ပြည်တွင်းတွင် စောင့်ကြည့်မှုများ ပြုလုပ်ရန်အတွက် အီတလီနိုင်ငံမှ spyware ထုတ်လုပ်သည့် ကုမ္ပဏီတခုနှင့် မြန်မာ အစိုးရတို့ ၂၀၁၂ ခုနှစ်မှ စတင်၍ ဆွေးနွေးနေခဲ့ကြောင်း WikiLeaks မှ ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ဖော်ခဲ့သည့် အီးမေးလ်များအရ သိရသည်။
ဧရာဝတီမှ လေ့လာခဲ့သည့် WikiLeaks မှ အီးမေးလ်များ အရ Hacking Team ကုမ္ပဏီက မြန်မာ စစ်ထောက်လှမ်းရေး အဖွဲ့ကို “ဥပဒေနှင့်အညီ ကြားဖြတ်ဝင်ရောက်ခြင်း”နှင့် “သတင်းအချက်အလက် နည်းပညာဆိုင်ရာ ကျူးကျော်မှုများ” ပြုလုပ်နိုင်ရန် ဝန်ဆောင်မှုများ ပေးမည်ဟု ပြီးခဲ့သည့် နှစ်ကုန်ပိုင်းလောက် အထိ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။
“မြန်မာစစ်ထောက်လှမ်းရေးအတွက် လုံခြုံရေးဆိုင်ရာနည်းပညာတွေ ထောက်ပံ့ပေးနေတဲ့ မြန်မာကုမ္ပဏီတခုကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် အီးမေးလ် တစောင်တွင် ဖော်ပြ ထားသည်။
သူတို့၏ ကမ်းလှမ်းမှုက အောင်မြင်မှု မရခဲ့သည့် အသွင်ရှိသော်လည်း ယခင်က စစ်အာဏာရှင်စနစ် ဖြင့် အုပ်ချုပ်ခဲ့စဉ် စာနယ်ဇင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်မှုများ ရှိခဲ့သည်ဟု သိထားကြသည့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် နိုင်ငံတကာ ကုမ္ပဏီများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မေးခွန်းများ ဖြစ်ပေါ်လာစေသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကာကွယ်ရေးဝန်ကြီးဌာနကို ကိုယ်စားပြုသည်ဟုဆိုသော မြန်မာ ကုမ္ပဏီတခုက Hacking Team သို့ ဆက်သွယ်လာပြီး မိုဘိုင်း ဆက်သွယ်ရေး ပစ္စည်းများအတွက် စောင့်ကြည့်ရေး စနစ်များ တည်ထောင် ပေးရာတွင် အကူအညီပေးရန် တောင်းခံခဲ့ကြောင်း WikiLeaks မှ ဖော်ပြခဲ့သည့် အီးမေးလ် တစောင်တွင် တွေ့ရသည်။
“ကျနော်တို့ ခင်ဗျားတို့လိပ်စာကို ချက်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ISS World Training( အီလက်ထရောနစ် စောင့်ကြည့် ထိန်းချုပ်ရေး ဆိုင်ရာ နိုင်ငံတကာ ကွန်ဖရင့်) က ရခဲ့ပါတယ်။ ကျနော်တို့နဲ့ အတူ ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်မှူးကြီး ၂ ဦး လည်း တက်ရောက်ခဲ့ပါတယ်” ဟု အဆိုပါ အီးမေးလ်တွင် နေပြည်တော် အခြေစိုက် နည်းပညာ ကုမ္ပဏီတခု ဖြစ် သည့် Yoe Technologies မှ ဦးအောင်လင်းသွေးက ရေးသားခဲ့သည်။ သူတို့၏ ဖောက်သည်များထဲတွင် ကာကွယ်ရေး ဝန် ကြီးဌာန အပြင် သမ္မတရုံး နှင့် လွှတ်တော်တို့လည်း ပါဝင်သည်ဟု ဖော်ပြထားသည်။
