ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်သော မုန်တိုင်းငယ်သည် အနောက်မြောက်ယွန်းယွန်းကို ရွေ့လျှားခဲ့ပြီး ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” အဖြစ် ပြောင်းလဲခဲ့သည့်အတွက် ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများတွင် လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးမှုများ ဖြစ်ပေါ်နေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်လည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ သိသိသာသာ များပြားနေပြီး တချို့နေရာတွေမှာ မုတ်သုန်မိုး အားကောင်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေသည့် ရာသီဥတု အခြေအနေများနှင့် သဘာ၀ ပတ်ဝန်းကျင်၏ ဆိုးကျိုးများက မြန်မာနိုင်ငံအပေါ် မည်မျှ သက်ရောက်နေပြီလဲ ဆိုသည့် အကြောင်းကို မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” ကြောင့် နောက်ဆက်တွဲ အခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ။ ။ ဆိုင်ကလုန်းမုန်တိုင်း ကလည်း နဂိုကတည်းက ဖြစ်နိုင်တယ်လို့ မှန်းထားပြီးသားပါ။ အခု အင်အားကတော့ တန့်သွားတယ်လို့ ပြောရမယ်။ဒီထက် ဆက်တက်ဖို့တော့ အလားအလာ မရှိပါဘူး။ မုန်တိုင်းက မြောက်ဘက်ကို သွားတာဆိုတော့ သွားလေ၊ သွားလေ ကုန်းတွင်းပိုင်းကို ရောက်လေဆိုတော့ အားလျော့သွားမှာပါ။ အခုလို မိုးလယ်ကာလမှာ ဖြစ်တတ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံကို မဝင်တတ်ပါဘူး။ အခု မုန်တိုင်းလည်း မဝင်ပါဘူး။ မုန်တိုင်းဒဏ်ကတော့ ခံရမှာပါ။ လေတိုက်နှုန်း ပိုများမယ်။ နောက်ပြီး မိုးများမယ်ဆိုတဲ့ သဘောပါ။ အဓိကအားဖြင့် လေတိုက်နှုန်း၊မိုးရွာနှုန်း ပိုခံရမှာက ရခိုင်ရယ်၊ ချင်းရယ်၊ မကွေးတိုင်း ပိုခံရမယ်။
မေး။ ။ ဆိုင်ကလုန်း မုန်တိုင်းမလာခင်ကတည်းက စစ်ကိုင်းတို့၊ ရှမ်းတို့မှာ ရေကြီးဒဏ်ကို ခံစားနေရတယ်။ အခု မုန်တိုင်းကြောင့် လေပြင်းအားရော၊ မိုးဒဏ်ကိုပါ ဆက်ခံစားနေရတာ ဘယ်ကြောင့်ပါလဲ။
