စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ကောလင်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် ရွာပေါင်း ၈၈ ရွာ ရေဘေးသင့်ခဲ့ပြီး လယ်ယာမြေ ၃သောင်းကျော် ရေမြုပ်လျက် ရှိသည်။ ထို့ကြောင့် ဒေသ၏ ရေကြီးမှု အခြေအနေ၊ ရေဘေးသင့် ပြည်သူများ၏ အခက်အခဲများ၊ အကူအညီများ ပေးအပ်နေမှု၊ ပြန်လည် ထူထောင်ရေး အခြေအနေတို့နှင့် ပတ်သက်ပြီး ကောလင်းမြို့နယ် ရေဘေး ကယ်ဆယ် ထောက်ပံ့ရေး ကော်မတီအတွင်းရေးမှူး ဦးအောင်မျိုးဝေနှင့် ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံမေးမြန်းထားသည်များ ကို ဖော်ပြလိုက်ပါသည်။
မေး။ ။ လက်ရှိ ရေဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ အပိုင်းကို အရင် ပြောပြပေးပါ။
ဖြေ။ ။ ကျနော်က ကောလင်းမှာ ထေရဝါဒ လူငယ်များအသင်း ဆိုပြီးတော့ ထောင်ထားတယ်။ ကျနော်တို့ ပရဟိတ လုပ်လာတာ ၆ နှစ်လောက် ရှိပြီ။ တခုခုဖြစ်ရင် ကျနော်တို့ကို သတိရကြတယ်။ စစချင်း ၁၅ ရက်နေ့မှာ ရထားလမ်း ပြတ်တောက်သွားတယ်။ ဘူတာမှာ ခရီးသည်တွေ ပိတ်မိသွားတယ်။ ၁၆ ရက်နေ့ရောက်တော့ ဘူတာမှာ ခရီးသည်တွေ ပိတ်မိနေတယ်ဆိုတာ ကျနော့်ဆီ မက်ဆေ့ချ် ရောက်လာတယ်။ နှစ်စဉ်လည်း ကျနော်တို့က ပိတ်မိတဲ့ ခရီးသည်တွေကို ထမင်းတွေ ဘာတွေ ကျွေးနေကြတယ်။ အဲဒီနေ့မှာ ရုတ်တရက် ၁၆ ရက်ညမှာ ရွာတွေမှာ ရေစဝင်လာတယ်။ ၁၇ ရက်မှာ ရွာတွေက ထပြေးလာတယ်။ အဲဒီမှာ ကျနော်တို့က ပရဟိတ မိတ်ဆွေတွေထိုင်ပြီး အစည်းအဝေး အရေးပေါ်ခေါ်လိုက်ရတယ်။
ဘုန်းကြီးကျောင်းမှာ အဓိက လုပ်မယ် ပြီးတော့ ဝေယျာဝစ္စ လုပ်နိုင်တာတွေ စဉ်းစားတယ်။ အရေးပေါ် အခြေအနေမှာ ကျနော်တို့ လုပ်နေကြတာပေါ့။ ဒါပေမယ့် ရေလွှမ်းမိုးမှုက ထူးဆန်းတယ်။ ဒါတွေဟာ ဘယ်လောက်ထိ ဆုံးရှုံးမှုတွေ ပျက်စီးမှုတွေ ဖြစ်နေတယ် ဆိုတာ ကျနော်တို့ ခန့်မှန်းလို့မရဘူး။ ဒါကြောင့် ကျနော်တို့သတိထားပြီးလုပ်မှ ရတော့မယ်ဆိုပြီး အလှူငွေတွေကလည်း အဲ့ဒီအချိန် မှာ ကျနော်တို့ ဖေ့စ်ဘုတ် တင်ပြီးတော့ ပိုက်ဆံလေးတွေ တတ်နိုင်သလောက် သူငယ်ချင်းတွေကလည်း လှူပါတယ်။ ပြီးတော့ ကျနော့် စီးပွားရေး မိတ်ဆွေတွေကလည်း ကလောမှာ၊ ရေကြီးတယ်ဆိုတာကို ကြားတော့ ကျနော့်ကို လှမ်းဖုန်းဆက်တယ်။ သူတို့လည်း အလှူငွေ လှမ်းထည့်ကြပါတယ်။
မေး။ ။ ရေဘေးကိစ္စတွေကို ဘယ်လို ကူညီပေးနေတာလဲ။ သူတို့ဆီ ရိက္ခာရောက်ဖို့ ဘယ်လို ဆောင်ရွက်နေကြလဲ။
