လပိုင်းလောက်သာ လိုတော့သည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သမ္မတဦးသိန်းစိန် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြန် အရွေးခံ၊ မခံ၊ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု၊ မပြု၊ နောက် ဒုတိယသက်တမ်း သမ္မတအဖြစ်တာဝန်ပေးလျှင် ပြန်ယူ၊ မယူ ဆိုသည့် အမေးပုစ္ဆာများသည် ဂျာနယ်၊ သတင်းစာများ၏ စာမျက်နှာများပေါ် နေရာယူထားသလို သမ္မတ ဦးသိန်းစိန် အကြောင်းကို အတော် များများက သိချင်နေကြပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအရမြန်မာနိုင်ငံ၏ သမ္မတဖြစ်ရေး၊ မဖြစ်ရေးသည် အမေရိကန်လို သမ္မတ ရွေးကောက်ပွဲ သက်သက်လုပ်ပြီး သမ္မတ က အစိုးရအဖွဲ့ဝင်များကိုရွေးချယ် ခန့်အပ် ခြင်းမဟုတ်ဘဲ လွှတ်တော်က သမ္မတရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။ အမေရိကန်၏ ဖွဲ့စည်းပုံအရ လွှတ်တော်ကိုယ်စားလှယ်က သမ္မတ မဖြစ်ဘဲ သမ္မတကို ပြည်သူကသီးသန့်ရွေးကာ သမ္မတကအစိုးရအဖွဲ့ကိုရွေးချယ် ခန့်အပ်ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ သမ္မတရွေးချယ်ပွဲအဖွဲ့က သမ္မတကို ရွေးချယ်လိုက်ပါသည်။ ဒု သမ္မတ ရွေးချယ်သော အစုအဖွဲ့ ၃ ဖွဲ့မှာ (၁)ပြည်သူ့ လွှတ်တော် အစုအဖွဲ့ (၂) အမျိုးသား လွှတ်တော် အစုအဖွဲ့နှင့် တပ်မတော်သား အစုအဖွဲ့တို့က ဒု သမ္မတ တဦးစီကို လွှတ်တော် ကိုယ်စားလှယ်ထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ် တင်မြှောက်ရမည် ဖြစ်ပါသည်။
ထို ဒုသမ္မတသည် အရပ်သား ဖြစ်ချင်လည်း ဖြစ်မည်။ စစ်တပ်မှဆိုလျှင် ယူနီဖောင်းချွတ်၍ အရပ်သား ပြောင်းရပေမည်။ ဥပမာ-ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ကဲ့သို့ ထိုအစုမှ ရွေးချယ်ခံရသော ဒုတိယသမ္မတသည် ရွေးကောက်ပွဲမဝင်ဘဲ ဖြစ်လာရသော သမ္မတ လောင်း ဖြစ်လေသည်။ ပြည်ထောင်စု လွှတ်တော်တွင်ရှိသော သမ္မတရွေးချယ်ရေး အဖွဲ့က နိုင်ငံတော် သမ္မတ ကို ရွေးပါသည်။ ယခု သမ္မတ ဦးသိန်းစိန် သည်ပြည်ခိုင်ဖြိုးပါတီမှ ထွက်သည်ဟုလည်း ကြားရ၏။ ထိုသို့ဆိုလျှင် သမ္မတအဖြစ် ဆက်အရွေးခံမည် ဆိုပါက ပြည်ထောင်စု လွှတ်တော်အစုအဖွဲ့မှ ရွေးချယ်သူသာ သမ္မတ ဖြစ်ပေတော့မည်။
ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဘယ်သူသမ္မတဖြစ်မလဲဆိုသော မေးခွန်းကို အမျိုးမျိုး ထင်ကြေးပေး လာကြ၏။ NLD ကလည်း သူတို့သာ အနိုင်ရပါက လူထုလက်ခံနိုင်လောက်သော သူကို သမ္မတအဖြစ်ရွေးချယ် ပါမည်ဟု ပြောဆို ထား သည်။