ဖြေ။ ။ ဒါကလည်း ဒီနှစ် ထူးခြားချက်ပေါ့။ အာရှတိုက်တခုလုံး မိုးလျှော့နေတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ မိုးကောင်းနေတယ်။ အထူးသဖြင့် မုတ္တမကွေ့ ဧရိယာတို့၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတို့မှာ မိုးကောင်းနေတယ်။ နောက်ပြီး ဒီနှစ် ထူးခြားတာက မိုးရာသီမှာ မိုးတိမ်တောင် မဖြစ်ရဘူး။ ဒါပေမယ့် ဒီနှစ် မြန်မာပြည် ပြည်နယ်နဲ့ တိုင်းအားလုံးမှာ မိုးတိမ်တောင် ဖြစ်နေတာ တွေ့ရတယ်။ မိုးတိမ်တောင် ဖြစ်ရင် မိုးသက်လေပြင်းဆိုတာ ပါလာတာပဲ။ ဒါပေမယ့် လေတိုက်နှုန်းက အများဆုံးရှိရင် ၄၀၊ ၄၅ ပဲ။ အဲဒီထက် မပိုဘူး။ အခု မိုးတိမ်တောင်က ခဏခဏ ဖြစ်နေတဲ့အခါမှာ မိုးတွင်းမှာ ဖြစ်တဲ့အတွက် ယခင်တိုက်နေကြ လေထက်တော့ ပိုပြင်းတယ်။ နောက်ပြီး မုတ်သုန်က အားကောင်းနေတော့ မုတ်သုန်မိုးသက်လေပြင်းကလည်း ရှိတယ်။ မိုးတိမ်တောင်ကြောင့် ဖြစ်တဲ့ လေပြင်းကလည်း ဖြစ်နေတယ်ဆိုတော့ လေက ပြင်းသလို ဖြစ်နေတယ်။
မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ မိုးတိမ်တောင် ဖြစ်နေတဲ့ အခြေအနေဆိုတော့ လေဆင်နှာမောင်း အန္တရာယ် ရှိတယ်လို့ ဆိုနိုင်တာပေါ့။ ဒီနောက်ပိုင်းမှာလည်း လေဆင်နှာမောင်းတိုက်လို့ အိမ်တွေ ပြိုတာတွေ တော်တော်ကြားရတယ်ဆရာ။ လေဆင်နှာမောင်းအန္တရာယ်ကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ကျနော့် ဟောပြောပွဲတွေမှာပဲ ဒီကိစ္စကို တော်တော် ထည့်ပြောဖြစ်ပါတယ်။ လေဆင်နှာမောင်း ဖြစ်ပေါ်တာတွေ တိုးလာတယ်။ မိုးတိမ်တောင် ဖြစ်ပေါ်မှုတွေ သိသိသာသာ တိုးလာတယ်လို့ ကျနော် ပြောနေပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ပိုထူးခြားတာက မိုးရာသီမှာ မိုးတိမ်တောင် ဖြစ်နေတာတွေ တွေ့ရတော့ ခါတိုင်းနှစ်ထက် မိုးတိမ်တောင် ဖြစ်တာတွေ များသလိုပဲ မိုးတိမ်တောင်ကြောင့် ဖြစ်တဲ့ လေဆင်နှာမောင်းတိုက်တာတွေ ပိုများလာတာပါ။ အဲဒီလိုဖြစ်ပြီဆို ပြည်သူတွေအနေနဲ့ ဘယ်လို အကာအကွယ်ယူရမလဲဆိုတာ ရှိထားပြီးသားပါ။ ဒါတွေကို ကြိုတင်လေ့လာထားမယ်ဆို ဒီအန္တရာယ်ကနေ ရှောင်တိမ်းနိုင်ပါတယ်။ မိုးကြိုးပစ်တော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ဖြစ်ပေါ်တတ်တယ်၊ လေဆင်နှာမောင်းဆိုရင် ကြိုတင်မြင်နိုင်တဲ့အတွက် ရှောင်နိုင်တာတွေ စတဲ့ အကာအကွယ်တွေ ရှိပြီးသားပါ။