“ကာကွယ်ရေး ဝန်ကြီးဌာနက ခင်ဗျားတို့ရဲ့ မိုဘိုင်းဖုန်းတွေနဲ့ ပတ်သက်တဲ့ စောင့်ကြည့်ရေးနည်းပညာကို စိတ်ဝင်စားပါ တယ်။ သူတို့ကိုယ်စား Hacking Team ကို ဆက်သွယ်ပေးဖို့ ကျနော်တို့ကို တာဝန်ပေးထားပါတယ်” ဟု လည်း အဆိုပါ အီးမေးလ်တွင် ရေးသားထားသည်ကို တွေ့ရသည်။
ဧရာဝတီက ဆက်သွယ်သည့် အချိန်တွင် ဦးအောင်လင်းသွေးက အဆိုပါ နည်းပညာကို စိတ်ဝင်စားခြင်းမရှိကြောင်း ငြင်းသည်။ သဘောတူညီချက် ရယူခဲ့ခြင်း မရှိဟုလည်း သူကထပ်ပြောသည်။
သို့သော်လည်း WikiLeaks မှ ဖော်ပြခဲ့သည့် သူ၏ အီးမေးလ်တွင် ကုမ္ပဏီအချို့ကလည်း ကာကွယ်ရေး ဝန်ကြီးဌာနသို့ ချဉ်းကပ်ခဲ့ကြကြောင်း တွေ့ရသည့်အတွက် အခြားကုမ္ပဏီများက မြန်မာအာဏာပိုင်များသို့ အလားတူ ဝန်ဆောင်မှုများ ပေးနေသည်ဟု ယူဆနိုင်ပါသည်။
“စောင့်ကြည့်ရေးနဲ့ ပတ်သက်လို့ စင်္ကာပူ အခြေစိုက် ကုမ္ပဏီတွေက မြန်မာလုံခြုံရေးအဖွဲ့တွေကို အကူအညီပေးနေတယ် လို့ သတင်းတွေထွက်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ” ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှုအဖွဲ့ (Human Rights Watch) မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းသုတေသီ David Mathieson ကပြောသည်။ “ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် သုံးစွဲမှု အကြီးအကျယ် တိုးတက်များပြားလာတဲ့ အတွက် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အနေနဲ့ ဒီနည်းပညာတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ အတိုက်အခံကို စောင့်ကြည့်နိုင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။”
ဥရောပ သမဂ္ဂမှ အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးလိုက်ပြီး လအနည်းငယ်မျှအကြာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလရက်စွဲဖြင့် အစောဆုံးတွေရှိရသည့် အီးလ်မေးလ် တစောင်တွင် Hacking Team က ကာတာ၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း နှင့် အခြားနိုင်ငံများမှ ဖောက်သည်များနှင့် သဘောတူညီချက်ရရှိနိုင်သည့် အလားအလာရှိကြောင်း ပြောထား သည်။ Hacking Team ကုမ္ပဏီသည် အစိုးရများ၊ အစိုးရ လက်အောက်ခံ အဖွဲ့အစည်းများနှင့်သာ အလုပ်လုပ်ပြီး သူတို့၏ နည်းပညာကို လူ့အခွင့်အရေးကို ချိုးဖောက်သည့် ကိစ္စများတွင် အသုံးပြုမည်ဟု ယုံကြည်စရာရှိခဲ့လျှင် ပူးပေါင်း ဆောင်ရွက်မည် မဟုတ်ဟု ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ သူတို့နှင့် မြန်မာအစိုးရ၏ ညှိနှိုင်းမှုနှင့် ပတ်သက်၍ မှတ်ချက်တောင်းခံသည်ကို Hacking Team က ပြန်လည် တုံ့ပြန်ခြင်း မရှိပါ။
