ဖွံ့ဖြိုးရေးတွင်ရှိသော နိုင်ငံတော်၏ အခန်းကဏ္ဍကို သရုပ်ခွဲ စိစစ်နိုင်ရန် နည်းလမ်းကောင်းတခုမှာ အမေးပုစ္ဆာတရပ်နှင့် စတင်ဖို့ ဖြစ်သည်။ “အမေရိကန်ပြည်ထောင်စုသည် အားကောင်းသော နိုင်ငံတော် ဖြစ်သလော၊ သို့မဟုတ် အားနည်းသော နိုင်ငံတော် ဖြစ်သလော”ဆိုသည့် အမေးပုစ္ဆာဖြစ်သည်။
ဤမေးခွန်းအတွက် ရှင်းလင်းတိကျသော အဖြေတခုမှာ “ဆေမွန် မာတင် လစ်ပ်ဆက်” (Seymour Martin Lipset) ကဲ့သို့သော သောတုဇနများမှ လာပါလိမ့်မည်။ မာတင် လစ်ပ်ဆက်၏ အလိုအရ အမေရိက၏ နိုင်ငံရေး အင်စတီကျူးရှင်းများမှာ နိုင်ငံတော်အာဏာ ကျင့်သုံးမှုကို အားနည်းစေရန် သို့မဟုတ် ကန့်သတ်ထားရန် ရည်ရွယ်ချက်ရှိရှိ ဒီဇိုင်းဆင်ထားသည်ဟု ဆိုသည်။ သမိုင်းကို ပြန်ကြည့်လိုက်လျှင် အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတော်အာဏာ ပိုင်စိုးမှုကို ဆန့်ကျင်သော တော်လှန်ရေးတရပ်မှ မွေးဖွားလာသည့် နိုင်ငံဖြစ်သည်။ ဤသမိုင်းနောက်ခံမှ ပေးလိုက်သော “နိုင်ငံတော်ဝါဒ ဆန့်ကျင်ရေး၊ နိုင်ငံရေးဓလေ့” က နိုင်ငံတော်အာဏာ ထိန်းချုပ်ကန့်သတ်ရေးကို အခိုင်အမာ ရပ်ခံထားသည်။ ဤအတွက် ထင်ရှားသည့် ဥပမာမှာ ပုဂ္ဂလိက အခွင့်အရေးများ၊ အာဏာခွဲဝေ ကျင့်သုံးရေး၊ ဖယ်ဒရယ်စနစ် စသည်များကို ရှင်းရှင်းလင်းလင်း အကာအကွယ် ပေးထားသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစိုးရပုံသဏ္ဍာန်မျိုးပင် ဖြစ်သည်။
မာတင်လစ်ပ်ဆက်က ဆက်လက် ထောက်ပြသည်မှာ အမေရိကအနေနှင့် နောက်ပိုင်းတွင် “ရွှေပြည်သာ နိုင်ငံတော်” တည်ဆောက်ခဲ့သည်မှာ မှန်သော်လည်း တခြားဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံများနှင့် နှိုင်းယှဉ်လျင် နိုင်ငံတော်အာဏာကို အများကြီး ကန့်သတ်ထားခဲ့သည်ဟု ဆိုပါသည်။ ဥပမာ အမေရိက တခွင်တပြင်လုံး သဘောဆောင်သော အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုစနစ် မရှိသည်မျိုး အလားတူ အမေရိကန် ဈေးကွက်မှာ ဥရောပ ဈေးကွက်များလောက် ထိန်းချုပ်မှုတွေ မများဟု ထောက်ပြသည်။ ထို့ထက် ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း ရွှေပြည်သာ နိုင်ငံတော်လမ်းကြောင်းကို ပြန်လည်ထိန်းချုပ် ဟန့်တားခဲ့ကြသည့် လှုပ်ရှားမှုတွင်လည်း အမေရိကန် ပြည်ထောင်စုမှာ ရှေ့ဆုံးတန်းမှ ပါဝင်ခဲ့သည်ဟု ဆိုသည်။