မေး။ ။ အခု ရေကြီးတာကို ကြည့်ရင် ပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ဖို့ အစိုးရဘက်က အသိပေးအကြောင်းကြားမှု အားနည်းတယ်လို့ ပြောကြတယ်။ ဆရာ့အမြင် ပြောပေးပါ။
ဖြေ။ ။ ကျနော် အဲဒီကိစ္စကို မီဒီယာတွေမှာ ဝေဖန်ပြောကြားပါတယ်။ ဘာကြောင့် အခု အခြေအနေကို အရေးပေါ် မကြေညာသေးတာလဲ။ ဒီအခြေအနေက အရေးပေါ် ကြေညာသင့်တယ်လို့ ပြောနေပါတယ်။ အဲဒါတွေကို ကြည့်ရင် ကြိုတင်ပြင်ဆင်မှု အပိုင်းမှာ အားနည်းတယ်လို့ ဆိုနိုင်တယ်။ အဲဒီလို အရေးပေါ် ကြေညာတာတို့၊ ကြိုတင်ပြီး ပြောင်းရွှေ့တာတို့ ဒါ ကြိုတင်ကာကွယ်မှု အပိုင်းတွေပါ။ အဲဒီအပိုင်းတွေကတော့ အားနည်းပါတယ်။နောက်ပြီး နာဂစ် မဖြစ်ခင်ကတည်းက သဘာ၀ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး စီမံချက်တွေ ရေးဆွဲခဲ့ပြီးသားပါ။ ကော်မတီတွေ ဖွဲ့ပြီးသားပါ။ အဲဒါတွေကလည်း ဘာအကောင်အထည်ဖော်တာမှ မတွေ့ရသေးဘူး။ ဒါဟာ အကြီးအကျယ် အားနည်းချက်ပဲလို့ ပြောရမယ်။
မေး။ ။ ဘယ်လို အခြေအနေမျိုးမှာ အရေးပေါ် ကြေညာပေးသင့်ပါသလဲ။
ဖြေ။ ။ အခု အချိန်က အရေးပေါ် ကြေညာဖို့ နည်းနည်းတောင် နောက်ကျသွားပြီ။ အရေးပေါ် ကြေညာရမယ့် အခြေအနေဆိုတာက အရပ်ဒေသ တခုမှာ ကယ်ဆယ်ရေး သွားဖို့လည်း မလွယ်၊ ဟိုဘက်မှာလည်း သူတို့ဟာ သူတို့ ရပ်တည်ဖို့လည်း မလွယ်တဲ့ အနေအထား ဖြစ်လာရင် အရေးပေါ် အခြေအနေပဲ။ ဟိုမှာ ရေပတ်လည် ဝိုင်းနေတယ်။ အဲဒီနေရာ ရောက်အောင် သွားလို့လဲ မရနိုင်ဘူး။ သာမာန်အားဖြင့်ပေါ့။ ဟိုဘက်မှာလည်း နောက်ထပ် တရက်၊ နှစ်ရပ်ထပ် ရပ်တည်ဖို့ကလည်း မဖြစ်နိုင်တော့ဘူး၊ ကျန်းမာရေး ပြသနာတွေ ရှိနေမယ်။ မြွှေပြသနာတွေ ရှိနေတယ်။ နောက်ပြီး လူတွေရော၊ တိရစ္ဆာန်တွေပါ ရေတွေ မြုပ်နေတယ်ဆိုရင် အရေးပေါ်ပေါ့။ နေရာဒေသတခုမှာ ပုံမှန် လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့ဘူးဆိုရင် အခြေအနေ တခု ပြောင်းလဲသွားပြီဆိုရင် ဒါဟာ အရေးပေါ်ပဲ။
မေး။ ။ မုန်တိုင်းမဖြစ်ခင်ကတည်းက ရေကြီးတာတွေ ဖြစ်နေတာ တွေ့ရတယ်။ အခု မုန်တိုင်းမိုးကြောင့် ရေကြီးမှုက ပိုဆိုးလာတယ်လို့ ဆိုရမယ်။ ဒါဆို မြန်မာနိုင်ငံရဲ့ ဒီနှစ် ရေကြီးမှု အခြေအနေက ဘယ်လို ဖြစ်နိုင်မလဲ။