သို့သော် ယခုထက်တိုင် တပ်ကရော၊ ပြည်ခိုင်ဖြိုးကရော၊ NLD ကရော မည်သူ့ကိုမှ သမ္မတလောင်းအဖြစ် သတ်သတ် မှတ်မှတ် မရွေးချယ်ရသေးပေ။ ထို့ကြောင့် ၂၀၁၅ အလွန်တွင် ဘာဖြစ်မလဲဆိုသော ကြိုတင်ခန့်မှန်းချက်များ၊ မေးခွန်းပုစ္ဆာများ နိုင်ငံရေး နယ် ပယ်တွင် ပေါ်ပေါက်လာလေသည်။ ပထမသက်တမ်း ၂၀၁၀-၂၀၁၅ အတွင်း တိုင်းပြည်တိုးတက်မှု ဘာမှဖြစ်မလာ။ တခြားနိုင်ငံများနှင့် ရင်ပေါင် မတန်းနိုင်သေး။
ဒေါ်လာဈေးနှုန်းသည်လည်း ကမောက်ကမဖြစ်ပြီး ကျပ်ငွေ တန်ဖိုး ကျသထက်ကျနေဆဲ။ ထိုသို့ဖြစ်ရခြင်းသည် စီးပွားရေး မတည်ငြိမ်ခြင်းကြောင့် ဆိုသည်ကို စီးပွားရေးပါရဂူများ၊ သမ္မတ၏ စီးပွားရေး အကြံပေးများ နားလည်သဘောပေါက်ကြပေမည်။ အလုပ် သမားများ၏ အနိမ့်ဆုံးလုပ်ခကို တနေ့ကျပ် ၃၆၀၀ သတ်မှတ်သော်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များက လက်မခံ။ အလုပ်သမားများက ယေဘုယျလက်ခံသော်လည်း ကျပ် ၄၀၀၀ အထိ ထပ်မံ တောင်းဆိုထားကြလေသည်။
နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီကြီးများသည် အာမခံချက် မရှိသော လျှပ်စစ်ဓာတ်အားကြောင့် တခြားနိုင်ငံများသို့ ပြောင်းရွှေ့ကာ ရင်းနှီးမြှုပ်နှံကြလေသည်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးသည် ယခုအထိ အခြေအနေမကောင်းနိုင်သေးပေ။ ကရင်ဘက်တွင်လည်း အပစ်အခတ်များ ဖြစ်လာ၊ ကချင်ဘက်တွင်လည်း အခြေအနေ မတည်ငြိမ်သေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရေရေရာရာမရှိသေး ပေ။
၂၀၁၅ ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲဆိုသည်ထက် ၂၀၁၅ ရွေးကောက်ပွဲအပြီး တိုင်းပြည်တည်ငြိမ်ရေး၊ အမျိုးသား ရင်ကြား စေ့ ရေး ဘယ်လောက် အောင်မြင်မလဲဆိုသည်ကို နိုငံရေးလေ့လာသုံးသပ်သူများက ရုပ်မြင်သံကြားတွင် ဆွေးနွေးကြသည်ကို ကြည့် လိုက် ရပါသည်။ သူတို့လည်း သူတို့အထင်နှင့် တိုင်းပြည်ကောင်းစေချင်သော ဆန္ဒနှင့် ဆွေးနွေးကြခြင်းဖြစ်ပါသည်။
စစ်ယူနီဖောင်းချွတ်၍ အရပ်ဝတ်ဖြင့်အုပ်ချုပ်သည့်တိုင် ဘာမှ ပြောင်းလဲခြင်းမရှိခဲ့ပေ။ ပညာရေး၊ စီးပွားရေး၊ ဒီမိုကရေစီရေး စသည် တို့မှ ဘာမှ ပီပီပြင်ပြင် ပြောင်းလဲခြင်းမရှိဘဲ လက်တွေ့အထုပ်အထည်နှင့် မပြနိုင်ပေ။
အပြောင်းအလဲတကယ် လုပ်မည်ဆိုပါက လုပ်ဖို့ဆုံးဖြတ်လိုက်သည်နှင့် သိသိသာသာနေ့ချင်းညချင်း စက္ကန့်တိုင်း အပြောင်းအလဲဖြစ် သွားနိုင်ပါသည်။