သို့တိုင် ဆိုခဲ့ပါမေးခွန်း၏ တခြားသော အဖြေအရမူ အမေရိကန် ပြည်ထောင်စုတွင် အလွန်သန်စွမ်းသော နိုင်ငံတော်တရပ် ရှိသည်ဟု အဓိပ္ပါယ်ရပါလိမ့်မည်။ အကျော်ဒေးယျ ဂျာမန်လူမှုဗေဒပညာရှင် “မက်စ် ဝက်ဘာ” (Max Weber) က “နိုင်ငံတော်” ဆိုသည်ကို ယခုလို အထင်အရှား အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ “သတ်မှတ်ထားသော နယ်ပယ်ပိုင် နက်တခုအတွင်း ရုပ်ပိုင်းဆိုင်ရာ အင်အားကို တရားနည်းလမ်းကျစွာ အသုံးပြုနိုင်ရန် တဦးတည်းပိုင် လုပ်ပိုင်ခွင့်အာဏာကို အခိုင်အမာ (အောင်မြင်စွာ) ရယူထားသည့် လူသားအစုအဝေး တရပ်” ဟူ၍ ဖြစ်သည်။ ဤ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ နိုင်ငံတော်ဖြစ်တည်မှု၏ အနှစ်သာရမှာ ဥပဒေအရ အာဏာတည်စေသည့် သဘောပင် ဖြစ်သည်။ နိုင်ငံတော်မှ ပြဌာန်းထားသော ဥပဒေများကို လူအများ လိုက်နာစေရန် ယူနီဖောင်းဝတ် တယောက်ကို သေနပ်တလက်နှင့် စေလွှတ်လိုက်သည့်သဘောဟု အခြေခံအားဖြင့် ဆိုနိုင်ပါလိမ့်မည်။
မက်စ် ဝက်ဘာ၏ ဆိုခဲ့ပါ ဖွင့်ဆိုချက်အရဆိုလျင် အမေရိကတွင် အထူးအားကောင်းသန်စွမ်းသော နိုင်ငံတော် တရပ် အမှန်ပင် ရှိသည်။ အမေရိက၏ နယ်ပယ်ပိုင်နက်တလွှား (ဒေသအဆင့် ဖြစ်စေ၊ ပြည်နယ်အဆင့် ဖြစ်စေ၊ ပြည်ထောင်စုအဆင့် ဖြစ်စေ) လိုအပ်သည်ထက်ပင် ပိုနေသော ရဲတပ်ဖွဲ့များနှင့် တခြားသော အေဂျင်စီများ ရှိသည်။ ၎င်းတို့ကပင် တာဝန်ယူ၍ ယဉ်စည်းကမ်းဥပဒေနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဥပဒေ ထိန်းချုပ်မှုများမှသည် ရာဇဝတ်ကျင့်ထုံးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် နိုင်ငံသားအခွင့်အရေး ဥပဒေအထိ အရာအားလုံးကို အာဏာတည်စေရန် ဆောင်ရွက်ပေးပါသည်။
တနည်းဆိုလျှင် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံတော် လုပ်ဆောင်မှုများ၏ နယ်ပယ်ကို ဂရုတစိုက် ထိန်းချုပ်ထားသော ကန့်သတ်ထားသည့် အစိုးရတရပ် ရှိပေသည်။ သို့တစေ အဆိုပါ နယ်ပယ်အတွင်းတွင် မူနိုင်ငံတော်၏ လုပ်ပိုင်ခွင့် အာဏာမှာ ကြီးမားကျယ်ပြန့်လှသည်။ ဤလုပ်ပိုင်ခွင့်အာဏာမှာ စာရွက်ပေါ်တွင်သာ ရှိသည်မဟုတ်။ ဥပဒေများ၊ ပေါ်လစီများကို