ဖြေ။ ။ ရေကြီးမှုတွေက နောက်ပိုင်း မိုးရာသီ ကုန်တဲ့အထိ၊ အောက်တိုဘာလအထိကို သတိထားဖို့ လိုတယ်။ အကြောင်းအရင်းတွေက ဒီနှစ်က မိုးကောင်းတဲ့နှစ်၊ စက်တင်ဘာလအထိ ရွာသွန်းမိုးထက် ပိုမယ်လို့ မှန်းထားပြီးသား၊ နောက်ပြီး ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းတွေက ထပ်ဖြစ်ဦးမယ်။ နောက်ပိုင်းမှာ အရှေ့လေပွေလှိုင်းတွေ မလာသေးဘူး။ အဲဒါတွေက လာရင် မိုးက ရွာဦးမယ်။ နောက်ပြီး မုတ်သုန်မိုးက ပြန်ဆုတ်ရင် မိုးက ရွာဦးမယ်။ အဲဒီတော့ ရှေ့မှာ မိုးရွာဖို့ အကြောင်းတရားတွေက ရှိသေးတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ အစဉ်အလာ အရကိုက တနှစ်ကို ပုံမှန် ရေ သုံးကြိမ် ကြီးတတ်တယ်။ ဇွန်လမှာ တခါဖြစ်တယ်။ ဇူလိုင်- သြဂုတ်မှာ တခါ ဖြစ်တယ်။ နောက်ပြီး စက်တင်ဘာ- အောက်တိုဘာမှ ဖြစ်တယ်။ ဒါကြောင့် စက်တင်ဘာ- အောက်တိုဘာမှာ တခါ ရေကြီးနိုင်သေးတယ်။ ဒီနှစ်ကတော့ ရေကြီးမှုအန္တရာယ်ကို အထူးဂရုစိုက်ရမယ့် နှစ်လို့ ပြောရမှာပါ။
မေး။ ။ ဒီနှစ်ထဲမှာ ဆိုင်ကလုန်း မုန်တိုင်း “ကိုမန်” မဖြစ်ခင်က မုန်တိုင်း ဘယ်နှစ်လုံးလောက် ဖြစ်ခဲ့ပြီးပြီလဲ။ နောက်ထပ်ရော ဘယ်နှစ်လုံးလောက် ဖြစ်နိုင်မလဲ။
ဖြေ။ ။ ဒီမုန်တိုင်း မဖြစ်ခင်က မုန်တိုင်း သေးသေးလေး တလုံးပဲ ဖြစ်ခဲ့တာ။ ကုန်းတဝက်၊ ရေတဝက် ဖြစ်ပြီး ပျက်ပြယ်သွားမယ့် မုန်တိုင်းဆို ကျနော် မကြေညာဘူး။ ဒါကြောင့် ကျနော်ကတော့ အခု တလုံးက ပထမဆုံး အလုံးလို့ပဲ သတ်မှတ်ထားတယ်။ နောက်ပြီး အစကတည်းက အခု ဖြစ်လာတဲ့ မုန်တိုင်းနဲ့ ပတ်သက်ပြီးလဲ ဒီလောက်အထိ အားကောင်းလာနိုင်တယ်လို့ ကျနော် ခန့်မှန်းရေးသားထားပြီးသားပါ။ နောက်ပိုင်းလည်း မုန်တိုင်းတွေ ဖြစ်နိုင်ပါသေးတယ်။ ကျနော် ခန့်မှန်းထားတာကတော့ အနည်းဆုံး သုံးလုံးကနေ ငါးလုံးလောက်အထိ ဖြစ်လာနိုင် သေးတယ်။ အထူးသဖြင့် အစိုးရိမ်ရဆုံးကတော့ အောက်တိုဘာ၊ နိုဝင်ဘာလလို့ ပြောရမယ်။ အဲဒီအချိန်မှာ အများဆုံး ပိုဖြစ်နိုင်တယ်။ အဲဒီမရောက်မီလည်း တလုံးလောက်တော့ ဖြစ်နိုင်သေးတယ်။
မေး။ ။ နောက်တခုက ဒီနှစ် ရေကြီးမှုမှာ တွေ့ရတာ ဆည်တွေရဲ့ အန္တရာယ်က ခြိမ်းခြောက်မှု တခုလို ဖြစ်နေတယ်။