တရုတ်နိုင်ငံတွင် ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးလိုက်သဖြင့် နေ့ချင်းညချင်း ပြောင်းလဲသွားလေသည်။ အုပ်ချုပ်သော အစိုးရပြောင်းလဲဖို့ ညွှန်ကြားလိုက်သည်နှင့် အပြောင်းအလဲချက်ချင်းဖြစ်သွားသည်။ ဆိပ်ကမ်းနှင့်ဝေးသော ကုန်းတွင်းပိုင်းမှာရော ဆိပ်ကမ်း နှင့် နီးသော ပင်လယ်ကမ်းခြေဒေသမှာရော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးစသည်တို့ကိုရအောင်လုပ်သည်။ သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်းသူများ မည်မျှပင်ကန့်ကွက်သည်ဆိုစေ ကျောက်မီးသွေးဖြင့် လျှပ်စစ်မီးရအောင်ယူသည်။ တကမ္ဘာလုံးရှိ ရေနံများကို လှည့်ပတ်ဝယ်သည်။ သဘာဝဓာတ်ငွေ့များ ဝယ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ယုံကြည်လောက်သော စည်းကမ်း ဥပဒေများ ရေးဆွဲ၏။ လက်သင့်ရာ စားတော်ခေါ်ခြင်း မဟုတ်ဘဲ မည်သူမဆို၊ ရင်းနှီးမြှုပ်နှံနိုင်သူများအား မည်သည့်နေရာမဆို လာရောက် လုပ်ပိုင်ခွင့်ပေးသည်။ စီးပွားရေးတိုးတက်မှုသည် သိကြားမင်းဖန်ဆင်းပေးလိုက်သလို တဟုန်ထိုး တိုးတက်လာပါတော့သည်။
မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံသူများ သဘောကျစရာ ရှိသော်လည်း ပိတ်သည့်အခါ ပိတ်၊ ဖွင့်သည့်အခါဖွင့်နှင့် မရေရာ သော စီးပွားရေးပေါ်လစီများကြောင့် အဆင်ပြေခြင်းမရှိခဲ့။ စီးပွားရေးဇုန်များမှာ ဖြစ်မလာခဲ့။ ထားဝယ်စီးပွားရေးဇုန်၊ သီလဝါစီးပွားရေး ဇုန်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စသည်တို့သည် အားကောင်းစွာ ဖြစ်မလာသေးပေ။ အထူးသဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အခိုင်အမာ မတည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်ပါသည်။
၂၀၁၅ အလွန်တွင် ဘာဖြစ်မလဲဆိုသည်ကို ဆွေးနွေးကြရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်မှ အပြောင်းအလဲဖြစ်မည်ဟု သုံးသပ်ကြ သလို အစိုးရ၊ စစ်တပ်နှင့် အတိုက်အခံတို့ တွေ့ဆုံ၍ အပြောင်းအလဲအတွက်မည်သို့ လုပ်ဆောင်မလဲ၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် မည်သို့ လုပ်ဆောင်သင့်သလဲ ဆိုသည်ကို ဆွေးနွေးသွားကြလေသည်။