ဖန်တီးဖော်ထုတ်စေရုံမျှမက၊ တရားဝင်ဖြစ်စေလောက်သော သန်စွမ်းသည့် စွမ်းဆောင်ရည် အပြည့်ရှိသည်။ သို့နှင့်အမျှ အမေရိကန်နိုင်ငံသား တော်တော်များများဘက်တွင် နိုင်ငံတော်အာဏာပိုင်များ၏ စွမ်းဆောင်ရည်နှင့် စိတ်ခံစာမှုတို့နှင့် ပတ်သက်ပါက မှားသည်ဟု မဆိုနိုင်သော သံသယအမြင်အချို့ ရှိသလောက် ရှိနေခြင်းဖြစ်သည်။ အရပ်သုံးအမေရိကန် အင်္ဂလိပ်ဘာသာစကားတွင် ပြောလေ့ပြောထရှိသည့် စကားရပ်တခုရှိသည်။ “အစိုးရအလုပ်လို ထပ်တူနီးပါးစံနှုန်းနဲ့ အလုပ်တခု လုပ်ပြီးပါပြီ” ဆိုသော စကားဖြစ်သည် (ချီးကျူး အမွန်းတင် ပြောသည်မဟုတ်။ အငေါ်တူး၍ ပြောသည့်သဘော)။
မည်သို့ပင်ရှိစေ အမေရိကန်၏ တရားဥပဒေစိုးမိုးမှုမှာ ကျန်ကမ္ဘာ့နိုင်ငံ အများစုအတွက် မနာလိုချင်စရာ အားကျစရာ ဖြစ်သည်မှာကား အမှန်ပင်ဖြစ်သည်။ တိကျလွန်း၊ တင်းကျပ်လွန်း၍ မကျေမနပ် ညည်းညူ ပြောဆိုကြသည်များပင် ရှိသည်။ အမေရိကန်များက ဒေသဆိုင်ရာ မော်တော်ယဉ် အာဏာပိုင်များ၏ ဆက်ဆံ ပြုမူပုံနှင့် ပတ်သက်လျှင် မက္ကစီကိုစီးတီး သို့မဟုတ် ဂျကာတာတွင် ဒရိုင်ဘာလိုင်စင် ယူရသလို သို့မဟုတ် ယာဉ်လက်မှတ်ဝယ်ရသလို လွယ်ကူအဆင်ပြေစေရန် ကြိုးစားသင့်သည်ဟု ဆိုပါသည်။
သို့အတွက် ‘နိုင်ငံတော် လုပ်ဆောင်မှုများ၏ နယ်ပယ်’ နှင့် ‘နိုင်ငံတော်အာဏာ၏ သန်စွမ်းမှု’ ဆိုသည်ကို ခွဲခြားကြည့်မြင် သည်ကသာ အဓိပ္ပါယ်ရှိပါလိမ့်မည်။ ‘နိုင်ငံတော် လုပ်ဆောင်မှုများ၏ နယ်ပယ်’ ဆိုရာတွင် နိုင်ငံတော်က တာဝန်ယူ ဆောင်ရွက်သည့် အမျိုးမျိုးသော လုပ်ဆောင်မှုများနှင့် ရည်မှန်းချက်များကို ဆိုလိုသည်။ ‘နိုင်ငံတော်အာဏာ၏ သန်စွမ်းမှု’ ဆိုသည်မှာ နိုင်ငံတော်၏ ပေါ်လစီများ စီမံဆောင်ရွက်နိုင်စွမ်း၊ ဥပဒေများ ရှင်းရှင်းလင်းလင်းနှင့် ပွင့်လင်းမြင်သာစွာ ဖော်ထုတ်နိုင်စွမ်းတို့ကို ဆိုလိုရင်းဖြစ်သည်။ ယခုအခါ ‘နိုင်ငံတော် စွမ်းဆောင်ရည်’ သို့မဟုတ် ‘အင်စတီကျူးရှင်းဆိုင်ရာ စွမ်းဆောင်ရည်’ စသဖြင့် ရေဘုယျ ရည်ညွှန်းကြပါသည်။ နိုင်ငံတော်ဖြစ်တည်မှုနှင့် ပတ်သက်သော ကျွနု်ပ်တို့၏ နားလည်မှုတွင် ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေရသည်မှာ ‘သန်စွမ်းမှု’ ဆိုသောဝေါဟာရကို ‘နယ်ပယ်’ ဆိုသော ဝေါဟာရနှင့်ရော ‘သန်စွမ်းမှု’ သို့မဟုတ် ‘စွမ်းဆောင်ရည်’ ဆိုသော ဝေါဟာရနှင့်ပါ ခွဲခြားမှုမရှိဘဲ ဗလုံးဗထွေး အသုံပြုနေခြင်းပင် ဖြစ်သည်။