ဖြေ။ ။ ဆည်တွေနဲ့ ပတ်သက်ပြီး ပြောရရင် အကြောင်းအရင်းက နည်းပညာပိုင်းရော၊ လူပိုင်းရောလို့ ပြောရမယ်။ နည်းပညာပိုင်းအနေနဲ့ ပြောရရင် ဆည်တွေ ဆောက်တုန်းက ဆည်တွေမှာ အန္တရာယ်တွေ၊ ခံနိုင်ရည်တွေကိုလည်း သူတို့တွေက တွက်ပြီး ဆောက်ခဲ့ပါတယ်။ မှန်ပါတယ်။ ဒါပေမယ့်လို့ သူတို့ တွက်ထားတဲ့ ခံနိုင်ရည်ဟာ ဆည်ဆောက်တာ လွန်ခဲ့တဲ့ အနှစ် ငါးဆယ်က ဆောက်ထားတယ် ဆိုပါစို့။ အဲဒီတုန်းက တွက်တဲ့ အန္တရာယ်နဲ့ အခု အန္တရာယ်က မတူတော့ဘူး။ အန္တရာယ်ဟာ တိုးလာတယ်။ များလာတယ် အဲဒါတွေကို သူတို့ ထည့်တွတ်ဖို့ လိုတယ်။ နောက်ပြီး မြစ်တခုမှာ အရင်တုန်းက သစ်တောတွေ ရှိတယ်။ အခု အပင်တွေခုတ်လို့ ဘာသစ်တောမှ မရှိတော့ဘူး။ သစ်တော မရှိတော့ ရေတွေကို မထိန်းနိုင်တော့ဘူး။ သစ်တောမရှိတော့ ကမ်းပါးတွေက မိုးရွာ အစို၊ နေပူ အခြောက် ဖြစ်နေတယ်။ မိုးရွာလိုက်ရင် စီးကျတဲ့ ရေတွေနဲ့ မြေတွေက ပါသွားတော့ မြစ်တွေရဲ့ အောက်ခံက ပြောင်းသွားပြီ။ ပိုပို တိမ်လာတယ်။ အဲဒီတော့ အရင်က မိုးရေချိချိန် ငါး လက်မလောက် ရွာလို့ ဘာမှ မဖြစ်ဘူး။ အခုကျတော့ ငါးလက်မလောက် ရွာတာနဲ့ ရေလျှံတာပဲ။ ဒီလို ပြောင်းတာပဲ။ အဲဒီလိုဟာမျိုး ဆည်မှာလဲ ရှိတယ်။ နောက်ပြီးတော့ ဆည်တွေနားက ရေပိုရေလွှဲ ဒေသမှာလည်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အများကြီး လုပ်နေတယ်။ မြစ်တွေမှာလည်း ပိုဆိုးတာပေါ့။ စက်ရုံတွေ ဆောက်တယ်၊ လူနေရပ်ကွက်တွေ လုပ်တယ်၊ စိုက်ခင်းတွေ လုပ်တယ်၊ သတ္တုတွေ တူးတယ်။ အဲဒါတွေက ရေပိုရေလွှဲဒေသကို ဖျက်လိုက်ရင် မြစ်တွေက ပျက်တာပေါ့။
နောက်ပြီးတော့ မြန်မာပြည်မှာ ဆည်ဆောက်ရင် ဇလဗေဒ မှတ်တမ်းကို သုံးရတယ်။ ဇလဗေဒရဲ့ သက်တမ်းက မြန်မာပြည်မှာ ဘာမှ မရှိသေးဘူး။ ဇလဗေဒ စလုပ်တာ ၁၉၆၅ ခုနှစ်မှ စလုပ်တာဆိုတော့ အခု တွက်ကြည့်လိုက်ရင် နှစ်ပေါင်း ၅၀ ကျော်လောက်ပဲ ရှိသေးတယ်။ သိပ္ပံရဲ့ သဘောသဘာ၀ အရ နှစ်ပေါင်း ၅၀ လောက်ကို တွက်မယ်ဆိုရင် ငါးပုံ တပုံလောက်ကိုပဲ တွတ်လို့ရမယ်။ ဥပမာ ၁၀ နှစ်စာ သက်တမ်းကိုပဲ တွတ်နိုင်မယ်ဆိုတဲ့ သဘောပေါ့။ ဥပမာ နှစ်ပေါင်း ၁၀၀ ကို တွက်ချင်ရင် နှစ် ၅၀၀ သက်တမ်း ရှိရမယ်။ ဒါဖြစ်ရင် နှစ် ၅၀ လောက်ရှိပြီး ဘာဖြစ်လို့ နှစ်တရာ၊ နှစ်တထောက်ကို တွတ်လို့ရသလဲဆိုတော့ သချာၤနည်းနဲ့လို့ တွတ်လို့ရတယ်။ သချာၤနည်းနဲ့ တွတ်တဲ့အတွက် မှန်ချင်လည်း မှန်မယ်။ မှားချင်လဲ မှားမယ်။ အဲဒီတော့ တကယ်သေချာတဲ့ မှတ်တမ်းနဲ့ တွက်ချက်ပြီး ဆောက်ထားတာ မဟုတ်ဘူးပေါ့။ အဲဒါတွေက အားနည်းချက်တွေပေါ့။ နည်းပညာ မရှိလို့ မဟုတ်ဘူး။ နည်းပညာကို အပြည့်အ၀ အသုံးမချနိုင်လို့လို့ ပြောရမယ်။