အပြောင်းအလဲ အမှန်တကယ်ဖြစ်ပြီး တိုင်းပြည်အမှန်တကယ်တိုးတက်စေချင်လျှင် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့နှင့် ပတ် သက်နေသူအားလုံးသည် စစ်အာဏာရှင်စနစ်ကို စွန့်လွှတ်ရေး ဖြစ်သည်။ ယနေ့အထိ ယခင် စစ်အစိုးရက တက်လာသော အစိုးရ သည် စစ်အာဏာရှင်စနစ်ကို မစွန့်လွှတ်ချင်ကြပေ။ နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည် အာဏာကို အတင်းအဓမ္မရယူကာ ပြည်သူကို ကျွန်သဘောက်သဖွယ် ဆက်ဆံခဲ့သော စစ်အာဏာရှင်များကို ယခုအထိ ကာကွယ်ပြောဆိုနေကြလေသည်။
စစ်အာဏာရှင်စနစ်ကြောင့် တိုင်းပြည် ဖြူခါပြာခါကျပြီး ကမ္ဘာ့အလယ်မျက်နှာငယ်နေရသည်ကို သဘောပေါက်လျှင် အမှန် တကယ် အပြောင်းအလဲ လုပ်ရပေမည်။ စစ်အာဏာရှင်စနစ်ကြောင့် ဒီမိုကရေစီလမ်းကြောင်းကို အမှန်တကယ် မချီတက်ခဲ့ကြ၍ အပြောင်းအလဲ မဖြစ်ပေါ်ခဲ့ပေ။ သမ္မတဦးသိန်းစိန်ပြောသော မိန့်ခွန်းများ၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောသော မိန့်ခွန်းများအရ ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း အုပ်ချုပ်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးများ တနည်း စစ်အာဏာရှင်ကြီးများသည် တိုင်းပြည်ကို စေတနာဖြင့် အုပ်ချုပ်ခဲ့ကြသည်။ သို့သော် လုပ်နည်းမှားယွင်း၍ ယခုလို ဖြစ်နေရပါသည်ဟု ပြောကြားခဲ့သည်။ သူတို့သည် စစ်တပ် ၏ ငယ်မွေးခြံပေါက်များဖြစ်၍ ကျေးဇူးရှင်ကို ကျေးစွပ်ဖို့ မဖြစ်နိုင်ကြ။
ယခု စစ်အာဏာရှင်နစ်ကြောင့် တိုင်းပြည်ဒုက္ခရောက်နေရသည်ကို ပြောနေခြင်းဖြစ်၏။ သမ္မတလည်း စစ်ဗိုလ်ချုပ်၊ လွှတ်တော် ဥက္ကဋ္ဌလည်း စစ်ဗိုလ်ချုပ်၊ ဝန်ကြီးများသည်လည်း စစ်ဗိုလ်ချုပ်များ၊ ထောင်မှူး ထောင်ပိုင်များသည်လည်း စစ်တပ်က။ ရဲမှူးက အစ စခန်းမှူး အထိ စစ်တပ်၊ တမိုးလုံးဖြောက်ဆိတ်ဖြစ်နေသည်ကို ပြောင်းလဲရပေမည်ဟု ထောက်ပြကြခြင်း ဖြစ်လေသည်။
၂၀၁၅ အလွန်တွင် အပြောင်းအလဲတကယ်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ ထိုသို့ဆွေးနွေးချက်များကို စေတနာသန့်သန့်၊ ဂိုဏ်း ဂဏစွဲ ကင်းကင်း၊ ရိုးရိုးသားသား စဉ်းစားကြဖို့ လိုပါသည်။ ဥပမာ တခုပြောရလျှင် ယခု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးပြီး ဒုတိယအကျော့ ခြေလှမ်းအဖြစ် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ဆွေးနွေးရာတွင် စစ်တပ်က သူချထားသောမူ ၆ ချက်ကို အခိုင်အမာတင်ပြလေသည်။ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ထို ၆ ချက်ကို လုံး၀ အထိပါးမခံ တင်ပြဆွေးနွေးမည်ဟု ဆို၏။
