စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် တည်ရှိသည့် ကောလင်းမြို့နယ်သည် လက်ရှိ ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံတဝန်းလုံး ရေကြီး ရေလျှံမှုများတွင် အစောဆုံး ရေဘေးသင့်ဒေသတခု ဖြစ်ခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး ရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ရသည်။
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့က ကောလင်းမြို့နယ်တွင် ရုတ်တရက်ကြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသဖြင့် ဇူလိုင် ၁၇ ရက်နေ့တွင် ကျေးရွာများမှ ရေဘေးသင့် ပြည်သူများသည် ရေဘေးလွတ်ရာသို့ ထွက်ပြေးလာကြရာ ဒုက္ခသည် ၆ ထောင်ကျော် ရှိကြောင်း ကောလင်းမြို့နယ် ရေဘေး ကယ်ဆယ်ရေးနှင့် ကူညီ ထောက်ပံ့ရေး ကော်မတီက ထုတ်ပြန်ထားသည်။
ကောလင်းမြို့နယ်တွင် ရေလွှမ်းမိုးခံခဲ့ရသည့် ကျေးရွာ ၈၈ ရွာရှိပြီး ရေဘေး ကယ်ဆယ်ရေး စခန်း ၈ ခု ဖွင့်လှစ် ထားရသည်။
ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရင်း ကောလင်းမြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးနှင့် ကန့်ဘလူ မြို့နယ်မှ ရဲတပ်ဖွဲ့ဝင် ၁ ဦးတို့ အပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး ကလေးငယ်တဦးမှာ အလောင်း ပြန်လည် မတွေ့ရှိသေးသည့် အတွက် လူပျောက်စာရင်းအဖြစ် သတ်မှတ်ထားကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ဧရာဝတီသို့ ပြောသည်။
ကောလင်းဒေသခံများသည် ယခုကဲ့သို့ ရေလွှမ်းမိုးမှုမျိုး တခါမှ မကြုံဖူးကြသဖြင့် အံ့သြထိတ်လန့်ခဲ့ကြပြီး ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ၊ သိုလှောင်ထားသည့် စပါးများ၊ စိုက်ပျိုးမြေများ ပျက်စီးသွားသည်။
ကောလင်းမြို့နယ် တောင်ယာကြီးတော ကျေးရွာမှ အသက် ၅၅ နှစ် အရွယ်ရှိ အမျိုးသမီးတဦးက“အဲဒီနေ့က မိုးတွေ သည်းကြီးမည်းကြီး ရွာတယ်။ ရေကလည်း အဒေါ်ရဲ့ ရင်လောက်ရှိလာတယ်။ ဒီလို တခါမှ မကြုံဖူးဘူး။ စပါးတွေကတော့ အားလုံး ပျက်သွားပြီ။ ထွက်လာတုန်းက ဘာမှ မပါလာဘူး။ ဒုက္ခ တော်တော် ရောက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ နိုင်ငံတဝှမ်းတွင် ၂၀၁၅ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများအတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုကြောင့် သီးနှံစိုက်ဧက ၃ သိန်းကျော် နစ်မြှုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ဧက တသိန်းကျော် ပါဝင်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ကောလင်းမြို့နယ်မှ လယ်ယာမြေ ၃ သောင်းခွဲလည်း ပါဝင်သည်ဟု သိရသည်။