ဖြေ။ ။ ကျနော်တို့ လူအင်အား ၅၀၀နဲ့ ထမင်းတွေ ဟင်းတွေ ချက်ပြုတ်ပြီး ကျေးရွာတွေကို ပို့တယ်။ ကျနော်တို့ ကျေးရွာတွေကို သွားတဲ့အခါ ရေကြီးလို့ သွားစရာမရှိတော့ အဲဒါနဲ့ လှေတွေ ရှိတဲ့သူတွေကို ကျနော်တို့ ဆက်သွယ်ပြီး ထမင်းတွေ ပို့ရပါတယ်။ အခုတော့ ရေက ကျသွားတယ်။ လှေကလည်း သွားလို့မရဘူး။ ပို့ဖို့ ခက်သွားတယ်။ ကျနော်တို့တာဝန်က အလှူရှင်တွေကို ချောမွေ့ အောင် လှူနိုင်ဖို့ပါပဲ။ ဟိုမှာ လှူမှရမယ်။ ဒီမှာ လှူမှ ရမယ်လို့ မပြောပါဘူး။ ဒုက္ခရောက်နေတာ ဒီဟာလေးတွေတော့ ရှိတယ်။ ဒီမှာ မြေပုံနဲ့ ဘယ်လိုသွားရမယ်ဆိုတာ စက်လှေနဲ့ သွားလို့ရလား၊ ကားနဲ့ သွားလို့ရလား ဆိုတာ ကျနော်တို့က လမ်းညွှန် ပေးပါတယ်။
အလှူရှင်တွေ အနေနဲ့ ရွာတွေ မဆင်းနိုင်ဘူး ဆိုရင်လည်း ကျနော်တို့က ဒီကနေ ပါဆယ်တွေ ထုတ်ပြီး လိုက်ပို့ပါတယ်။ ကျနော်တို့နောက်မှာ အိမ်ထောင်စု အတွက် ပါဆယ်တွေ ထုတ်ပြီး ပေးရတယ်။ ကျနော်တို့ မသွားနိုင်ရင် ကျေးရွာ ခေါင်းဆောင်တွေကို လာ ယူခိုင်းပါတယ်။ ကျနော်ဖြစ်စေချင်တာကတော့ ရွာက ခေါင်းဆောင်တွေ တက်လာပြီး ကျနော်တို့ရွာမှာ ထမင်းထုတ် ဘယ်လောက် လိုလဲဆိုတာ လာယူစေချင်တယ်ဗျ။
သူတို့လည်း ကိုယ့်ဒုက္ခနဲ့ ကိုယ်ဆိုတော့ မလာနိုင်ကြဘူး။ ကျနော်တို့ အရေးပေါ် အခြေအနေကတော့ ကျော်လွှားနိုင်ခဲ့ပါပြီ။ ထောက်ပံ့ရေး အချိန်ပေါ့။ ကျနော်တို့ ဒီနေ့ထိဆို အိမ်ခြေ ၄ထောင်ကျော် ရိက္ခာဝေငှ ပြီးသွားပြီ။ အရေးပေါ် အခြေအနေတခုကိုတော့ ကျနော်တို့ ထိန်းနိုင်ပါပြီ။ မကြာမီမှာ ကျနော်တို့ ရေလွှမ်းဧရိယာ အားလုံး ထိန်းနိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။ ကောလင်း ရေဘေးမှာ တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လိုရှိလဲ။
ဖြေ။ ။ သွားလို့ မရတဲ့ နေရာတွေ ရှိတယ်။ အရေးပေါ်ဖြစ်ပြီး ကျနော်တို့ တပ်မတော်နဲ့ ပူးပေါင်း လုပ်ဆောင်ပါတယ်။ ကျနော်တို့ကို တပ်ကလည်း စပိဘုတ်တွေ၊ လှေတွေ၊ ရဟတ်ယာဉ်တွေပါ ပေးငှားပါတယ်။ အလှူရှင်တွေ သွားလှူချင်တဲ့ နေရာတွေကို ခက်ခဲနေ ရင် ကျနော်တို့က တပ်တွေဆီကနေ လိုအပ်တဲ့ အကူအညီ တောင်းပါတယ်။
မေး။ ။ တချို့ ပြည်သူတွေက ရေဘေး ကူညီတဲ့နေရာမှာ ထောက်ပံ့ရေးတွေ မရောက်ဘူးလို့ ပြောဆိုတဲ့ အပေါ်မှာ ဘာပြောချင်ပါသလဲ။
ဖြေ။ ။ တကယ်လို့ ရိက္ခာတွေ မရောက်ရင် ပြောပါ။ သတင်းပို့ပါ။ ကျနော်တို့ဆီ သတင်းပို့သင့်ပါတယ်။ ရေဝပ်ဧရိယာ ဘယ်မှာလဲ ဆိုတာ ပြောပြပါ။ ဖြစ်စဉ်တခုလုံးကို အားလုံးစွန့်ပြီးတော့ ပရဟိတ ညီအစ်ကို မောင်နှမတွေကို စိတ်ဓာတ်ကျစေမယ့် စကားလုံးကို ရှောင်သင့်ပါတယ်။ ကျနော်တို့ အစိုးရ အဖွဲ့အစည်း မဟုတ်ဘူး။ ဘယ်သူတွေရဲ့ လစာတွေမှ စားနေတာ မဟုတ်ဘူး။ ကိုယ်ကျိုး စီးပွားရေးကို စွန့်ပစ်ပြီး လာလုပ်နေတဲ့သူတွေပါ။ တိကျတဲ့ သတင်းတွေပေးပါ။ လိုအပ်တာရှိရင် ထောက်ပြပါ။