နိုင်ငံတော်ဖြစ်တည်မှု၏ ဆိုခဲ့ပါ မျက်နှာစာနှစ်ရပ်ကို ခွဲခြားကြည့်မြင်ခြင်းဖြင့် ‘ကွန်ချာ’ တရပ် ဖန်တီးနိုင်စရာ ရှိပါသည် (အဆိုပါ မျက်နှာစာနှစ်ရပ်ကို X နှင့် Y ဝန်ရိုးအဖြစ်ယူပြီး ဂရပ်ဆွဲကြည့်ဖို့ ဖြစ်သည်)။ ဤသို့ ရရှိ လာသော ‘ကွန်ချာ’ က ကမ္ဘာပေါ်ရှိ အမျိုးမျိုးအထွေထွေသော နိုင်ငံများ၏ နိုင်ငံတော်ဖြစ်တည်မှုအဆင့် ဒီဂရီကို ခွဲခြားသိမြင်စေရန် အကူအညီ ပေးပါလိမ့်မည်။ ကျွန်ုပ်တို့အနေနှင့် နိုင်ငံတော်လုပ်ဆောင်မှုများ၏ နယ်ပယ်ကို ‘သန္တာန်တခု’ (X ဝန်ရိုး) ပေါ်တွင် အစဉ်အတိုင်း ခင်းကျင်းကြည့်နိုင်သည်။ လိုအပ်သော လုပ်ဆောင်မှုများနှင့် အရေးကြီးသော လုပ်ဆောင်မှုများမှ စတင်ကာ မိမိလိုလားသော၊ ရွေးချယ်ထားသော လုပ်ဆောင်မှုများအထိ စီစဉ်ခင်းကျင်းဖို့ ဖြစ်သည် (တချို့သော လုပ်ဆောင်မှုများမှာ ဆန့်ကျင်ဘက် အကျိုးဆက်များရှိနိုင်ပြီး ပျက်စီးဆုံးပါးမှုမျိုးပင် ဖြစ်ကောင်းဖြစ်နိုင်သည်)။ အစိုးရ လုပ်ဆောင်မှုများ (အထူးသဖြင့် ဓနခွဲဝေဖြန့်ဖြူးမှုနှင့် လူမှုရေး ပေါ်လစီလို ပြသနာများ) နှင့် ပတ်သက်လျင် အများညီ ဦးစားပေးအစီအစဉ်မျိုးကား ရှိနိုင်သည် မဟုတ်ချေ။
လူတော်တော်များများကမူ ‘ဦးစားပေး ထက်အောက် အစီအစဉ်’ မျိုး အတိုင်းအတာတရပ်အထိ ရှင်းသင့်သည်ဟု သဘောတူထားသည်။ လူတိုင်းရရှိခံစားနိုင်သော ကျန်းမာရေး အာမခံပေါ်လစီမျိုး၊ အခမဲ့ အဆင့်မြင့် ပညာရေးလို လုပ်ဆောင်မှုများ လုပ်မပေးနိုင်လျှင်သော်မှ နိုင်ငံတော်တရပ် အနေနှင့် ပြည်သူလူထုကို ပြင်ပ ကျူးကျော်မှုများမှ ကာကွယ်ပေးသင့်သည်၊ တည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးသင့်သည် စသဖြင့် သဘောယူ ကြသည်များ ရှိသည်။ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ကြေငြာထားသော “၁၉၉၇ ကမ္ဘာ့ဖွံ့ဖြိုးမှု အစီရင်ခံစာ” က ဖြစ်နိုင်ခြေရှိသော နိုင်ငံတော် လုပ်ဆောင်မှုများ၏ စာရင်းကို ပြုစုပေးပါသည်။ ဤစာရင်းတွင် အနိမ့်ဆုံးလုပ်ဆောင်မှု၊ အလယ်အလတ် လုပ်ဆောင်မှုနှင့် အတက်ကြွဆုံး (အမြင့်ဆုံး) လုပ်ဆောင်မှုဟူ၍ အုပ်စုသုံးစု ခွဲထားသည်။ ဤစာရင်းမှာ ပြီးပြည်စုံပြီဟု အတိအကျ မဆိုသော်လည်း နိုင်ငံတော်လုပ်ဆောင်မှုများ၏ နယ်ပယ်ကို တွက်ချက် တိုင်းတာနိုင်ရန် အသုံးဝင်သော ‘စံသတ်မှတ်ချက်’ များ ပေးပါသည်။