ရေဘေး ဒုက္ခသည်များကို ကယ်ဆယ်ရေးနှင့် ကူညီ ထောက်ပံ့ရေး
ကောလင်းရေဘေးကို အစိုးရပိုင်းက အရေးပေါ် အခြေအနေတွင် လာရောက် ကူညီမှုများ ရှိသော်လည်း ရေဘေးသင့် ဒုက္ခသည်များကို အဓိက အကူအညီပေးနေသည်မှာ လူထုအခြေပြု ပရဟိတ လူမှုအဖွဲ့အစည်းများပင် ဖြစ်သည်။
လက်ရှိတွင် ကောလင်းမြို့နယ် အတွင်းရှိ ပရဟိတ အဖွဲ့များအားလုံး ပူးပေါင်းပြီး ကောလင်းမြို့နယ် ရေဘေး ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး အစိုးရ အာဏာပိုင်များ၊ ဒေသခံ ပရဟိတ၊ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းပြီး လက်လှမ်း မမီသည့် နေရာများအထိ သွားရောက်ကာ ကူညီနေသည်ကို တွေ့ရသည်။
ရေလွှမ်းမိုးသွားသည့် ကျေးရွာများမှ ဒေသခံများကို အရေးပေါ် ကယ်ဆယ်ပြီး ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေမှာ ထောက်ပံ့ရေး ကာလ ဖြစ်ကြောင်း၊ ရေများပြန်ကျသော်လည်း တချို့နေရာများတွင် ရိက္ခာ ပို့ဆောင်နိုင်ရန် အခက်အခဲများ ရှိနေသေးကြောင်း ကောလင်းမြို့နယ် ရေဘေး ကယ်ဆယ် ထောက်ပံ့ရေး ကော်မတီက ပြောသည်။
ရေဘေးသင့် ဒေသများသို့ အလှူရှင်များ ချောမွေ့စွာ သွားရောက်နိုင်ရေးအတွက် ရေဘေး ကယ်ဆယ်ထောက်ပံ့ရေး ကော်မတီက ရေမြုပ်သည့် နေရာများကို မြေပုံများဖြင့်ပြကာ မည်သို့ သွားရမည်ကို စီစဉ်ပေးလျက် ရှိကြောင်းကို အထက်ပါ ကော်မတီ၏ အတွင်းရေးမှူး ဦးအောင်မျိုးဝေက ဧရာဝတီသို့ ပြောသည်။
ဦးအောင်မျိုးဝေက “အရေးပေါ် အခြေအနေတခုကိုတော့ ကျနော်တို့ ထိန်းနိုင်ပါပြီ။ မကြာမီမှာ ကျနော်တို့ ရေလွှမ်းဧရိယာ အားလုံးထိန်းနိုင်မယ်လို့ ထင်ပါတယ်။ သွားလို့မရတဲ့ နေရာတွေ ရှိတယ်။ အရေးပေါ်ဖြစ်ပြီး ကျနော်တို့ တပ်မတော်နဲ့ ပူးပေါင်း လုပ်ဆောင်ပါတယ်။ ကျနော်တို့ကို တပ်ကလည်း စပီဘုတ်၊ လှေနဲ့ ရဟတ်ယာဉ်တွေပါ ပေးငှားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရေဘေး အန္တရာယ်ကြုံနေရသည့် တချို့ဒေသများသို့ အလှူရှင်များ၊ ကူညီသည့် အသင်းများ မရောက်ရှိသေး ကြောင်းကိုလည်း ဧရာဝတီ သတင်းထောက်က တွေ့ရှိခဲ့သည်။
အကူအညီ ထောက်ပံ့မှု မရရှိသေးသည့် ကျောက္ကားကျေးရွာ ဒေသခံ မအောင်က “ကျမတို့ဆီ အလှူ မရောက်ဘူး။ ကျမတို့ ရွာကို ဝင်ကြည့်လိုက်ပါဦး။ နိုင်ငံတော်ကအစ ကျမတို့ကို ဘာမှ မလုပ်ပေးဘူး။ ကျမတို့ ရွာက အိမ်ခြေ ၁၀၀ ကျော် ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရေမြုပ်နေသည့် ကျေးရွာဖြစ်နေပါက ကျေးရွာ အုပ်ချုပ်ရေးမှူးက ကယ်ဆယ် ထောက်ပံ့ရေး ကော်မတီများထံ သတင်းပို့သင့်ကြောင်း၊ ယင်းထံမှ စာရင်းလာရောက် မတင်ပြပါက ထောက်ပံ့ရေးပေးရန် ခက်ခဲကြောင်း ကောလင်း မြို့နယ် ရေဘေး ကယ်ဆယ် ထောက်ပံ့ရေးကော်မတီတွင် ပါဝင်ကူညီနေသည့် ကိုထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။
