သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်သည့် စာဝေသူ ၂ ဦး တရားစွဲခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ နတ်စင်တရာ ဆရာတော်ကြီး၏ စတုဒီသာ အလှူပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အား ဝေဖန် ပုတ်ခတ် တိုက်ခိုက်သည့် စာရွက်နှင့် စီဒီ ခွေများ ဖြန့်ဝေသည်ဟု ဆိုကာ သံသယရှိသူ ၂ ဦးကို မြောင်းမြမြို့နယ် NLD က ဇူလိုင်လ ၂၃ ရက်က တရားစွဲဆိုလိုက်ကြောင်း သိရသည်။

မြောင်းမြမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဝင်းမောင်က“စာရွက်ဝေတဲ့ လူ ၂ ဦးကို တရားရုံးမှာ ကျနော် ကိုယ်တိုင် ဦးတိုက် လျှောက်ထားပြီး တရားစွဲဆိုထားပါတယ်။ ပုဒ်မတော့ မတပ်သေးဘူး။ တရားရုံးက ရဲဌာနကို အမှုနဲ့ပတ်သက်သူတွေကို ၁၄ ရက် အတွင်း စစ်ဆေးဖို့ တာဝန်ပေးထားပါတယ်။ လာမယ့် သြဂုတ်လ ၆ ရက်နေ့ ရုံးချိန်းမှာ ရဲဌာနက တွေ့ရှိချက်၊ စစ်ဆေးချက်တွေကို တင်ပြပြီးမှ ပုဒ်မ တပ်မယ်လို့ သိရပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဇူလိုင်လ ၁၈ ရက်က ကျင်းပခဲ့သည့် နတ်စင်တရာ ဆရာတော်၏ ယင်းအလှူပွဲသို့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး) ခေါင်းဆောင်များဖြစ်သည့် ဒု ဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ဦးခင်ရီနှင့် ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းကိုကို တို့လည်း တက်ရောက်ခဲ့သည်။

ထိုနေ့တွင် လူတချို့က အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့-မဘသ(ဗဟို) အမည်ခံ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ပုတ်ခတ် တိုက်ခိုက်သည့် စာရွက်နှင့် စီဒီခွေများ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြန့်ဝေမှု ဖြစ်ပွားပြီးနောက် ၅ ရက်အကြာ မြောင်းမြမြို့မှ ဦးသီဟဇော်မင်းနှင့် ဦးသန်းအောင်တို့ကို စာရွက်ဝေရာတွင် ပါဝင်သည်ဟုဆိုကာ မြောင်းမြမြို့နယ် NLD ပါတီက တရားလိုပြုလုပ်၍ တရားစွဲဆိုသည့်အပြင် မြောင်းမြမြို့နယ်နှင့် ခရိုင်ရွေးကောက် ပွဲ ကော်မရှင်သို့လည်း အရေးယူပေးရန် တိုင်ကြားထားကြောင်း သိရသည်။

ဧရာဝတီက လက်ခံရရှိခဲ့သည့် မဘသ(ဗဟို)တံဆိပ်ဖြင့် ဖြန့်ဝေခဲ့သည့် အဆိုပါစာထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ သည် မဘသ အဖွဲ့၏ အမျိုးစောင့် ဥပဒေကို ဆန့်ကျင် ကန့်ကွက်ခဲ့ခြင်း၊ ဘာသာခြား လူမျိုးခြားများဘက်မှ အမြဲတမ်း ရပ်တည်ခြင်း၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ဖျက်သိမ်းရန် ကြိုးပမ်းမှုများကြောင့် အမျိုးသားရေးကို သွေဖီဆန့်ကျင်သောအဖွဲ့ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဟူသော အချက်တခုတည်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရွေးချယ်လိုက်ပါက တိုင်းပြည်နှင့် သာသနာတော် အပေါ်တွင် မမျှော်လင့်နိုင်သော ဘေးရန်အန္တရာယ်များ ကျရောက်လာနိုင်ကြောင်း ရေးသားထားသည်။

