပ်က ၂၅ ရာခိုင်နှုန်းလျော့ချရမယ့်ဟာကို လက်မခံ သဘောမတူဘဲ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံရမယ်လို့ ပြောထားတာက ဖြစ်သင့် တာပဲလေ။ တပ်မတော်က ရလဒ်အပေါ် ဘာလုပ်လို့ရမှာလဲ။ အဓိကကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြမ်ဖက်မှုလို၊ မတရားမှုလို ဟာမျိုး မဖြစ်အောင်လို့တော့ အထူးသဖြင့် ရွေးကောက်ပွဲ အကြိုကာလမှာလည်း တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ပြည်ထဲရေးကနေ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နိုင်အောင် သူ့အနေနဲ့ ပံ့ပိုးကူညီနိုင်မယ်ဆိုရင်တော့ ပိုကောင်းမယ်ပေါ့။ တပ်မတော်က နိုင်ငံရေးထဲကနေ နောက်ဆုတ်ဖို့ဆိုတာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှလို့ ပြောထားတာကိုက သူ့အနေနဲ့ အကြောင်း ပြချက်တခုလို့ ကျမမြင်တယ်။ ကျမတို့ရဲ့ စိုးရိမ်မှုတွေကလည်း အဲဒါပဲ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ တိုက်ပွဲနည်းနဲ့ ဖြေရှင်းနေတာတွေရယ်ကြောင့်လို့ မြင်တယ်။ ငြိမ်းချမ်းရေးရဖို့ ခက်ခဲနေသေးတဲ့ အခြေအနေတွေမှာ ငြိမ်းချမ်းရေးရမှလို့ ပြောနေတာကိုက နိုင်ငံရေးမှာ စစ်တပ်က နောက်မဆုတ်ဘဲ ပါဝင်နေဦးမယ်လို့ ပြောနေတာမျိုးလို့ မြင်တယ်။ ဒါမျိုးက အကြောင်းပြချက်တခုလို့ ပြောနိုင်တယ်။ သူ့အနေနဲ့ ရွေးကောက်ပွဲမဝင်ဘဲနဲ့ အနိုင်ရပါတီကနေပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကြံ့ခိုင်ရေးပါတီကနေပဲ အဆိုပြုလို့ သမ္မတ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ကျမတို့အနေနဲ့ အခုချိန်ထိ ခန့်မှန်းလို့မရသေးဘူး။ ကျမစိုးရိမ်တာက အခုဆို အတိုက် အခံဘက်နေရာတွေမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပေမယ့် တပ်မတော်ဘက်ကရော အဓိက ပါတီကြီးကရော သိပ်ပြီး ခြေသံလုံနေ သေး တာတွေ့ရတယ်။ လတ်တလောကတော့ ကျမတို့အနေနဲ့ သူတို့ နောက်ထပ်ဘယ်ခြေလှမ်း ထပ်လာဦးမလဲဆိုတာ စောင့်ကြည့် ရမယ်။
စာရေးဆရာ ဖေမြင့်
အင်တာဗျုးကို ကြည့်မယ်ဆိုရင် ဘာမှ ထူးထူးခြားခြား ဘာမှ မတွေ့ရဘူး။ နောက်ပြီး ရွေးကောက်ပွဲမှာ နိုင်လာမယ့် ရလဒ်ကိုလည်း လက်ခံမယ်၊ ရလာသူတွေကိုလည်း အသိအမှတ်ပြုမယ်ဆိုတာ ပြောသုံးတာတွေက အလားတူ ပြောကြားချက်မျိုး ပြောခဲ့တာ ရှိတယ်။ ဒါကတော့လည်း မထူးပါဘူး။ စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးနဲ့ ငြိမ်းချမ်းရေးရပြီးရင် သူ့နေရာ ပြန်သွားမယ်ဆိုတဲ့ သဘောက သူက ဘယ်လိုနေရာမျိုးကို သွားမှာလဲ။ ဘာဖြစ်လို့လဲဆို စစ်တပ်နဲ့ ပတ်သက်ပြီး ပြောနေတာတွေက အမှတ် တမဲ့ နားထောင်မယ်ဆိုရင် စစ်တန်းလျားကို ပြန်သွားမယ်ဆိုတဲ့ သဘောမျိုးလို့ ယူဆနိုင်စရာရှိနေတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တပ်မတော်က အမျိုးသား နိုင်ငံရေးမှာ ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်သွားမယ်ဆိုတဲ့အချက်က ပြောထားပြီးသား ရှိနေတော့ သူ့နေရာပြန်မယ်ဆိုတာက တပ်မတော်က အမျိုးသား နိုင်ငံရေးမှာ ဦးဆောင်မှု အခန်းကဏ္ဍအနေနဲ့ ပါဝင်နေဦးမယ်လို့ ကျနော်မြင်တယ်။ ။