ကိုထွန်းထွန်းက “ကျေးရွာတွေအနေနဲ့ ရေဘေးခံနေရရင် ကျနော်တို့ထံ စာရင်းလာပေးကြဖို့ ပြောချင်ပါတယ်။ သူတို့ စာရင်းလာပေးမှ ကျနော်တို့ ထောက်ပံ့ရေး ပစ္စည်းတွေ ဘာတွေ ပို့လို့ရမယ်။ ကျနော်တို့တွေလည်း နေရာအနှံ့ မသိနိုင်ဘူး။ ကျနော်တို့က အဓိက အရမ်းဆိုးရွားတဲ့ ကျေးရွာတွေကိုပဲ ဦးစားပေးအနေဖြင့် လုပ်ပေးနေတာပါ” ဟု ဆိုသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ရေလွှမ်းမိုးမှုနှင့် ပတ်သက်ပြီး အစိုးရနှင့် တပ်မတော်က လာရောက် ကူညီမှုများ ရှိသော်လည်း အရေးပေါ် အခြေအနေတွင် သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများမှာ အလွန် နှောင့်နှေးနေကြောင်း ကန့်ဘလူ ဒေသခံများက ပြောသည်။
ကန့်ဘလူ ဒေသခံတဦးက “စစ်တပ်က လူတွေက လှေနဲ့ ကယ်ဆယ်ရေး လုပ်လို့ရမယ့် နေရာတွေကို လိုက်ပြီး ကူလုပ်ပေးပါတယ်။ အစိုးရဘက်က ထောက်ပံ့ရေး ပစ္စည်းတွေ ချက်ချင်း လုပ်ပေးတယ်။ ဒါပေမယ့် မြို့နယ်ရုံးကနေ တဆင့် ဖြန့်ဝေရတော့ နှောင့်နှေးတယ်။ အဓိက မြို့နယ်က စီမံခန့်ခွဲတာ နှေးတယ်။ အစိုးရဘက်က လူကြီးတွေ ပြန်သွားရင် မြို့နယ်က လူတွေက လမ်းမကောင်းမချင်း မပို့တော့ဘူး။ လမ်းမကောင်းလို့ဆိုပြီး သိမ်းထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကောလင်းမြို့ ရေကြီးသည့် ပြဿနာ
ကောလင်းမြို့နယ် ရေကြီးရသည့် အကြောင်းရင်းမှာ မြို့အထက်ပိုင်းတွင် မိုးရွာသွန်းမှု အားကောင်းခြင်း၊ ကောလင်းမြို့နယ် တဝိုက်တွင် ရွှေတူးဖော်သည့်လုပ်ငန်းများ လုပ်ကိုင်နေခြင်းနှင့် သဖန်းဆိပ် ရေလှောင်တမံတွင် ရေသိုလှောင်မှု များခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က ကောလင်းဒေသတွင် ရေတကြိမ် ကြီးဖူးသော်လည်း နာရီပိုင်းမျှသာ ကြာမြင့်ခဲ့ပြီး ယခုကဲ့သို့ ရက်ပေါင်းများစွာ မခံစားလိုက်ရကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ကောလင်းမြို့တွင် ရွှေတူးဖော်ရေ လုပ်ငန်းများက စွန့်ပစ်ခဲ့သည့် ပစ္စည်းများကြောင့် ကောလင်းဒေသရှိ ချောင်းများ တိမ်ကောလာပြီး ရေစီးရာ မြစ်ချောင်းများ မရှိတော့ဘဲ ကျေးရွာအတွင်းသို့ ရောက်ရှိလာကြောင်း၊ သစ်ခုတ်မှုများကလည်း သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်လာစေကြောင်း ကောလင်းဒေသခံ ကိုတိုးက ပြောသည်။