သို့သော် မြောင်းမြမြို့နယ်(မဘသ) အဖွဲ့ကမူ စာဝေသူများသည် မဘသ အဖွဲ့ဝင်များ မဟုတ်ကြောင်း ပြောဆိုသည်။

မြောင်းမြမြို့နယ် မဘသအဖွဲ့ ဥက္ကဋ္ဌ အာဇာနည် ကျောင်းတိုက် ဆရာတော် ဦးကာရုဏိက က“စာဝေတဲ့ ကိစ္စဟာ ဦးပဉ္ဖင်းတို့အဖွဲ့နဲ့ လုံး၀ မသက်ဆိုင်ပါဘူး။ နောက်ပြီးတော့ အလှူပွဲနေ့က ကလေးတချို့ကိုလည်း ကူလုပ်ဖို့ ဦးပဉ္ဖင်းက ခေါ်ထားတယ်။ သူတို့က အ၀ မှာ စောင့်နေရင်း စာဝေနေတဲ့ ပုဂ္ဂိုလ်တွေက ဒါလေးတွေ ဝိုင်းကူဝေပေးပါ ဆိုတော့ သူတို့ကလည်း ဝိုင်းကူပေးတာပါ။ ဝေခိုင်းတဲ့လူ လည်း သူတို့ မသိကြပါဘူး။ ဒါကိုမှ တဖက်က တရားစွဲလာရင်တော့လည်း ဦးပဉ္ဖင်းတို့က လိုက်ဖြေရှင်းရမှာပဲ”ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီကလည်း ၎င်းတို့အနေဖြင့် နတ်စင်တရာ ဆရာတော်၏ အလှူပွဲကိုသာ ဝိုင်းကူညီကြခြင်း ဖြစ်ပြီး စာဖြန့်ဝေသည့် ကိစ္စကို မသိရှိကြောင်း ယင်းပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်က ပြောဆိုသည်။

ကြံ့ခိုင်ရေးပါတီ ထိပ်သီးခေါင်းဆောင်များ တက်ရောက်သည့် အလှူပွဲတွင် စာဖြန့်ဝေမှု ဖြစ်ပွားခဲ့သည့်အတွက် ယင်းကိစ္စကို ဖြေရှင်း ပေးရန် ထိုသူတို့တွင် တာဝန်ရှိကြောင်း ဧရာဝတီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့်က ပြောသည်။

ဒေါက်တာ မျိုးညွှန့်က“စာဝေတဲ့ကိစ္စက ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်သီးခေါင်းဆောင်တွေလုပ်တဲ့ အလှူပွဲမှာ ဖြစ်တာပါ။ မပြေးသော် လည်း ကန်ရာရှိဆိုသလို သူတို့မှာ ဖြေရှင်းဖို့ တာဝန် ရှိပါတယ်”ဟုလည်း ပြောဆိုသည်။

နတ်စင်တရာ ဆရာတော်မှာ မြန်မာပြည် အနှံ့အပြားရှိ မြို့များတွင် စတုဒီသာအလှူပွဲ ပြုလုပ်လေ့ရှိပြီး ယင်းအလှူပွဲများတွင် ဒု ဥက္ကဋ္ဌ ဦးဌေးဦး အပါအဝင် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များက အဓိက ပါဝင် လှူဒါန်းပေးလေ့ ရှိကြောင်း သိရသည်။

မြောင်းမြမြို့နယ် NLD ပါတီအတွင်းရေးမှူး ဦးဝင်းမောင်က“ဖြန့်ဝေတဲ့စာအရဆိုရင် ကျနော်တို့ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုရော NLD ပါတီကိုပါ ပူးတွဲ တိုက်ခိုက်တယ်လို့ ကျနော် ယုံကြည်တယ်။ ဒါဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် တာဖြစ်တယ်။ စာဝေတဲ့အထဲမှာ ပါသူတွေကို ကျနော်တို့ ဆက်လက် စုံစမ်းသွားမှာပါ”ဟု ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading