ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ တိုးချဲ့ရပ်ကွက် ဦးဝိစာရလမ်းရှိ နေအိမ်တခုတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးကို အိမ်ရှင်ဖြစ်သူက ရိုက်နှက် နှိပ်စက်ခဲ့သဖြင့် အိမ်ရှင်ကို စစ်ဆေးနေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး လှသန်းက ဧရာဝတီသို့ ပြောသည်။
ရဲမှူး လှသန်းက “အာမခံပေးလို့ရတဲ့ အမှုဆိုတော့ အိမ်ရှင်ကို အာမခံတော့ ပေးထားတယ်။ အိမ်ရှင်ကို စုံစမ်း စစ်ဆေးမှုတွေတော့ လုပ်နေပြီ။ မိန်းကလေးက အဲဒီအိမ်ကနေ ထွက်ပြေးလာတာ၊ ရဲစခန်းကို အကြောင်း ကြားခဲ့တယ်” ဟု ပြောသည်။
ယင်းအမှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဒေါ်အေးဝင်းကို ပ/၃၆၅/၂၀၁၅ အရ ရိုက်နှက်မှု ပုဒ်မ ၃၂၅၊ အနိုင့်အထက်ပြုမှု ပုဒ်မ ၃၅၄၊ ဆဲဆိုမှု ပုဒ်မ ၂၉၄ နှင့် ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် ဒဂုံ မြောက်ပိုင်း မြို့မရဲစခန်းက ဇူလိုင် ၁၅ ရက်နေ့တွင် စတင် အမှုဖွင့်ထားသည်ဟု သိရသည်။
၂၀၁၃ ခုနှစ်မှ စတင်ကာ အိမ်အကူအဖြစ် လုပ်ကိုင်နေသူ မသန်းသန်းကို ဦးခေါင်း၊ လက်၊ ခြေနှင့် ကျောဘက် တို့ကို သံဆူးကြိုး၊ သံယောင်းမတို့ဖြင့် ရိုက်နှက် နှိပ်စက်ခဲ့သည့်အတွက် ကာယကံရှင်၏ ခန္ဓာကိုယ်တခုလုံးတွင် အမာရွတ်များ၊ ဒဏ်ရာများဖြင့် ပြည့်နှက်နေကြောင်း သိရသည်။
ကာယကံရှင် မသန်းသန်း၏ အုပ်ထိန်းသူ ဦးမျိုးဦးက “ကလေးက အိမ်ကို စရောက်လာတုန်းကဆို စိတ်ထဲမှာ ကြောက်နေရှာတယ်။ အခုတော့ ဆေးရုံကြီးမှာ ဆေးစာယူဖို့တွေ လုပ်နေတယ်။ သက်ဆိုင်ရာ အားလုံးကို တိုင်ထားပြီးပြီ။ အိမ်ရှင်တွေက သူတို့ အဆင်မပြေလည်း ကလေးကို ရိုက်တယ်။ တခုခုအမှား လုပ်မိလည်း ရိုက်နှက်နေတာ” ဟု ပြောသည်။
လက်ရှိတွင် မသန်းသန်းကို ဆွေမျိုး နီးစပ်တော်သူ ဦးလေးနှင့် အဒေါ်ဖြစ်သူက ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။
ပဲခူးတိုင်း ဒေသကြီး တရားသူကြီး၏ ဇနီးက နှိပ်စက်သည့် အိမ်အကူ မိန်းကလေးအမှု၊ ဧရာဝတီတိုင်း ဒေသကြီးမှ မော်ဒယ် သီရိကိုကိုနိုင်က နှိပ်စက်သည့် အိမ်အကူ မိန်းကလေးအမှုနှင့် မန္တလေးတိုင်း ဒေသကြီး မန္တလေး မြို့နေ ၁၃ နှစ်အရွယ် အိမ်အကူ ကလေးအား နှိပ်စက်သည့် အမူများကို ကာယကံရှင်များက အမှုဖွင့်တိုင်ကြား ထားပြီး သက်ဆိုင်ရာ ရဲစခန်းများက စုံစမ်းစစ်ဆေးနေသော်လည်း ယနေ့အချိန်ထိ ရိုက်နှက်နှိပ်စက်သူ တရားခံ အိမ်ရှင်များကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။