မတူခြားနားသော နိုင်ငံအသီးသီးမှာ အနိမ့်ဆုံးလုပ်ဆောင်မှုမှ အမြင့်ဆုံးလုပ်ဆောင်မှုထိ စီစဉ်ခင်းကျင်း ထားသော ဆိုခဲ့ပါ ‘သန္တာန်’ တလျှောက် မတူသော နေရာအသီးသီးတွင် ရှိကြပါလိမ့်မည်။ ၎င်းတို့၏ အဆင့် နေရာများကို သတ်မှတ် ပေးသည်မှာ ၎င်းတို့ ရည်မှန်းချက် ဘယ်လောက်ကြီး မကြီးဆိုသော အချက်နှင့် ၎င်းတို့ အစိုးရများ ဘယ်လောက် အတိုင်းအတာထိ အောင်မြင် ရရှိလိုသည်ဆိုသော အချက်များအပေါ် မူတည်သည်။ တချို့သော နိုင်ငံများမှာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများလို၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချေးငွေများ ခွဲဝေသတ် မှတ်ရေးလို၊ ရှုပ်ထွေးသော အုပ်ချုပ်ရေးလုပ်ငန်းများကို ကြိုးစားနေကြသည့်တိုင် တရားဥပဒေ စိုးမိုးရေးလို၊ အခြေခံ အဆောက်အအုံများလို လူထု၏ အရင်းခံလိုအပ်ချက်များကို မဖြည့်ဆည်းနိုင် ဖြစ်နေကြသည်။ မည်သို့ပင် ရှိစေ တိုင်းပြည်အသီးသီးကို ၎င်းတို့ ရည်မှန်းချက်ထားသော အတိုင်းအတာအလျှောက် ‘သန္တာန်’ ပေါ်တွင် အစဉ်အတိုင်း ခင်းကျင်းဖော်ပြသည်ကသာ အကောင်းဆုံး ဖြစ်သည် (အဆိုပါသန္တာန်၊ တနည်း X ဝင်ရိုး၏ ဘယ်ဘက်ရောက်လေ နိုင်ငံတော် လုပ်ဆောင်မှု နယ်ပယ်သေးလေ၊ ညာဘက်ရောက်လေ နယ်ပယ်ကျယ်လေ ဖြစ်သည်)။
နောက်ထပ် ‘သန္တာန်’ တခု (Y ဝန်ရိုး) မှာ ပထမ ‘သန္တာန်’ (X ဝန်ရိုး) ပေါ် ထောင့်မတ်ကျကျ ရှိနေရမည်ဟု စဉ်းစားရပါမည်။ ဤ ‘သန္တာန်’ ကို နိုင်ငံအမျိုးမျိုးတို့၏ နှိုင်းရသန်စွမ်းမှု၊ တနည်း အင်စတီကျူးရှင်း ဆိုင်ရာ စွမ်းဆောင်ရည် တခုလုံးကို သတ်မှတ်ဖော်ပြဖို့ အသုံးပြုသည်။ ‘သန်စွမ်းမှု’ ဟု ဆိုရာတွင် အထက်တွင် ဖော်ပြပြီးခဲ့သည့်အတိုင်း ဥပဒေ၊ နည်းဥပဒေများ ပြုနိုင်စွမ်း၊ ပေါ်လစီများ ရေးဆွဲဆောင်ရွက်နိုင်စွမ်း၊ နှိုင်းရစွမ်း ဆောင်ရည်ဖြင့် အစိုးရလုပ်ငန်းများကို စီမံအုပ်ချုပ်နိုင်စွမ်း၊ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ် ယူမှုများကို ထိန်းချုပ်နိုင်စွမ်း၊ အစိုးရ အင်စတီကျူးရှင်းများတွင် အဆင့်မြင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု တို့ကို ထိန်းသိန်းနိုင်စွမ်း၊ (အရေးကြီးဆုံးမှာ) ဥပဒေများကို အာဏာတည်စေနိုင်စွမ်းတို့ အကျုံးဝင်သည်။