Hacking Team ကုမ္ပဏီသည် ဇူလိုင်လ ၂ ရက်နေ့တွင် WikiLeaks က ဖော်ပြခဲ့သည့် ထောင်ပေါင်းများစွာသော အီးလ်မေးများ အရ အီဂျစ်၊ ရုရှားနှင့် ဆော်ဒီအာရေးဗီးယားကဲ့သို့ အာဏာရှင်ဆန်သော အစိုးရများနှင့် ငွေကြေးဆိုင်ရာ ဆက်သွယ်မှုများ ရှိနေသည်ကို တွေ့ရသဖြင့် အငြင်းပွားဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ Hacking Team ၏ အဓိက ကျွမ်းကျင်မှုမှာ အဝေးထိန်းစနစ် (Remote Control System) ဖြစ်ပြီး အစိုးရနှင့် ဥပဒေအရ ဆောင်ရွက်သည့် အဖွဲ့အစည်းများအနေဖြင့် ကွယ်ဝှက်ထားသည့် နည်းပညာကို ကျော်ဖြတ်၍ မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာများ အပါအဝင် ပစ္စည်း အားလုံးကို စောင့်ကြည့်နိုင်မည့် malware ဟုခေါ်သည့် စနစ်တမျိုး ဖြစ်သည်။
ယခုကဲ့သို့ WikiLeaks ၏ ထုတ်ဖော်မှုက ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နှေးကွေးသွားပြီး မြန်မာနိုင်ငံ၌ ဆက်လက်ရှိနေသော စောင့်ကြည့်မှုနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဖောက်ဖျက် ဝင်ရောက် ပတ်သက်မှုတို့အတွက် စိုးရိမ်နေရမှုများ ပိုမိုမြင့်တက်လာစေသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က သြဇာဆက်လက် လွှမ်းမိုးထားနိုင်ဆဲ ဖြစ်သလို အများပြည်သူမြင်ကွင်းနှင့်လည်း ကင်းလွတ်နေသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ၏ အဆိုအရ နိုင်ငံရေးဆောင်ရွက်မှုကြောင့် ထောင်ကျနေသူ သို့မဟုတ် တရားရင်ဆိုင် နေရသူ ၆၀၀ ကျော်ရှိသည်ဟု သိရသည်။
သမ္မတဦးသိန်းစိန် အာဏာရရှိလာပြီးနောက် လွတ်လပ်စွာပြောဆိုခွင့် အနည်းငယ် ပိုမိုရရှိလာသော်လည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ နှင့် စာနယ်ဇင်းသမားများကို အစိုးရက ပုံမှန်စောင့်ကြည့်သည့် သတင်းများ ရှိနေဆဲဖြစ်သည်။ ယခုနှစ် အစောပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့သည့် ကျောင်းသားများက ၎င်းတို့၏ တယ်လီဖုန်းနှင့် Facebook စာမျက်နှာများကို ရဲအဖွဲ့က ဖောက်ထွင်းဝင်ရောက်ခဲ့သည်ဟု ပြောကြသည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာ စာနယ်ဇင်းသမား အများအပြား၏ Gmail များကို ဦးတည်၍ “အစိုးရ အထောက်အပံဖြင့် တိုက်ခိုက်မှု (state-sponsored attacks) များ ပြုလုပ်ခဲ့သည်ဟု အမေရိကန် နည်းပညာ ကုမ္ပဏီကြီး တခုဖြစ်သည့် Google က သတိပေးခဲ့သည်။