မေး။ ။ ဒါဆို ဆရာ ပြောပုံအရဆို ဆည်တွေရဲ့ ခြိမ်းခြောက်မှုက တော်တော် ကြီးမားနေပြီလို့ ဆိုနိုင်မလား။
ဖြေ။ ။ သက်တမ်းကလည်း တဖြည်းဖြည်း ရင့်လာပြီ။ နောက်ပြီး သေချာ စောင့်ကြည့်မှုကလည်း နည်းတယ်။ ရာသီဥတုကိုလည်း ထည့်မတွက်ကြဘူး။ ရာသီဥတု ဖောက်ပြန်နေပြီဆိုပြီး ထည့်တွက်ပြီး တည်ဆောက်ထားတဲ့ဆည် ကျနော်သိသလောက် တခုမှ မရှိသေးဘူး။ မိုးသိမ့်များတဲ့ ဖောက်ပြန်မှုမျိုး ဖြစ်လိုက်ရင် ဒီဆည်ရဲ့ ခံနိုင်အားက ဘယ်ကြာကြာခံနိုင်မလဲ။ နောက်ပြီးတော့ မြေသုံးသုံး၊ ရေသုံးသုံး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေမရှိဘူး။ အဲဒါတွေဟာလည်း အရေးအကြောင်းဆို စကားပြောတာပဲ။ နောက်ပြီးတော့ သူ့သဘာဝအရ ရေထိန်းတဲ့နေရာတွေ ၊ အဲဒီနေရာတွေကို မြေဖို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်၊ အဆောက်အဦးတွေ ဆောက် လုပ်ကြတယ်။ ဥပမာ ပြောရရင် ထိုင်းနိုင်ငံမှာ ရေထိန်းတဲ့ Swamp Land ကြီးကို သုဝဏ္ဏဘူမိ လေဆိပ်ကြီး ဆောက်လိုက်တယ်။ မကြာဘူး။ ဘန်ကောက် ရေမြုပ်တာပဲ။ ဒီလို ဥပမာတွေ အများကြီးပဲ။ ဖွံ့ဖြိုးတိုးတတ်မှုဆိုတိုင်း လုပ်ချင်တာ လျှောက်လုပ်နေမယ်ဆိုရင် တချိန်ကျရင် ဒုက္ခပေးမှာပဲ။
မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ ရာသီဥတု ဖောက်ပြန်မှုက သိသိသာသာကြီး ဖြစ်ပေါ်နေပြီလို့ ပြောနိုင်တာပေါ့။
ဖြေ။ ။ ပြောနိုင်တာပေါ့။ အကြီးအကျယ် ခံစားနေရပါပြီလို့ ကျနော်ပြောတာကိုကပဲ ဘယ်နှစ်နှှစ်လောက် ရှိနေပြီလဲ။ ဒီခံစားမှုက နောက်ထပ် ဆက်ဖြစ်နေဦးမယ်။ တော်ရုံနဲ့ မပျောက်ဘူး။
မေး။ ။ အခု မုန်တိုင်းကြောင့် ရွာတဲ့မိုးက ဘယ်နှစ်ရက်လောက် ဆက်ရွာနိုင်သေးလဲ။
ဖြေ။ ။ အတိအကျတော့ မပြောနိုင်ဘူး။ တခါ မုန်တိုင်း တိုက်တုန်းကတော့ အနည်းဆုံး ငါးရက်လောက်တော့ ရွာတယ်။ အများဆုံး စက်တင်ဘာ၊ အောက်တိုဘာမှ စတတ်တဲ့ အရှေ့ဘက်က လေပွေလှိုင်းလာရင်တော့ ဆယ်ရက်လောက် ရွာနိုင်တာပေါ့။ နောက်ပိုင်းအခြေအနေတွေကတော့ ရေကြီးဖို့ အခြေအနေတွေ ဖြစ်နေတာပေါ့။