ဤနေရာတွင်လည်း နိုင်ငံတော်အင်စတီကျူး ရှင်းများ၏ သန်စွမ်းမှုကို တိတိကျကျ သတ်မှတ်နိုင်သော အများညီ စံကိုက်တိုင်းတာမှုမျိုး ရှိနိုင်သည်မဟုတ်ပါချေ။ ထို့ထက် နိုင်ငံတော်အင်စတီကျူးရှင်း အမျိုးမျိုးမှာ မတူခြားနားသော အဆင့်အသီးသီးဖြင့် ပြုမူလုပ်ဆောင်ကြသည်များလည်း ရှိတတ်ပါသည်။ ဥပမာ အီဂျစ်မှာဆိုလျင် နိုင်ငံတော် လုံခြုံရေးယန္တယားမှာ ရက်စက်စက်ကြီးကို ထိရောက်လှသည်။ သို့တစေ တခြားသောအစိုးရ အေဂျင်စီများမှာကား ဗီဇာလျှောက်ထားသည်မျိုးလို၊ စီးပွားရေး လုပ်ငန်းငယ်များအတွက် လိုင်စင်လျှောက်ရသည်မျိုးလို ရိုးရှင်းလွယ်ကူသော လုပ်ငန်းများကိုပင် ပုံမှန်အားဖြင့် အဆင့်ရှိရှိ စီမံခန့်ခွဲနိုင်စွမ်း မရှိပါချေ။ မက္ကစီကိုနှင့် အာဂျင်တီးနား အစိုးရများမှာ ဗဟိုဘဏ်လို နိုင်ငံတော် အင်စတီကျူးရှင်းများ ပြုပြင်ပြောင်းလဲရာတွင် ကျွမ်းကျင် လိမ္မာလှသည်ဟု သတင်းမွှေးပါသည်။ သို့တိုင်အောင် ဘဏ္ဍာရေးပေါ်လစီကို ထိန်းချုပ်ရာတွင် သော်လည်းကောင်း၊ အဆင့်မြင့် အစိုးရကျောင်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်တို့တွင် သော်လည်းကောင်း ဤမျှ ကျွမ်းကျင်မှု မရှိလှဟု သိရသည်။ သို့အတွက် နိုင်ငံတော် စွမ်းဆောင်ရည်နှင့် ပတ်သတ်လျှင် ကျွန်ုပ်တို့အနေနှင့် ချောမွေ့သော ဖြစ်စဉ်ဖြစ်ရပ်ထက် မညီညာ မပြေပြစ်သော ဖြစ်စဉ်ဖြစ်ရပ်အဖြစ် မှတ်ယူစဉ်းစားအပ်ပါသည်။ နိုင်ငံတခုတည်းမှာပင်ဖြစ်စေ၊ တခုသော နိုင်ငံတော်လုပ်ဆောင်မှုရှိ စွမ်းဆောင်ရည်မှာ တခြားလုပ်ဆောင်မှု တခုရှိ စွမ်းဆောင်ရည်နှင့် အကြီးအကျယ် ကွာခြားတတ်သောကြောင့် ဖြစ်ပါသည်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက အင်စတီကျူးရှင်းများ၏ အရည်အသွေးကို ပြန်လည် အလေးထားလာကြရာ ယခုအခါ အဆိုပါကိစ္စနှင့် ဆီလျော်အပ်စပ်သော ညွှန်းကိန်းများ အမြောက်အများ ရှိနေပြီဖြစ်သည်။ ဤညွှန်ကိန်းများက နိုင်ငံများကို ထိရောက်စွမ်းဆောင်မှု အတိုင်းအတာအရ နေရာချ သတ်မှတ်နိုင်ရန် အကူအညီ ပေးနိုင်ပါသည်။ ၎င်းတို့ထဲမှ တခုမှာ ‘နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့’ မှ ပြုစုသော “Corruption Perception Index” ဖြစ်သည်။ ဤညွှန်ကိန်းမှာ နိုင်ငံအသီးသီးတွင် အလုပ်လုပ်နေကြသော စီးပွားရေးဘက်မှ ပုဂ္ဂိုလ်များ၏ ဖြေကြားချက်များဖြင့် ပြုစုထားသော စစ်တမ်း တခုကို အခြေခံသည်။
နောက်ထပ်ညွှန်ကိန်းတခုမှာ ပုဂ္ဂလိကပိုင်းမှ ပြုစုထားသော “International Country Guide” ဖြစ်ပါသည်။ ဤညွှန်ကိန်းက အဂတိလိုက်စားမှု၊ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်မှု၊ ဗျူရိုကရေစီ အရည်အသွေးတို့ကို ကိန်းဂဏန်းများဖြင့် ဖော်ပြထားသည်။ ကမ္ဘာ့ဘဏ်အဖွဲ့ကြီးကလည်း မကြာသေးမီကပင် နိုင်ငံပေါင်း ၁၉၉ နိုင်ငံကို ကိုယ်စားပြုသည့် အုပ်ချုပ်ရေးစွမ်းရည်ဆိုင်ရာ ညွှန်ကိန်းတခု ထုတ်ပြန်ထားသည်။ ထို့အပြင် Freedom House က နှစ်စဉ် ထုတ်ပြန်လေ့ရှိသော စစ်တမ်းတခုလည်း ရှိပါသေးသည်။ ဤစစ်တမ်းက တကမ္ဘာလုံး အတိုင်းအတာ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ၊ အရပ်ဘက် လွတ်လပ်မှုများ၊ အစိုးရပုံစံနှင့် လုပ်ငန်းစဉ်များကို စုစည်းဖော်ပြထားသည်။
ဆက်လက်ဖော်ပြပါမည်။
ဖရန်စစ် ဖူကူယားမား (Francis Fukuyama) သည် နိုင်ငံရေး သိပ္ပံပညာရှင်၊ နိုင်ငံရေး ဘောဂဗေဒ ပညာရှင်ဖြစ်ပြီး ဂျော့မေဆန် တက္ကသိုလ်၊ ဂျွန်စ် ဟော့ပ်ကင်းစ် တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ စတန်းဖို့ဒ် တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်နေသည်။ ယခုဆောင်းပါးကို State-Building: A New Agenda (၂၀၀၄ ခုနှစ် Cornell University Press) စာအုပ်မှ ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပြီး Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ဖြင့် Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ Educational Initiatives သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ လူသားအရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသည့် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ www.eduinitiatives.org သို့ ဝင်ရောက် လေ့လာနိုင်သည်။