ကိုတိုးက “သစ်တွေ ခုတ်တယ်။ ရွှေတွေ တူးတယ်။ တချို့တွေက ရွှေနဲ့ မဆိုင်ဘူးလို့ ပြောတယ်။ ရွှေတူးတဲ့ အခါမျိုးဆိုတာ ချောင်းက ကောသွားတာပဲ၊ အလိုလို ကောသွားတယ်ဗျ။ ပုံမှန် စီးဆင်းရမယ့် ရေတွေက သဘာဝ အတိုင်းမဆင်းရတော့ ထွက်ချင်သလို ထွက်တော့တာပဲ။ ရာသီဥတု ဆိုးရွာသွားတယ်ဆိုတာလည်း သစ်ကြောင့်ပါတယ်” ဟု ဆိုသည်။
ကောလင်းမြို့နယ်အတွင်း ရေကြီးမှု လျော့ကျရန် ခက်ခဲနေသည်မှာ စစ်ကိုင်းတိုင်း ဒေသအတွင်း ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့ရှိ သဖန်းဆိပ် ရေလှောင်တမံကြောင့်ဟု သဖန်းဆိပ် ရေလှောင်တမံ အော်ပရေတာ ဦးမြင့်က ပြောသည်။
သဖန်းဆိပ် ရေလှောင်တမံသည် ရေဝပ် ဧရိယာ ဧက ၅သိန်း ရှိပြီး သဖန်းဆိပ်ဆည် တည်ဆောက်ရေးအတွက် ကျွန်းလှမြို့ အပါအဝင် ရွာပေါင်း ၆၆ ရွာ ပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။
ဆည်အတွင်းသို့ အဓိက စီးဝင်နေသည့် ရေများမှာ ကောလင်း၊ ဗန်းမောက်၊ ဝန်းသိုနှင့် ပင်လယ်ဘူး မြိုတို့မှ ရေများ ဖြစ်သည်။ သဖန်းဆိပ် ဆည်သည် အရှေ့တောင် အာရှတွင် ဒုတိယ အကြီးဆုံးဖြစ်ပြီး ဆည်ကျိုးပါက စစ်ကိုင်းတိုင်း အောက်ဘက်ပိုင်းနှင့် မန္တလေးမြို့အထိပါ ရေလွှမ်းမိုးနိုင်ကြောင်း သိရသည်။
သဖန်းဆိပ် ရေလှောင်တမံ အော်ပရေတာ ဦးမြင့်က “ရေကလည်း များလာတယ်။ ဒီကလည်း ရေလွှတ်တာကို ထိန်းနေရတယ်။ ဒီက အောက်ပိုင်းကိုလည်း ကြည့်ရတယ်? အထက်ပိုင်းကိုလည်း ကြည့်ရတယ်။ အရမ်း လွှတ်လိုက်ရင် အောက်ကလူတွေက ထိနိုင်တယ်။ မိုးကလည်း များနေရင် ပြဿနာ ဖြစ်နိုင်တယ်။ ကောလင်း ရေကြီးတာ ဒီသဖန်းဆိပ်နဲ့လည်း ဆိုင်ပါတယ်။ ရေတရက်တည်း လွှတ်လိုက်ရင် ကောလင်းက ခဏလေးနဲ့ ရေခမ်းသွားနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုဆည်မှ ရေလွှတ်လိုက်ပါက မူးမြစ်တလျှောက်သို့ ရောက်သွားနိုင်ပြီး မိုးအားကောင်းသည့် အချိန်ဖြစ်သည့်အတွက် မူးမြစ်ရေ တက်လာနိုင်ကြောင်း၊ မိုးအရမ်းများသည့် အချိန်တွင် ဆည်အသေးများ ကျိုးတတ်ကြောင်းလည်း ဦးမြင့်က ပြောပြသည်။
ဦးမြင့်က “တချို့က ကျိုးတာ မဟုတ်ဘူး။ ရေထွက်ပေါက် မရှိတာပေါ့။ ကမ်းနံပါး ပြိုတာတွေလည်း ဖြစ်တတ်တယ်။ ဆည်တွေ ကျိုးတာ မကြောက်ရဘူး။ သဖန်းဆိပ် ဆည်ပြိုတာ အကြောက်ရဆုံးပဲ။ နိုင်ငံတဝက် ပျက်သွားနိုင်တယ်။ တာကို တော်တော်ထိန်းရတယ်” ဟု ဆိုသည်။
သဖန်းဆိပ်ဆည်သည် အလျား၊ အနံ ၄ မိုင်ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးအတွက် သုံးသီးစာ ရေလွှတ်ပေးနိုင်ကြောင်း၊ ယင်းဆည်ကျိုးပါက စစ်ကိုင်းတိုင်း အောက်ပိုင်းဖြစ်သည့် ရွှေဘိုမြို့နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအထိ ရေမြုပ်သွားနိုင်သည်ဟု သိရသည်။
