ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တောနှင့် မင်းပြား မြို့နယ်များတွင် ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်၍ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ အစိုးရ၏ ထိရောက်သော ကူညီ ထောက်ပံ့မှု မရရှိသေးကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ တမြို့လုံးနီးပါး ရေမြုပ်လျက်ရှိပြီး လျှပ်စစ်မီးများ ပြတ်တောက်ခြင်း၊ ဖုန်းတိုင်များ ပြိုလဲလျက်ရှိကြောင်း၊ ယနေ့တွင် ရေအနည်းငယ် ပြန်ကျသော်လည်း အိမ်ပြန်၍ မရသေးကြောင်း ရခိုင် ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က ဧရာဝတီသို့ ပြောသည်။
ဦးကျော်ကျော်က “ကျနော့်အိမ် ရေမြုပ်ဖို့ ခေါင်းမိုးပဲ ကျန်တော့တယ်”ဟု ဆိုသည်။
ကျောက်တော်မြို့နယ်တွင်လည်း ရေဘေး ဒုက္ခသည် ၂၀၀၀ ကျော်ရှိပြီး ရေဘေးကြောင့် သေဆုံးသူ ၇ ဦး ရှိကြောင်း၊ အနည်းဆုံး ကျေးရွာ ၁၀ ခုမှာ ရေဘေးဒုက္ခ ရောက်နေကြောင်း ကျောက်တော်မြို့နယ် အရေးပေါ် ကူညီထောက်ပံရေး အဖွဲ့မှ ဦးထွန်းလှက ပြောသည်။
စစ်တွေမြို့မှာလည်း လမ်းမများပေါ်သို့ ရေဝင်လျက်ရှိပြီး လျှပ်စစ်မီး ပြတ်တောက်သည်မှာ တပတ် ပြည့်တော့မည်ဟု သိရသည်။
ရေကြီးရခြင်း အကြောင်းအရင်းမှာ မိုးများသဖြင့် ကစ္စပနဒီမြစ်ရေတိုးမှုကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့်လကလည်း ရခိုင်ပြည်နယ်တဝန်း၌ မိုးကြီးခြင်း၊ မြေမြိုခြင်း၊ ရေလွှမ်းမိုးခြင်း စသည့် သဘာ၀ ဘေးအန္တရာယ်များကြောင့် လူ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး စိုက်ပျိုး သီးနှံခင်းများ၊ စပါးစိုက်ခင်းများ၊ လယ်မြေဧက အများအပြား ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။