၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီကို ပြည်သူက အစိုးရအဖြစ် ရွေးကောက် တင်မြှောက်ခဲ့ပါက ပြည်သူ မလိုလားတော့ချိန်တွင် အာဏာစွန့်လွှတ်၍ ပြန်ဆင်းပေးမည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက် သည်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့တွင် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကျမတို့ရဲ့အဖွဲ့ချုပ်ကို အစိုးရအဖြစ် ပြည်သူကတင်ပြီးတဲ့နောက်မှာ ပြည်သူက မလိုလားတော့ဘူးဆိုရင် ကျမတို့အဖွဲ့ အေးအေး ဆေးဆေးနဲ့ ထွက်ပေးမှာပါ။ ကပ်ဖဲ့ပြီးတော့ နေမှာမဟုတ်ပါဘူးလို့ ပြောပါရစေ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲအကြို မဲဆွယ်ကာလ၌ ပထမဆုံးခရီးစဉ်အဖြစ် ဇူလိုင် ၂၅ ရက်က ဖျာပုံခရိုင် ကျိုက် လတ်မြို့၌ မဲဆွယ်ဟောပြောခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် မော်လမြိုင်ကျွန်း မြို့၌ ဟောပြောခဲ့ရာ ဧရာဝတီတိုင်းအတွင်းမှ NLD ပါတီ ဝင်များ အပါအဝင် ဒေသခံပေါင်း သောင်းနှင့်ချီ၍ တက်ရောက်နားထောင်ခဲ့ကြသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်သည် မြန်မာနိုင်ငံ၏ အနာဂတ်ကို အကောင်အထည်ဖော်မည် ဖြစ်၍ ပြည်သူများအနေဖြင့် ပြုပြင်ပြောင်း လဲရေး လိုလားပါက NLD ပါတီကို ရာနှုန်းပြည့်ထောက်ခံပြီး မဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်။
“၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ဟာ ဒီနိုင်ငံရဲ့အနာဂတ်ကို အကောင်အထည်ဖော်မယ့်ရလဒ်ဆိုတာ မမေ့ပါနဲ့။ ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူလူထုက လှိုက်လှဲထောက်ခံလို့ရှိရင် ဒီနိုင်ငံရဲ့ကံကြမ္မာကို ၂၀၁၅ ရွေးကောက်ပွဲကတဆင့် ပြောင်း လဲ ပေးနိုင်မယ်လို့ ကျမလုံးဝယုံကြည်ပါတယ်”ဟုလည်း သူက ပြောသည်။
ရွေးကောက်ပွဲအနိုင်ရပြီးသည်နှင့် NLD ပါတီက ချက်ချင်းအစိုးရဖွဲ့ရန် ပြင်ဆင်ထားပြီး အစိုးရဖြစ်ခဲ့ပြီးနောက် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းကို ပထမဦးစားပေး လုပ်ငန်းအဖြစ် အကောင်အထည်ဖော်သွားမည်ဟု NLD ပါတီ ခေါင်းဆောင်က မော် လမြိုင်ကျွးန်းမြို့မဲဆွယ်ပွဲတွင် ပြောဆိုခဲ့သည်။
“ကျမတို့အဖွဲ့ချုပ်ကို ပြည်သူကလိုလားလို့ မဲပေးလိုက်လို့ အပြတ်အသတ် ၁၀၀ ရာခိုင်နှုန်း နှိုင်ခဲ့လို့ အစိုးရ ဖြစ်လာရင်လည်း ကျမ တို့က အမျိုးသားရင်ကြားစေ့ရေးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ တခြားအဖွဲ့ အစည်း အစုအဖွဲ့တွေကို နှိပ်ကွပ်ဖို့မဟုတ်ဘူး။ အနိုင်ယူဖို့ မဟုတ်ဘူး။ လက်ကမ်းပြီးတော့ အားလုံး ညီညီ ညွတ်ညွတ် လုပ်ဖို့ဆိုတာ ကျမတို့ရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ ပုဒ်မ ၅၉ (စ) သည် ၎င်းအား သမ္မတမဖြစ်စေရန် တမင်ရည်ရွယ်၍ ပြဌာန်းထားသည့် ပုဒ်မဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ယခုမဲဆွယ်ခရီးစဉ်တွင် ထုတ်ဖော်ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက်ပိုင်း ယင်းပုဒ်မကို ပြင်ဆင် ရန်ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။
“ရွေးကောက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်းအောင်မြင်ပြီးမှ ဒီ ၅၉ (စ) ကို ပြုပြင်ဖို့ ခြေလှမ်းလှမ်းရမှာ ဖြစ်ပါတယ်။ ကျမ အနေနဲ့ သမ္မတ ဆို တဲ့ ရာထူးကို မမက်မောပါဘူး။ ပြည်သူလူထုနဲ့ နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့နေရာကနေ လုပ်ပိုင်ခွင့်ရှိလို့ရှိရင် ကျမ ကျေနပ်ပြီ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်ခရီးစဉ်အတွင်း ကျိုက်လတ်မြို့နှင့် မော်လမြိုင်ကျွန်းမြို့များရှိ ဆရာတော် သံဃာတော်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီးနောက် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။