သဖန်းဆိပ်ဆည် ရေပိုလွှတ်သည့်အတွက် လက်ရှိတွင် မူးမြစ်တလျှောက်၊ ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာ ၁၇ ရွာနှင့် ရေဘေး ဒုက္ခသည် ၈ ထောင်ကျော် ပြောင်းရွှေ့နေရကြောင်းနှင့် မူးမြစ်ရေ များလာသည့်အတွက် ရွှေဘိုခရိုင်နှင့် မုံရွာခရိုင် ဖြတ်လမ်းပေါ်တွင် ရေများလျှံကာ ကားများသွားလာမှုကို ရပ်ဆိုင်းလိုက်ဟု ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရွှေပန်းကုံ ကျေးရွာမှ ကယ်ဆယ်ရေး စခန်းမှ စုံစမ်းသိရသည်။
ဒေသခံ ရွှေခြငေ်္သၤ့ လူမှုအဖွဲ့အစည်းမှ အဖွဲ့ဝင် ကိုသန်းထိုက်က “တနေ့ထက်တနေ့ မူးမြစ်ရေက တဖြည်းဖြည်း တက်လာတယ်။ မူးမြစ်တလျှောက်နဲ့ မြစ်အနီးမှာရှိတဲ့ ပြည်သူတွေကို ကုန်းမြင့်မှာ တက်နေဖို့အတွက် သက်ဆိုင်ရာက သတိပေးသင့်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရွှေဘိုခရိုင်အတွင်း စိုက်ပျိုးကြသည့် လယ်ယာများ၊ ငှက်ပျောခြံများ၊ သင်္ဘောများ၊ သံပရာခြံများ ဧက ၁ သောင်းခန့် ပျက်စီးဆုံးရှုံးသည် ဒေသခံများက ခန့်မှန်းပြောသည်။
ဝက်လက်မြို့နယ် သမ္မာရိုး ကျေးရွာမှ ဒေသခံတဦးက “ကျနော်တို့ ဒီဘက်မှာက သုံးနှစ်တကြိမ် ရေတက်ပါတယ်။ ဒါပေမယ့် ဒီလို ပျက်စီးမှုကတော့ ဒါပထမဆုံး အကြိမ်ပါပဲ။ ခြံတွေ ပျက်စီးတာထက် ပြည်သူတွေ ဒုက္ခရောက်တာ များတယ်။ နွေကျပြန်တော့လည်း ရေခန်းတယ်” ဟု ဆိုသည်။
ရွှေဘိုခရိုင်အတွင်းရှိ ရေဘေးသင့် ကျေးရွာတချို့တွင် လက်ရှိ အချိန်ထိ အကူအညီ အထောက်အပံ့ မရရှိသေးကြောင်းလည်း ဒေသခံများက ဆိုသည်။
ရေဘေးသင့် ကျေးရွာများအတွက် ပြန်လည် ထူထောင်ရေး
ရေလွှမ်းမိုးသွားသည့် မြို့များအတွက် ပြန်လည် ထူထောင်ရေးမှာ တော်တော် ခက်ခဲနေကြောင်း၊ လက်ရှိ အချိန်တွင် နေရာဒေသအလိုက် ရေလွှမ်းမိုးမှုကြောင့် လယ်ယာမြေများနှင့် နေအိမ်များအတွက် ပြန်လည် ရပ်တည်ရန် မလွယ်ကူကြောင်း၊ စိုက်ထားသည့် စပါးများမှာလည်း မျှော်လင့်ချက် မရှိတော့ကြောင်း၊ ရေကျသွားလျှင်ပင် စိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်ရန် ခက်ခဲနေသေးကြောင်း ဒေသခံ ကိုတိုးက ဧရာဝတီသို့ ပြောသည်။
ကိုတိုးက “အရင်လို ပြန်ဖြစ်ဖု့ိက မလွယ်ဘူး။ စစ်ကိုင်းတိုင်း ဝန်ကြီးကတော့ ဆုံးရှုံးသွားတဲ့ လယ်သမားတွေ အိမ်ထောင်စု တခုကို ၅ သိန်းဝန်းကျင် ထောက်ပံ့ဖို့ ရှိပါတယ်လို့လည်း ပြောသွားတယ်” ဟု ဆိုသည်။
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အတွင်းရှိ ကျေးရွာ တချို့တွင် ရေများ ပြန်လည်ကျဆင်းနေပြီ ဖြစ်သော်လည်း ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့်သူများ မူလနေရပ်သို့ မပြန်နိုင်သေးသည်ကို တွေ့ရသည်။
