ပုဂံဒေသကို ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ဖြစ်လာရန် စေတီပုထိုးများနှင့် ပတ်သက်သည့် အချက်အလက်မျိုးစုံ စာရင်း ပြုစုခြင်း လုပ်ငန်း စတင်တော့မည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန က ပြောသည်။
နေပြည်တော်ရှိ အမျိုးသား ပြတိုက်တွင် ဇူလိုင် ၂၄ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါ်စန္ဒာခင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အဆိုပါလုပ်ငန်း မည်သည့်ကာလတွင် စတင်မည် ဆိုသည်ကိုတော့ မသိရှိရသေးပေ။
“စာရင်းပြုစုမှု လုပ်ငန်းက မကြာခင် စတင်တော့မယ်။ စေတီ ပုထိုးပေါင်းက ၃၀၀၀ ကျော်ဆိုတော့ အချိန်တော့ ယူရမှာပေါ့။ ရှေးလက်ရာအတိုင်း ရှိနေတာတွေ၊ ပြန်လည် ပြုပြင်ထားတာတွေ စသည်ဖြင့်ပေါ့။ ရှေးမူမပျက် ရှိနေသေးတဲ့ ဘုရားပုထိုးတွေကတော့ ၄၀၀ လောက် ရှိနေသေးတယ်”ဟုလည်း ဒေါ်စန္ဒာခင်က ရှင်းပြသည်။
ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင်နိုင်ရန် တင်သွင်းရမည့် လုပ်ငန်းစဉ် တခုဖြစ်သည့် စေတီ ပုထိုးများ၊ ရှေးဟောင်း အမွေအနှစ်များနှင့် ပတ်သက်သည့် ပျက်စီးမှုများ၊ တည်ဆောက်ခဲ့စဉ်က အတိုင်း ရှိနေဆဲ စေတီ ပုထိုးများ၊ ပြန်လည် ပြုပြင်မှု ပြုလုပ်ခဲ့သည့် စေတီ ပုထိုးများနှင့် ရှေးလက်ရာ အတိုင်းကျန်ရှိနေသည့် စေတီ ပုထိုးများ စသည်ဖြင့် စေတီပုထိုး၊ အမွေအနှစ်ပေါင်း ၃၀၀၀ ကျော်ကို စာရင်း ကောက်ယူခြင်း လုပ်ဆောင်မည် ဖြစ်သည်ဟု ဆိုသည်။
ရှေးဟောင်း အမွေအနှစ် ဒေသတခုဖြစ်သည့် ပုဂံဒေသတွင် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည် အများအပြား ဝင်ရောက်ခြင်း၊ ဟိုတယ်ဇုန်များ တည်ဆောက်ခြင်းနှင့် လူနေ ရပ်ကွက်များ တိုးချဲ့ နေထိုင်လာခြင်း များကြောင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။
ပုဂံဒေသရှိ ဘုရား ဆင်းတုတော်များတွင် ဆော့ပင်များ၊ မှင်များ သုံး၍ စာများ ရေးခြင်း၊ “မဝင်ရ”ဟု တားမြစ်ထားသည့် နေရာများရှိ သံတန်း တချို့ကို ဖျက်ဆီးခြင်း၊ စေတီပုထိုးများအတွင်း အမှိုက်သရိုက်များ ပစ်ချခြင်းတို့ ရှိနေသဖြင့် ဒေသခံများ၊ ခရီးသွား ဧည့် သည် များကို အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်ရမည်ဟု ဒေါ်စန္ဒာခင်က ပြောဆိုသည်။
ထို့အပြင် စေတီပုထိုးများတွင် လုံခြုံရေး အစောင့်အင်အားများ တိုးချဲ့ခြင်း၊ ကျွမ်းကျင် ဝန်ထမ်းများဖြင့် အချက်အလက် ကောက်ယူခြင်းများ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံနှင့် အီတလီနိုင်ငံမှလည်း ပုဂံဒေသကို ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ အကူအညီ ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
၂၀၁၄ ခုနှစ် ဇွန်လအတွင်းက ပျူမြို့ဟောင်း ၃ ခု ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာ မြို့ဟောင်း များကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO) က အသိအမှတ် ပြုခဲ့သည်။
ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံတဝန်းရှိ ရှေးဟောင်း အမွေအနှစ် နယ်မြေများစွာကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး ကြိုးစားလျက်ရှိပြီး လတ်တလောတွင် ပုဂံ၊ အင်းဝ၊ မြောက်ဦး စသည့် ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဒေသ ၄၆ ဇုန်ကို ယဉ်ကျေးမှု အမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။