မေး။ ။ လက်ရှိမှာ ကောလင်း ရေဘေး ဒုက္ခသည် စခန်း ဘယ်နှစ်ခုလောက် ရှိလဲ။ ဒုက္ခသည် အရည်အတွက်ကရော။
ဖြေ။ ။ ကယ်ဆယ်ရေး စခန်းက ၁၂ခုပါ။ ကျေးရွာမှာ ၈ခု၊ မြို့ပေါ်မှာ ၄ခုပါ။ ရွာပေါင်း ၈၈ ရွာ ရှိပါတယ်။ လူဦးရေက ၆ထောင်ကျော်ပါ။ ကယ်ဆယ်ရေး အခြေအနေ မှတ်တမ်းတွေ ရှိပါတယ်။
မေး။ ။ ရိက္ခာ ပို့ဆောင်တဲ့နေရာမှာ ဘယ်နေရာတွေ ခက်ခဲနေသေးလဲ။
ဖြေ။ ။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေပါတယ်။ လမ်းပန်း ဆက်သွယ်ရေးက တချို့ရေကျသွားတယ်၊ လမ်း ပေါ်လာတယ်။ အဲဒီကားလမ်းက ချိုင့်တွေ ခွက်တွေ ဖြစ်လာတယ်။ ပုံမှန်ကားတွေ သွားလို့ မရဘူး။ ဗွက်တွေ ရွှံ့တွေ ရှိတယ်။ တံတားတွေ ကျိုးတယ်။ သစ်သားတံတားတွေ ကျိုးတယ်။ လမ်းပန်းတွေကတော တော်တော်ကြီး ခက်ခဲနေပါတယ်။ ၈၈ ရွာကို သွားနိုင်ဖို့အတွက် လမ်းပန်း ဆက်သွယ်ရေးတွေ အများကြီး ရှိပါတယ်။
မေး။ ။ နောက်ထပ်ပြီးတော့ ပြန်လည် ထူထောင်ရေးကာလကိုရော ဘယ်လို ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်။ အစိုးရဘက်ကလည်း သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ တတ် စွမ်း သလောက် ပံ့ပိုးပေးပါတယ်။ ပြည်သူ ပြည်သားတွေကတော့ ပြောစရာမလိုဘူး။ တနိုင်ငံလုံးက ပြည်သူပြည်သားတွေက တာဝန်ကျေတယ်။ ဒါကြောင့်လည်း ကျနော်တို့က ပြည်သူလူထုရဲ့ တာဝန်ကျေပွန်မှုကို အလွဲသုံးစား မလုပ်ဘူး။ ကျနော်တို့လည်း ကိုယ်တိုင် ကြိုးစားပြီး ယိုပေါက်ဟာပေါက် မရှိအောင် စနစ်တကျ ခွဲဝေတာတွေ လုပ်နေပါတယ်။ အတတ်နိုင်ဆုံး ဒုက္ခရောက်တဲ့ရွာတွေကို ရောက်သွားအောင်၊ အခက်အခဲမရှိတဲ့ ရွာတွေရောက်အောင် ဖြန့်ဝေနေပါတယ်။
တိုင်းဒေသကြီးနဲ့ နိုင်ငံတော်အစိုးရဘက်ကလည်း ပြန်လည် မွမ်းမံပြင်ဆင်ရေးတွေကို ထိထိရောက်ရောက် လုပ်ပေးမယ်လို့ သမ္မတကြီး ကိုယ်တိုင်လည်း ကတိပေးသွားပါတယ်။ ကျနော်တို့အဓိကဖြစ်ချင်တာကတော့ အရေးပေါ်အခြေအနေမှာ ထမင်းစားပြီးဖြေရှင်း လို့ ရတယ်။ ဒီအလှူရှင်တွေလည်း လှူလို့ ရတယ်။ အဓိက ပြန်လည်ထူထောင်ရေးလုပ်ငန်းဟာ ကျနော်တို့နယ်အတွက် အသက်ပဲ။ ပုံမှန်နေရာ ရောက်အောင် အဆင့် လပေါင်းများစွာ အချိန်ယူရတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းပေါင်းများစွာ ရှိပါတယ်။
ရေသန့်ရှင်းရေးလုပ်တာ၊ အိမ်သာတွေ ပြန်ဆောက်တာတွေ အရေးပေါ်လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ ရေဘေး ဒုက္ခသည်တွေကို အစားကျွေးလို့ရတယ်။ အဝတ်ပေးလို့ရတယ်။ ဒါပေမယ့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဟာ အစိုးရတရပ်လုံး စီမံကိန်း တရပ် ချပြီးမှ အောင်မြင်နိုင်ပါမယ်။ ။