အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ အကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းနေချိန်တွင် တပ်မတော်က တိုင်းရင်းသား တပ်ဖွဲ့အချို့အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကို ခြွင်းချက်မရှိ ရပ်တန့်ပေးရန် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဇူလိုင်လ ၂၇ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
တပ်မတော်၏ ထိုးစစ်များသည် NCA သဘောတူညီချက်သို့ ရောက်ရှိရန် အနှောက်အယှက် ပြုနေသကဲ့သို့ ဖြစ်နေကြောင်း၊ တပ်မတော်အနေဖြင့် စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်လိုပါက မြေပြင်ထိုးစစ်များကို ခြွင်းချက်မရှိ ရပ်တန့်ပြီး စားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာ အဖြေရှာရန် UNFC သဘောထား ထုတ်ပြန် တိုက်တွန်းထားသည်။
UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်က “NCA ဆွေးနွေးနေစဉ် ကာလမှာရော၊ ဆွေးနွေးပြီးတဲ့ ကာလမှာရော ဒီမတိုင်ခင် ကာလက ဖြစ်နေတဲ့ မြေပြင် အခြေအနေတွေကို ခြုံငုံပြီးတော့ ကျနော်တို့ UNFC အနေနဲ့ တိုင်းရင်းသား အားလုံးကို ကိုယ်စားမပြုတောင်မှ ကျနော်တို့ရဲ့ အမြင်က တိုင်းရင်းသား အားလုံးအတွက် ရပ်တည်ပြီးတော့ မျှမျှတတ စဉ်းစားသင့်တယ်။ အခြေအနေကို ပြည်သူတွေ သိအောင် ပြောသင့်တယ်ဆိုတဲ့ အခြေအနေအောက်မှာ ဒီသဘောထား ထုတ်ပြန်ချက်ကို ထုတ်လိုက်တာ” ဟု ပြောသည်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ ယခုလ ၂၂ နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) တွင် NCA စာချုပ် မူကြမ်း ၈ ကြိမ်မြောက် ဆွေးနွေးနေချိန်တွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း UNFC က ဆိုသည်။
အစိုးရက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှတဆင့် နိုင်ငံရေး ဆွေးနွေးပွဲဖြင့် တိုင်းပြည်၏ အခြေခံ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို ငြိမ်းချမ်းစွာ အဖြေရှာမည်ဟု ပြောဆိုနေသော်လည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အားလုံး အတူတကွ ပါဝင်လက်မှတ် ရေးထိုးရေးကို အကြောင်း အမျိုးမျိုးပြကာ ငြင်းပယ်နေသည်ဟု ဆိုသည်။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက “ခွကျတာပေါ့ဗျာ။ ကျနော်တို့နဲ့ အစကတည်းက ပါဝင်ဆွေးနွေးလာခဲ့တဲ့ အဖွဲ့ထဲက တချို့ကို ချန်ပြီးတော့မှ တချို့နဲ့ပဲ အပစ်ရပ်မယ် ဆိုရင်တော့ အန်ကယ်တို့ဘက်က လက်ခံဖို့ ခဲယဉ်းတယ်” ဟု သတင်းထောက်များကို ပြောသည်။
ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရက္ခိုင့် တပ်မတော် (AA) နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) နှင့် ရခိုင် အမျိုးသား ကောင်စီ (ANC) တို့ကို အစိုးရနှင့် တပ်မတော်ဘက်က တပြိုင်တည်း လက်မှတ်ထိုးရန် ဆန္ဒမရှိဟု သိရသည်။
ထို့အပြင် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးပေါ် ဝိုင်းဝန်း အထောက်အကူ ပြုပေး ကြမည့် နိုင်ငံတကာမှ အသိသက်သေများအဖြစ် ပါဝင် လက်မှတ်ရေးထိုးရေးကိုလည်း အစိုးရက ကန့်သတ်မှုများ ရှိနေကြောင်း သိရသည်။
နိုင်ဟံသာက “နိုင်ငံအဆင့်မှာဆိုရင် သူတို့ (အစိုးရ) ကတော့ တရုတ်တခုကိုပဲ ထည့်ချင်တယ်။ ကျနော်တို့ကတော့ ဒါမကြိုက်ဘူး။ တရုတ် တဘက်ဆိုရင်တော့ တဖွဲ့တည်းဆိုရင် ရပ်တည်မှုအပေါ်မှာ တဘက်စောင်းနင်း ဖြစ်နိုင်တယ်။ ဒါမှန်မှန်ကန်ကန်တော့ မဖြစ်နိုင်ဘူး။ အဲဒီလို အရှေ့အုပ်စုက တရုတ်ရှိသလို သူ့ကိုပြန်ထိန်းဖို့ ဥပမာ အမေရိကန် တို့လို၊ ဂျပန်တို့လို ဒါတွေရှိဖို့ လိုတယ်။ တဖက်က ပြန်ကြည့်ရင် နယ်စပ်ရေးရာအရပေါ့ဗျာ၊ နယ်မြေချင်း စပ်ဆက်မှုရှိလို့ တရုတ်ကိုထည့်ရင် အန်ကယ်တို့ကလည်း ထိုင်းနဲ့ အိန္ဒိကကိုပါ ထည့်ချင်တယ်” ဟု ပြောသည်။
တိုင်းရင်းသားများဘက်မှ သက်သေ အဖြစ်ပါဝင်စေလိုသည့် နိုင်ငံများထဲတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အာဆီယံ ဥက္ကဋ္ဌ အပါအဝင် အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ နော်ဝေ နိုင်ငံတို့ဖြစ်ကြောင်း လော်ခီးလာ ထိပ်သီးဆွေးနွေးပွဲတွင် တိုင်းရင်းသား ခေါင်းဆောင်များက အခိုင်အမာ သဘောထားပေးထားကြသည်။