Ethnic Issues

အစိုးရနှင့် တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ NCA ဆွေးနွေးပွဲ အဖြေမထွက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA) အပြီးသတ်နိုင်ရန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နှင့် တိုင်းရင်းသားများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ ရန်ကုန်မြို့တွင် ၃ ရက်ကြာ ကျင်း ပသည့် ဆွေးနွေးပွဲ၌ အဆုံးအဖြတ် မပေးနိုင်သည့် အချက် ၃ ချက် ကျန်ရှိနေသည်ဟု သတင်းရရှိသည်။

ထိုအချက်များသည် NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံး ပါဝင်ရေး၊ လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေး၊ NCA စာချုပ်တွင် တာဝန်ခံ လက်မှတ်ထိုးမည့် နှစ်ဖက်ခေါင်းဆောင်များ စာရင်းနှင့် နိုင်ငံတကာ အသိသက်သေများ စာရင်းတို့ ဖြစ်သည်ဟု SD အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပူးဇင်ကျုံးက ပြောသည်။

ဇူလိုင်လ ၂၂ ရက်မှ ၂၄ ရက်ထိ ပြုလုပ်သည့် ၈ ကြိမ်မြောက် NCA ဆွေးနွေးပွဲတွင် NCA မူကြမ်းကို အချောသတ်မှုတချို့ ပြုလုပ်နိုင် ခဲ့သည်ဟုလည်း သိရသည်။

UPWC နှင့် SD အကြား သဘောထားကွဲလွဲနေသည့် အဓိက အချက်သည် SD ဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံး ပါဝင်မှသာ NCA ကို လက်မှတ်ထိုးမည်ဟူသည့် မူကိုဆုပ်ကိုင်ထားပြီး အစိုးရဘက်က ပဏာမ အပစ်ရပ်စာချုပ် ချုပ်ဆိုထားခြင်းမရှိသည့် အဖွဲ့များကို နောင်မှ ဆက်ဆွေးနွေးရန် ချန်ထားခဲ့ပြီး NCA ကို ချုပ်ဆိုလိုသည် ဟူသော အချက်ဖြစ်သည်ဟု ဆိုသည်။

ပူးဇင်ကျုံးက “တဖွဲ့တလေကျန်သွားလို့ တိုက်ပွဲတွေ ဖြစ်လာတယ်ဆိုရင် တနိုင်ငံလုံး အပစ်ရပ်တာမဟုတ်ဘဲ ကျနော်တို့ ချုပ်ဆို လိုက် တဲ့ ငြိမ်းချမ်းရေးကလည်း ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးမဖြစ်နိုင်ပါဘူး၊ စိုးရိမ်ပါတယ်၊ ပြီးပြည့်စုံတဲ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေ အားလုံးပါဝင်ရမယ်လို့ ကျနော်တို့ ခံယူထားတယ်”ဟု SD ၏ သဘောထားကို ပြောသည်။

အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ကို NCA လက်မှတ်ထိုးရန် သဘောတူထားနိုင်သည်ဟု ဆိုသော်လည်း ၀ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ အမျိုးသား ဒီမိုကရက်တစ် အစည်းအရုံး(LDU )တို့ အပါအဝင် တပ်မတော်နှင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားထားသည့် ရကိ္ခုင့်တပ်မတော် (AA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ မပါဝင်ဟု သိရသည်။

UPWC မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ရွှေ က“လက်မှတ်ထိုးတဲ့ အဆင့်ရောက်ရင် နှစ်ဖက်လိုက်နာရမယ့် ကိစ္စတွေက ချက်ချင်း လိုက်နာနိုင်ဖို့ ဖြစ်နိုင်တဲ့ အဖွဲ့တွေနဲ့ ထိုးတဲ့သဘောပါ၊ အစိုးရဘက်က နောင်ဆွေးနွေးပွဲတွေ ထပ်ရှိမှာ ဖြစ်လို့ ချန်ထားတဲ့ သဘော တော့ မပြောလိုပါဘူး”ဟု ပြောသည်။

NCA တွင် တာဝန်ခံ လက်မှတ်ထိုးမည့် နှစ်ဖက် ခေါင်းဆောင်များနှင့် နိုင်ငံတကာ အသိသက်သေများကို NCA မူကြမ်း အချောသတ်ပြီး ချုပ်ဆိုမည်ဟူသည့် အနေအထားရောက်မှ သာလျှင် သတ်မှတ်၍ ရနိုင်မည်ဟုလည်း သိရသည်။

လုံခြုံရေးဆိုင်ရာ ပူးပေါင်းရေး ကိစ္စများသည် ဆွေးနွေး၍ မရနိုင်သေးသည့် အခြေအနေတွင် ရှိနေသည်ဟုလည်း SD ပြောရေးဆိုခွင့် ရှိသူများက ပြောသည်။

မပြီးပြတ်သေးသည့် အချက်အလက်များကို UPWC နှင့် SD မှ ၎င်းတို့၏ နှစ်ဖက် ထိပ်သီးခေါင်းဆောင်များကို ပြန်လည် တင်ပြသွားမည်ဖြစ်ပြီး ခေါင်းဆောင်များထံမှ ဆုံးဖြတ်ချက်များကို ယူဆောင်လာကာ သြဂုတ်လ ပထမပတ်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟို လုပ်ငန်းဌာနတွင်ပင် အစည်းအဝေး ပြန်လည် ပြုလုပ်သွားမည်ဟု SD မှ ပြောရေး ဆိုခွင့်ရှိသူ ပဒိုကွယ်ထူးဝင်းက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading