မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ချင်းပြည်နယ်၏မြို့တော် ဟားခါး၌ မြေပြိုမှု၊ အိမ်ပြိုကျမှုများ အမြောက်အမြား ဖြစ်ပွားနေပြီး ကားလမ်းအဆက်အသွယ်များလည်း ပြတ်တောက်နေသည့်အတွက် ဟားခါးမြို့ခံများမှာ စားနပ်ရိက္ခာပြတ်လပ်မည့် အခြေအနေ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
“ဟားခါးမှာ ဆန်ဝယ်လို့ မရတော့ဘူး၊ မီးသွေး မရှိဘူး။ အဲတော့ စားစရာ လုံး၀ မရှိတော့ပါဘူး။ ကားလမ်းတွေကလည်း မြေပြိုလို့ ပိတ်ကုန်ပြီ။ ရေသန့်လည်း မရှိပါဘူး။ အဲတော့ လူတွေက တော်တော်လေး ဒုက္ခရောက် နေကြတယ်။ ယာယီ ကယ်ဆယ်ရေးစခန်းက ကလေးတွေဆိုရင် စားစရာမရှိလို့ ထမင်းဖြူနဲ့ လက်ဖက်သုပ် နယ်ကျွေးနေရတယ်”ဟု ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဒေါ်ဆုန်ဇီးမာန်က ဧရာဝတီကို ပြောသည်။
မိုးရွာသွန်းမှုကြောင့် ချင်းပြည်နယ်အစိုးရ ရုံးစိုက်ရာ ဟားခါးမြို့ကို ဆက်သွယ်ထားသည့် ကားလမ်းများဖြစ်သည့် ဟားခါး – ဖလမ်းလမ်း၊ ဟားခါး – ထန်တလန်လမ်းနှင့် ဟားခါး – ဂန့်ဂေါလမ်းများတွင် ဇူလိုင်လ ၂၉ ရက်နေ့က မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဟားခါးမြို့သို့ ကားလမ်းအဆက်အသွယ်များ အားလုံး ပြတ်တောက် သွားခဲ့သည်။
ထို့ပြင် ဇူလိုင်လ ၂၄ ရက်နေ့ကစတင်၍ ယနေ့အထိ အိမ်ပြိုကျမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး လက်ရှိ အချိန်အထိ အိမ်အလုံး ၁၀၀ ကျော် ပြိုကျပျက်စီးခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။
နေအိမ်ပြိုကျပျက်စီးခဲ့သူများထဲမှ အများစုမှာ နီးစပ်ရာဆွေမျိုးများအိမ်တွင် နေထိုင်ကြပြီး အိမ်ထောင်စုပေါင်း ၃၃ စုမှ လူပေါင်း ၁၅၀ ကျော်ကို ဟားခါးမြို့ရှိ ခိုင်ကမ်းခန်းမတွင် ယာယီ စောင့်ရှောက်ထားကြောင်း သိရသည်။
“အခုထိတော့ ကယ်ဆယ်ရေးနဲ့ ရိက္ခာတွေ ကူညီတာ မရှိသေးဘူး။ ဒီအတိုင်းသာ အကူအညီ မရဘူးဆိုရင် နောက် ၃ ရက်လောက်ဆိုရင် ရိက္ခာ လုံးဝပြတ်သွားပြီး အခြေအနေ အရမ်းဆိုးသွားနိုင်တယ်။ ရိက္ခာလိုနေတာ အနည်းဆုံး လူပေါင်း ၂၀၀၀ ကျော် ရှိလိမ့်မယ်။ ဟားခါး အခြေအနေက အရေးပေါ်အခြေအနေ ဖြစ်နေပြီ”ဟု ဒေါ်ဆုန်ဇီးမာန်က ပြောသည်။
ဟားခါးမြို့နှင့် ၄ မိုင်ခန့်ဝေးသည့် ခွါဘဲကျေးရွာတွင် ယမန်နေ့ ညပိုင်းက ရွာလုံးကျွတ် နေအိမ်များပြိုကျသည့် အတွက် ဒေသခံများမှာ တောတောင်ထဲတွင် ခိုလှုံနေရပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက သွားရောက် ကယ်ဆယ် နေရသည်ဟု ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူး ဦးအောင်ထွန်းလင်းက ပြောသည်။
“မြေပြိုတာတော့ တမြို့လုံးလိုလို ဖြစ်နေတာ။ မနေ့ညကလည်း ခွါဘဲရွာမှာ ရွာလုံးကျွတ်မြေပြိုလို့ အုပ်ချုပ် ရေးမှူးနဲ့ အဖွဲ့တွေ သွားကယ်နေရတယ်။ ကားလမ်းတွေ အားလုံးလည်း ပိတ်ဆို့သွားပြီ။ ဆန်ဆိုင်တွေမှာလည်း ဆန် လုံး၀ ဝယ်လို့မရတော့ဘူး”ဟု သူက ပြောသည်။
ထို့ပြင် ဟားခါးမြို့တွင်းလမ်းများလည်း မြေပြို၍ ပိတ်ဆို့နေသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲစွာ လုပ်ဆောင်နေရကြောင်း ဒေါ်ဆုန်ဇီးမာန်က ပြောသည်။
“ပြိုကျတဲ့အိမ်တွေထဲက အရေးကြီးပစ္စည်းတွေနဲ့ လူတွေကို ကယ်ဖို့ ကားနဲ့သွားတာ လမ်းတွေက ပြိုကျနေတော့ ကယ်ဆယ်ရေးလုပ်ရတာ တအားခက်ခဲနေတယ်။ ကားနဲ့မရတော့ တချို့က ဆိုင်ကယ်နဲ့ရော လူအားနဲ့ပါ ဝိုင်းကယ်နေရတယ်”ဟု သူမက ပြောသည်။
ချင်းပြည်နယ်အတွင်း၌ ဟားခါးမြို့သာမက ဖလမ်းမြို့နှင့် ပလက်ဝမြို့များတွင် မြေပြိုမှုများ၊ အိမ်ပြိုကျမှုများ၊ တောင်ကျရေကြောင့် တံတားကျိုးကျပျက်စီးမှုများ ဖြစ်ပွားနေသည်။ ဖလမ်းနှင့်ကလေးမြို့ ဆက်သွယ်ထားသော ကားလမ်းတွင်လည်း မြေပြိုသဖြင့် ကားကြီးများ သွားလာ၍ မရတော့သည့်နောက်ပိုင်း ဖလမ်းမြို့ရှိ ဆန်ဆိုင် များတွင် ဆန်ဝယ်၍ မရတော့ကြောင်း မြို့ခံများက ပြောသည်။
ချင်းပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်း ကလေးမြို့တွင်လည်း ရေကြီးမှုများ ဆိုးဝါးစွာ ဖြစ်ပွားနေသည့် အတွက် ကားလမ်းများ လုံးဝပြတ်တောက်နေပြီး ဒုက္ခသည်အမြောက်အမြားမှာလည်း ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသည်။
နိုင်ငံအနှံ့အပြား မိုးကြီး၍ ရေဘေးဒုက္ခများ ကြုံတွေ့နေရသည့်အတွက် အစိုးရအနေဖြင့် တနိုင်ငံလုံး အရေးပေါ် အခြေအနေကြေညာပြီး ကယ်ဆယ်ရေးများ အလျင်အမြန် လုပ်ဆောင်သင့်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတင်းမီဒီယာများမှတဆင့် ပြောဆိုနေသည်။