ထိုသို့သော အလျှော့မပေးလျှင် ငြိမ်းချမ်းရေးဘယ်တော့မှ မရနိုင်ပေ။ စစ်တပ်က အသေ ကိုင်စွဲထားသောမူ ၆ ချက်တွင် ၂ ချက်မှာ တည်ဆဲဥပဒေများကို လိုက်နာရမည်။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံရမည်ဆိုသည်များဖြစ် ၏။ လုံးဝလက်ခံနိုင်ကြမည်မဟုတ်ပေ။ ၂၀၀၈ ဖွဲ့စည်းပုံကိုပြည်သူက မပြင်ပြင်အောင်၊ မပျက်ပျက်အောင် လုပ်ဆောင်ကြ ပေလိမ့် မည်။ ညောင်၂ပင်ညီလာခံတွင် ထိုဖွဲ့စည်းပုံရေးဆွဲစဉ်က ထိုဖွဲ့စည်းပုံကို ဝေဖန်လျှင် ထောင်တသက်တကျွန်း အထိပင် ချမည်ဟု ခြိမ်းခြောက် ထားလေသည်။
အမျိုးသားရင်ကြားစေ့ရေးကို တည်ဆောက်ကြမည်ဆိုလျှင် အသေကိုင်ထား၍ မရပေ။ အဖေမှာ မှာသည့် အတိုင်း၊ အမေမှာ၊ မှာသည့်အတိုင်း မျက်လုံးစုံမှိတ်ထား၍ မရပေ။ ၂၀၀၅ အလွန်တွင် ထိုအသေဆုပ်ကိုင် ခြင်း ဗျူဟာကိုသာ ကျင့်သုံးမည် ဆိုလျှင် တိုင်းပြည်အပြောင်းအလဲသည် ဖြစ်လာနိုင်မည်မဟုတ်၊ စီးပွားရေး အပြောင်းအလဲသည် ဖြစ်လာနိုင်မည်မဟုတ်။
ပြည်တွင်းငြိမ်းချမ်းရေးမှာလည်း လိုက်လေဝေးလေဖြစ်လာပေ မည်။ အတိုက်အခံများကလည်း အာဏာခွဲဝေခြင်းမှအစ တိုင်းပြည် တိုးတက်မည့် လမ်းကို တကယ်သွားမည်ဟု သဘောတူလျှင် တဖက်နှင့်တဖက် နားလည်သဘောပေါက်ဖို့လိုသည်။ ပါတီစွဲ၊ ပုဂ္ဂိုလ် စွဲ လည်း ကင်းဖို့လိုပါသည်။
သို့သော် ပြီးခဲ့သော လွှတ်တော်၌ပင် အပြောင်းအလဲနှင့် တိုင်းပြည်တိုးတက်ရေး အတွက် မကြည့်ဘဲ စစ်တပ် ကိုယ်စားလှယ်များက ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ပုဒ်မကို ပြင်ဆင်ဖို့ ငြင်းပယ်လိုက်ကြသည်။ လူထုမလိုလားသော ပုဒ်မ ၄၃၆ ကို လည်း မပြင်ဟု ငြင်းဆိုခဲ့ကြ၏။ ၅၁ သန်းကျော်သော ပြည်သူတို့၏ ကံကြမ္မာကို လူထုက မရွေးချယ်ဘဲ ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်ဖြင့် ခန့်အပ်လိုက်သော စစ်တပ်ကိုယ်စားလှယ် ၁၆၀ ကျော်က အဆုံးအဖြတ်ပေးသည် ဆိုသည်မှာ အံ့သြဖွယ် ကောင်း လေစွ။ ကမ္ဘာကလည်း ထိုအဖြစ်ကို လက်မခံကြပေ။ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်နေသည်ဟု ဆိုခြင်းကို လှောင်ပြောင်ကြ၏။
ထိုအခြေအနေမျိုးတွင် ၂၀၁၅ လွန် မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုထူးခြား ပြောင်းလဲသွားနိုင်ပ့ါမလဲ၊ ရွေးကောက်ပွဲတွင် မဲအနိုင်ရရေး သည် အဓိက မဟုတ်တော့ဘဲ စစ်အုပ်စုက အသေဆုပ်ကိုင်ထားသော ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည်သာ အဓိကကျကြောင်း သဘောမပေါက်လျှင် ၂၀၁၅ လွန် မြန်မာ့နိုင်ငံရေးသည် ထူးထူးခြားခြား အပြောင်းအလဲရှိမည် မဟုတ်ပေ။ ။