မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်အတွင်း ယမန်နေ့က တောင်ကျရေကြောင့် လူ ၈ ဦးရေထဲမျောပါ ပျောက်ဆုံးသွားပြီး နေအိမ်များ အလုံးလိုက် ရေထဲမျောပါသွားကြောင်း သိရသည်။ ကျွဲနွားတိရစ္ဆာန်များလည်း ရေထဲမျောပါသွားရုံသာမက တောဆင်ဟု ယူဆရသည့် ဆင်ပေါက်စ တကောင်ပါ
မျောပါလာကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်ဖြူကျေးရွာအုပ်စု၊ တောင်လယ်ရွာမှ ရေထဲမျောပါသွားသည့် ဒေသခံ ၈ ဦးအနက် ကျား ၁ ဦး၊ မ ၃ ဦး၏ ရုပ်အလောင်းများကို ယနေ့ နံနက် ၁၁ နာရီက ပြန်လည် တွေ့ရှိရကြောင်း၊ တွင်းငယ်ကျေးရွာ တရွာတည်းမှ နွား ၅၃ မျောပါသွားပြီး နွားသေ ၄ ကောင်သာ ပြန်ရှာတွေ့ကြောင်း တွင်းငယ်ကျေးရွာ NLD ရပ်ကျေးဥက္ကဋ္ဌ ဦးမြင့်ဇော်က ဖုန်းမှတဆင့် ပြောကြားသည်။
“တောင်ကျရေနဲ့ အတူ ၃ ပေလောက် အမြင့်ရှိတဲ့ ဆင်ပေါက်စလေး တကောင်ပါ မျောလာသေးတယ်။ အခု ဒေသခံတွေက အဲဒီဆင်လေးကို ဖမ်းထားပါတယ်” ဟု ၎င်းကပြောသည်။ အဆိုပါ ဆင်ပေါက်လေးမှာ မန္တလေး-ဗန်းမော်လမ်းမကြီး
မိုင်တိုင်အမှတ် (၁၅/၈) အနီးတွင် တွေ့ရှိခြင်းဖြစ်သည်။
တွင်းငယ်ကျေးရွာမှ အိမ် ၅ လုံး၊ ကျောက်ဖြူကျေးရွာအုပ်စု တောင်လယ်ရွာတွင် အိမ် ၁၀ လုံးပျက်စီးသွားပြီး ဒေါင်းပုန်းကျေးရွာတွင် အိမ် ၃ လုံး ပျက်စီးသွားကြောင်း၊ အိမ်ပျက်စီးသွားသူများအား ဒေသခံများ အချင်းချင်း ကူညီပေးလျက်ရှိသော်လည်း ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲ ရှိကြောင်း သိရသည်။
မန္တလေး-ဗန်းမော် လမ်းမကြီးပေါ်ရှိ ရှားတောတံတား (တံတားအမှတ် ၁/၂၁) ၏ တံတားချဉ်းကပ်လမ်း ပေ ၃၀ ခန့် ပျက်ကျသွားသည့်အတွက် တပ်မတော်သားများနှင့် ဒေသခံများ ဝိုင်းဝန်းကာ ယာယီသွားလာနိုင်အောင် လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ရေဘေးသင့် ဒေသခံများအား ဆက်သွယ်လှူဒါန်းလိုပါက ဦးမြင့်ဇော် ၀၉၇၉၇၃၈၁၂၈၈ ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။