ဧရာဝတီ မြစ်ဝှမ်းတလျှောက် ဖြစ်ပေါ်နေသည့် လူမှုစီးပွား ဘဝများနှင့် ဧရာဝတီမြစ် ရေရှည်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် အရပ် ဘက် အဖွဲ့အစည်းများ ပူးပေါင်းပြီး အချက် ၁၃ ချက်ပါ အကြံပြုချက်များကို ထုတ်ပြန်လိုက်သည်။
တတိယ အကြိမ်မြောက် လူထုအခြေပြု ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းစောင့်ရှောက်ရေး ညီလာခံကို ဇူလိုင်လ ၂၂ ရက်က ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာ(IBC) တွင် ကျင်းပခဲ့ပြီး ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်များက ပူးပေါင်းပြီး အဆိုပါ အကြံပြုချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်၌ ဧရာဝတီ မြစ်ဝှမ်းဒေသတွင် ယူကလစ်စိုက်ခင်း စီမံကိန်းများကို ခွင့်မပြုရန်၊ ရေဆိုးများကို ပြန်လည်သန့်စင်မှု မပြုဘဲ မြစ်အတွင်းသို့ တိုက်ရိုက်စွန့်ပစ်မှုကို တင်းကျပ်စွာ တားမြစ်ရန်၊ မြေနုကျွန်း စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများကို ပြန်လည်သုံးသပ် ဆင်ခြင်ရန်၊ မြစ်ကြမ်းပြင် သဲ၊ ကျောက် ထုတ်ယူမှုကို တားမြစ်ခြင်း(သို့မဟုတ်) စနစ်တကျ အကန့်အသတ်ဖြင့် ထုတ်ယူခွင့်ပြုရန်နှင့် ဓာတ်သတ္တု တူးဖော်မှုများကို ဥပဒေနှင့်အညီ ကန့်သတ်ထိန်းချုပ်ခွင့်ပြုရန် စသည့်အချက်များ ပါဝင်သည်။
ဧရာဝတီမြစ်ဝှမ်း တလျှောက်ရှိ သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုကို ၂၀၁၃၊ ၂၀၁၄ ခုနှစ်များအတွင်း ပြုလုပ်ခဲ့ရာတွင် ရေစီး ကြောင်း ပြောင်းလဲခြင်း၊ မြစ်ကမ်းပါး ပြိုခြင်းကြောင့် စိုက်ပျိုးမြေများ လူနေအိမ်များ ရွာမြေများ ဆုံးရှုံးမှု ခံစားနေရသည်ကို တွေ့ရှိရသည်ဟုလည်း ထိုအကြံပြုချက်တွင် ဖော်ပြထားသည်။
ထို့အပြင် မြစ်ဝှမ်းတလျှောက်ရှိ စက်မှုလုပ်ငန်းများမှ ရေဆိုးများ မြစ်အတွင်းသို့ တိုက်ရိုက် စွန့်ပစ်ခြင်း၊ ရေဝေရေလဲ ဧရိယာတွင် ဓာတ်သတ္တုပေါင်းစုံ ထုတ်ယူခြင်းကြောင့် သက်ရောက်မှုများ ဖြစ်ပေါ်စေသည့် အချက်များကို တွေ့ရှိထားကြောင်း အဆိုပါ ထုတ်ပြန် ချက်တွင် ပါရှိသည်။
ဧရာဝတီမြစ်ဝှမ်း ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘဝများနှင့် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို သိရှိစေရန် ဧရာဝတီမြစ် ရေရှည်ထိန်းသိမ်း စောင့်ရှောက်နိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဧရာဝတီပြည်သူ ကွန်ရက်သည် ဒေသခံ ပြည်သူ များနှင့် ပူးပေါင်း၍ မြစ်ဆုံမှသည် မြစ်ဝကျွန်းပေါ်အထိ လေ့လာစစ်တမ်း ကောက်ယူမှုများကို ၂၀၁၃ ခုနှစ်မှ စတင် ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။