မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင်နှင့် ပုသိမ်ခရိုင်အတွင်းရှိ လယ်ဧက ၁ သောင်းကျော် ရေ နစ်မြုပ်ပြီး ရေဘေးအန္တရာယ်ကြောင့် စာသင်ကျောင်း ၆၂ ကျောင်း ပိတ်ထားရကြောင်း သတင်းရရှိသည်။
“စာသင်ကျောင်းပေါင်း ၆၂ ကျောင်း ပိတ်ထားပါတယ်။ မိုးရွာပြီး ရေတွေက ကျောင်းထဲဝင်လာတော့ ကလေးတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ပိတ်ထားတာပါ။ ရေအခြေအနေ စိတ်ချရပြီဆိုရင် ကျောင်းတွေပြန်ဖွင့်သွားမှာပါ။ ကျောင်းပိတ် ခဲ့ တဲ့အတွက် စာသင်ကြားမှု မနောက်ကျစေဖို့ စနေ၊ တနင်္ဂနွေ တွေမှာ အစားထိုး ပြန်သင်ပေးဖို့ စီစဉ်ညွှန်ကြားထားပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ပညာရေးမှူးရုံးမှ ရရှိသည့်စာရင်းများအရ အင်္ဂပူမြို့နယ်၌ ပိတ်ထားသည့် စာသင်ကျောင်း အရေအတွက် အများဆုံးဖြစ်ပြီး အထက်တန်းကျောင်းခွဲ ၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂ ကျောင်းနှင့် မူလတန်းလွန် ကျောင်း ၄၀ စုစုပေါင်း ၄၆ ကျောင်း ကို ဇူလိုင် ၂၈ ရက်က စတင် ပိတ်ထားရသည်ဟု သိရသည်။
ထို့အပြင် ရေကြည်မြို့နယ်၌ အထက်တန်း ကျောင်းခွဲ ၁ ကျောင်း၊ မူလွန် ၇ ကျောင်း၊ ကြံခင်းမြို့နယ်၌ အလယ်တန်းကျောင်းခွဲ ၁ ကျောင်း၊ မူလွန် ၅ ကျောင်းနှင့် မြန်အောင်မြို့နယ်၌ မူလွန် ၂ ကျောင်းလည်း ပိတ်ထားရသည်ဟုလည်း ပါရှိသည်။
ထို့အပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟင်္သာတခရိုင် အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း မြို့နယ်များရှိ လယ် ဧက ပေါင်း ၁ သောင်းကျော် ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံလယ်သမားများက ပြောပြသည်။
“ရွာပတ်ဝန်းကျင်က ရှိသမျှလယ်ရဲ့ သုံးပုံ ၁ ပုံလောက် ရေမြုပ်သွားပြီ။ အနည်းဆုံး ဧက ၁ ထောင်ကျော် ရှိမယ်။ ကျနော့်လယ် ၁၁ ဧကလည်း ရေမြုပ်နေတယ်။ ဒီလအစောပိုင်းက တခါရေမြုပ်ခဲ့လို့ စပါးခင်းတွေတချို့ ပျက်စီးခဲ့ပြီးပြီ။ ရေမြုပ်တာ ရက်ကြာခဲ့ရင်တော့ စိုက်ထားတဲ့စပါးတွေ အကုန်သေမှာစိုးရိမ်နေရတယ်”ဟု ဇလွန်မြို့နယ် အင်းတရော်ကျေးရွာမှ လယ်သမား ကိုစိုးလွင်က ပြောသည်။
ဟင်္သာတမြို့အခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့(HRDP) မှ ကိုသိန်းဇော်မြင့်က“ကျနော်တို့ ဟင်္သာတခရိုင် ထဲ ကဆိုရင် ဟင်္သာတ၊ ဇလွန်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူမြို့နယ်တွေအကုန်လုံးဆိုရင် လယ်ရေ မြုပ်နေတာ ဧက ၁ သောင်းကျော်တော့ အနည်းဆုံးရှိတယ်။ ဇူလိုင် ၂၇ ရက်ကတည်းက မြုပ်နေတာဆိုတော့ အခုဆို ၅ ရက် လောက်ဖြစ်နေပြီ။ ရေမြုပ်တာ အချိန်ကြာ သွားရင်တော့ စိုက်ထားကြတဲ့ စပါးခင်းတွေ အကုန် သေကုန်မယ့်အခြေအနေ ရှိတယ်”ဟု ပြောဆိုသည်။
ဟင်္သာတမြို့နယ် တံတားဦးကျေးရွာမှ လယ်သမား ဦးမြဝင်းကလည်း “ကျနော်တို့ တနယ်လုံးဆိုရင် ရေမြုပ်နေတာ ဧက ၅၀၀၀ ကျော်လောက် ရှိမယ်။ ရေမြုပ်တဲ့ကြားထဲ အင်းသားကြီးတွေက ရေထွက်ပေါက် ချောင်းရိုးတွေမှာ အချိန်မတန်ခင် ချောင်းပိတ်ငါးဖမ်း နေတော့ ကျသင့်တဲ့ ရေက မကျတော့ဘူး။ တာဝန်ရှိသူတွေအနေနဲ့ စပါးခင်းတွေ မပျက်စီးခင် ရေစီးရေလာကောင်းအောင် လုပ်ပေး စေချင်တယ်”ဟု ပြောပြသည်။
မိုးရွာသွန်းမှုကြောင့် ယခုရက်ပိုင်းအတွင်း၌ ဟင်္သာတခရိုင်ရှိ ကျေးရွာတချို့တွင် ရေစီးအားကြောင့် တံတားတချို့ ပျက်စီးခြင်း၊ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခြင်း၊ ချောင်းရေလျှံ၍ လူနေအိမ်များ အတွင်း ရေဝင်ရောက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် ကွင်းကောက်တောင် ကျေးရွာအနီးရှိ နန်ကသူချောင်း ရေလျှံပြီး လူနေအိမ်များအတွင်း ဝင်ရောက်မှုကြောင့် ကွင်း ကောက် တောင်၊ သြဘာကြီးကုန်းနှင့် ရွာကလေးကျေးရွာတို့မှ ဒေသခံ ၃၀ ကျော်ကို ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းပေးထားရကြောင်း ကွင်းကောက်တောင် ဒေသခံတဦးက ပြောသည်။
ထို့အပြင် ကြံခင်းမြို့နယ်ရှိ ကွေ့မနှင့် ချောင်းခွအုပ်စု၊ ဟင်္သာတမြို့နယ် သဲဗွက်အုပ်စုအတွင်းရှိ ကျေးရွာများ၌ ရေများဝင်ရောက်၍ ရေတွင်း ရေကန်များ ပျက်စီးခဲ့ပြီး ရေနစ်မြုပ်မည့် အခြေအနေ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောပြကြသည်။
“ကွေ့မအုပ်စုနဲ့ ချောင်းခွအုပ်စု ရွာတွေဘက်မှာ ရေတွေဝင်နေတယ်။ ကုလားကုန်း ရွာဝင်တံတားကတော့ ရေစီးအားကြောင့် ကျိုးကျသွားတယ်။ အဲဒီရွာတွေက စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်။ ဒီထက် ရေပိုများလာရင်တော့၊ ပိုဆိုးလာရင်တော့ ရေမြုပ် တော့မယ့်အခြေအနေမှာ ရှိတယ်”ဟု ကြံခင်း ဒေသခံ ကိုသော်ဇင်ဝင်းက ပြောသည်။
ယခုတပတ်အတွင်း၌ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနိုင်သည့်အတွက် တောင်ကျချောင်းရေများ ဝင်ရောက်နိုင်သည့်နေရာ၊ မြေပြိုနိုင်သည့်နေရာနှင့် မြေနိမ့်ပိုင်းနေရာများတွင် နေထိုင်သူများအနေဖြင့် ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က မီဒီယာများမှတဆင့် သတိပေးပြောဆိုထားသည်။
လက်ရှိတွင် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများက လေးမျက်နှာနှင့်ဇလွန်မြို့အနီးရှိ ငဝန်မြစ်ရေကာတာများ ကျိုးပေါက်မှုမဖြစ် စေ ရန် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောက်ရွက်နေကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ အနီးရှိ ငဝန်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၂၇ ပေအထက် ၆ လက်မခန့် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာပင် ရှိနေနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။