“ရွေးကောက်ပွဲကျင်းပမယ့် နှစ်အတွင်းမှာ အစိုးရက ဒီမိုကရေစီ အရေးလှုပ်ရှားနေသူတွေကို ဖမ်းဆီးတာ၊ စောင့်ကြည့်တာနဲ့ နှောက်ယှက်တာတွေ ဆက်လက်ပြုလုပ်နေတဲ့အတွက် အနောက်တိုင်း နည်းပညာကုမ္ပဏီတွေက မြန်မာစစ်တပ်ကို spyware တွေပေးနေတာက တကယ်ကို စိုးရိမ်စရာကောင်းပါတယ်” ဟု David Mathieson က ပြောသည်။ ယခုကဲ့သို့ Hacking Team ၏ အကြောင်းပေါ်ပေါက်လာခြင်းက နိုင်ငံတကာ ကုမ္ပဏီများက လူ့အခွင့်အရေးထက် အမြတ်အစွန်းကို ပိုမို ဦးစားပေးကြောင်းပြသနေသည့် စိတ်အနှောက်အယှက်ဖြစ်စရာ နမူနာတခုဖြစ်သည်ဟုလည်း သူက ရှင်းပြသည်။
“နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခု ဆိုတာ ရှင်းနေပါတယ်။ အရေးယူပိတ်ဆို့မှုတွေက အစိုးရ လုံခြုံရေးအဖွဲ့ တွေ အနေနဲ့ ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားမှုတွေကို တားဆီးမှုလုပ်နိုင်တဲ့ နည်းပညာတွေ မရရှိနိုင် အောင် ကန့်သတ်ထား ခဲ့ပါတယ်” ဟု David Mathieson က ပြောသည်။
သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးလာသည့် အချိန်တွင် မြန်မာနိုင်ငံ၌ အခြေခံ အချက် အလက် ကာကွယ်ခြင်းနှင့် ကိုယ်ရေးကိုယ်တာဆိုင်ရာ အကာအကွယ်ပေးသည့် ယန္တရားများ (အဖွဲ့အစည်း၊ နည်းပညာနှင့် ပစ္စည်းများ) ကင်းမဲ့နေခြင်းကြောင့် ပြည်သူများမှာ အစိုးရ၏ စောင့်ကြည့်ထိန်းချုပ်မှုကို ကာကွယ်နိုင်ခြင်းများ ပို၍ အား နည်းလာသည်ဟု NGO Privacy International က ယခုနှစ် မတ်လအတွင်း က ကုလသမဂ္ဂသို့ တင်သွင်းသည့် အစီရင်ခံစာ တခုတွင် သတိပေးခဲ့သည်။
“သတင်း အချက်အလက်နှင့် နည်းပညာဆိုင်ရာ လုပ်ငန်းကဏ္ဍ ပွင့်လင်းလာတာနဲ့ အမျှ စောင့်ကြည့်တဲ့နည်းပညာ အသုံး ပြုခြင်းကို စီမံခန့်ခွဲတဲ့ ဥပဒေမူဘောင်တွေက မဖွံ့ဖြိုးသေးတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်” ဟု လန်ဒန်အခြေစိုက် Privacy International မှ သုတေသန အရာရှိ Edin Omanovic ကပြောသည်။ “တကယ်တော့ အစိုးရက အဆင့် မြင်တဲ့ စောင့်ကြည့်လေ့လာရေးဆိုင်ရာ နည်းပညာတွေကို ဈေးကွက်မှာ ရှာဖွေနေတယ်ဆိုတာက လူတိုင်းစိုးရိမ်သင့်ပါတယ်။ သင့်တော် ထိရောက်တဲ့ ဥပဒေအကာအကွယ်တွေနဲ့ မှန်ကန်စွာ အသုံးချမှု ရှိမရှိကို မသိနိုင်ရင် ဒီနည်းပညာက လူတိုင်းကို ဦးတည်ပြီး အသုံးချလို့ရပါတယ်” ဟု လည်း သူက ဆိုသည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာနသို့ မှတ်ချက်တောင်းခံရန်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
(The Irrawaddy အင်္ဂလိပ်ပိုင်းတွင် ဖော်ပြပြီးဖြစ်သော Hanna Hindstrom ၏ Revealed: Domestic Surveillance Company in talks with Burma Govt ကို ဘာသာပြန်ဆိုသည်)