ဇူလိုင်လ ၂၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဝန်ကြီးချုပ်များ ပါဝင်သည့် အဖွဲ့သည် စစ်ကိုင်းတိုင်း အတွင်းရှိ ကောလင်းမြို့နယ် အပါအဝင် ရေဘေးသင့် ဒေသများသို့ သွားရောက်ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်းလည်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
လက်ရှိ အခြေအနေများအရ ဒေသအတွင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေများ မရှိသေးသော်လည်း သတိထားရန် လိုအပ်ကြောင်း၊ သောက်သုံးရေနှင့် အစားအသောက် လိုအပ်ချက်များ ရှိနေကြောင်း ကောလင်းမြို့နယ် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး ကော်မတီမှ ဦးအောင်မျိုးဝေက ပြောသည်။
သမ္မတ ဦးသိန်းစိန်သည် ကောလင်း ဒေသအတွင်းရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီပေးရန် အတွက် လယ်ယာမြေ နှင့် စိုက်ခင်းပျက်စီးမှု စာရင်းများကို တိကျစွာ ကောက်ယူရန်နှင့် ထောက်ပံ့ရေး လုပ်ငန်းများကို အရေးပေါ် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဦးစီးဌာန (စစ်ကိုင်းတိုင်း) ညွှန်ကြားရေးမှူး ဦးစဝီလီဖရန်က ဧရာဝတီသို့ ပြောပြသည်။
“ပြန်လည် ထူထောင်ရေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးက အဓိကပါပဲ။ လမ်းတွေ၊ တံတားတွေ ပြိုပျက်သွားတဲ့ အိမ်တွေလည်း ကျနော်တို့ ဌာနက အိမ်ဆောက်ပစ္စည်းဝယ်ဖို့ ထောက်ပံ့ရမယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လမ်းတံတားတွေကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ နိုင်ငံတော် သမ္မတက အမြန်ဆုံး ပြန်လုပ်ပေးမယ်” ဟု ဦးစဝီလီဖရန်က ဆိုသည်။
ပြန်လည်ထူထောင်ရေးကာလတွင် တိုင်းဒေသကြီးနှင့် နိုင်ငံတော် အစိုးရမှ ထိရောက်စွာ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ ပြန်လည် ထူထောင်ရေးကာလသည် ကျေးရွာများအတွက် အသက်ဖြစ်ကြောင်း ကောလင်းမြို့နယ် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး ကော်မတီမှ အတွင်းရေးမှူး ဦးအောင်မျိုးဝေက ဧရာဝတီသို့ ပြောသည်။
“သဘာဝ ဘေးအန္တရာယ်တွေမှာ တနိုင်ငံလုံးက ပြည်သူ ပြည်သားတွေ တာဝန်ကျေတယ်။ ကျနော်တို့ အဓိက ဖြစ်ချင်တာကတော့ အရေးပေါ် အခြေအနေမှာ ထမင်းစားပြီး ဖြေရှင်းလို့ရတယ်။ ဒါပေမယ့် ပြန်လည် ထူထောင်ရေး လုပ်ငန်းဟာ အစိုးရ တရပ်လုံး စီမံကိန်း တရပ်ချပြီးမှ အောင်မြင်နိုင်ပါမယ်” ဟု ဦးအောင်မျိုးဝေ က ပြောသည်။