တနိုင်ငံလုံး နေရာအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် ယနေ့အထိ လူ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဆုံးရှုံးမှု အများဆုံး မြို့နယ်မှာ မင်းပြားမြို့နယ် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဧရာဝတီသို့ အတည်ပြုသည်။
သေဆုံးသူ ၃၅ ဦးတွင် အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၈ ဦးတို့ ဖြစ်ကြောင်း၊ ၆ ဦး ပျောက်ဆုံးနေပြီး ၂ ဦး ဒဏ်ရာ ရရှိထားကြောင်း၊ တပြည်နယ်လုံး ဆုံရှုံးမှု တန်ဖိုးမှာ ကျပ်သန်းပေါင်း ၄၇၅၃၄ ခန့်ရှိကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ် အတွက် အရေးပေါ် အလိုအပ်ဆုံး ပစ္စည်းမှာ ဆန်နှင့် သောက်သုံးရေ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ဧရာဝတီသို့ ပြောသည်။
ဦးဦးလှသိန်းက “လက်ရှိ အတည်ပြုလို့ ရတာကတော့ ၃၅ ယောက်ပဲ ရှိတယ်။ ဒီထက်လည်း ပိုနိုင်သလို စာရင်းတွေက အမျိုးမျိုးထွက်နေတယ်။ တချို့ ပြောနေတဲ့ ရွာလုံးကျွတ်ကုန်ပြီ၊ လူ ၁၀၀ လောက် ရေထဲမြောကုန်တယ် ဆိုတာတွေက ကောလာဟလပါ။ မယုံကြပါနဲ့” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများ ဇူလိုင်လ ၂၇ နေ့မှ စတင်ဖြစ်ပွားလျက်ရှိရာ အထိခိုက်ခံရဆုံး ဖြစ်သည့် မင်းပြားမြို့နယ်တွင် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး စိုက်ပျိုးမြေဧက ၆၁၇၅ ဧက၊ အိမ်အလုံးရေ ၁၂၀၀ ကျော်၊ တံတားတစင်း အပါအဝင် စုစုပေါင်း တန်ဖိုးကျပ် ၁၅၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ပြည်နယ်အစိုးရက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ တမြို့လုံးနီးပါး ရေမြုပ်လျက်ရှိပြီး လျှပ်စစ်မီးများ ပြတ်တောက်ပြီး ဖုန်းတိုင်များ ပြိုလဲလျက် ရှိကြောင်း၊ ယနေ့တွင် ရေအနည်းငယ် ပြန်ကျသော်လည်း အိမ်ပြန်၍ မရသေးကြောင်း ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က ဧရာဝတီသို့ ပြောသည်။
ဦးကျော်ကျော်က “ကျနော့်အိမ် ရေမြုပ်ဖို့ ခေါင်းမိုးပဲ ကျန်တော့တယ်” ဟု ဆိုသည်။
မြောက်ဦးမြို့နယ်တွင် ရေဘေးကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး စိုက်ပျိုးမြေ ၁၈၉၃၆ ဧက၊ လူနေအိမ် တထောင်ကျော်၊ တံတား တစင်းနှင့် တန်ဖိုး သိန်း ၁၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ကျောက်တော် မြို့နယ်တွင်လည်း ရေဘေး ဒုက္ခသည် ၂၀၀၀ ကျော်ရှိပြီး ရေဘေးကြောင့် သေဆုံးသူ ၇ ဦး ရှိကြောင်း၊ အနည်းဆုံး ကျေးရွာ ၁၀ ခုမှာ ရေဘေးဒုက္ခ ရောက်နေကြောင်း ကျောက်တော်မြို့နယ် အရေးပေါ် ကူညီထောက်ပံရေး အဖွဲ့မှ ဦးထွန်းလှက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကမူ ကျောက်တော်တွင် အမျိုးသမီးတဦး သေဆုံးကြောင်း အတည်ပြုသည်။
သေဆုံးသူများမှာ ပုဏ္ဏားကျွန်း မြို့နယ်တွင် ၁ ဦးနှင့် မောင်တောမြို့နယ်တွင် ၃ ဦး ရှိပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း ၄၆ ခု ပျက်စီးခဲ့ကြောင်း သိရသည်။
ပြည်နယ်တခုလုံးတွင် တိရစ္ဆာန် အကောင်ရေ စုစုပေါင်း ၈၈၁ ကောင် သေကြေပျက်စီးခဲ့ပြီး စိုက်ပျိုးမြေ ဧက ၇၄၉၄၂ ဧက၊ လူနေအိမ် ၅၉၇၉ လုံး၊ စာသင်ကျောင်း ၆၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၂၇ ကျောင်း၊ လမ်းမကြီး တခုနှင့် တံတား ၄ စီး ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ရခိုင်ပြည်နယ် တခုလုံးရှိ မြို့ပေါင်း ၁၇ မြို့နယ် စလုံးတွင် သဘာဝဘေးဒဏ် ခံစားခဲ့ရပြီး စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်တို့မှာ ထိခိုက်ဆုံရှုံးမှု အနည်းငယ်သာ ရှိကြောင်း ပြည်နယ် အစိုးရက အတည်ပြုခဲ့သည်။
ရခိုင် ရေဘေးမှာ အလွန်ဆိုးဝါးသည့် အခြေအနေ ဖြစ်သဖြင့် အရေးပေါ်အကူအညီ လိုအပ်နေသော်လည်း အစိုးရ၏ ကူညီထောက်ပံ့မှုမှာ ထိရောက်မှု မရှိကြောင်း ရေဘေး အကူအညီပေးနေသူများက ဧရာဝတီသို့ ပြောသည်။
ပုဏ္ဏားကျွန်းကျေးရွာမှ ယိုးတရုတ်ကျေးရွာမှ ဦးဘမြင့်က“ဒီမှာ ဒုက္ခသည် စခန်း ၃ ခုမှာ လူ ၁၃၀၀ ကျော် ရှိ တယ်။ အစိုးရက ဆန်အိတ် ၅၀ ကျော် ပေးထားတယ်။ ဒုက္ခသည် စခန်းကို ရောက်မလာတဲ့ ရွာ ၂၀ လောက် ရှိသေးတယ်။ အကူအညီတွေကတော့ အများကြီး လိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် လူနေအိမ်များ ပြန်လည် ဆောက်လုပ်ရန်၊ မျိုးစပါး၊ ကျွဲနွား တိရစ္ဆာန်များ လိုအပ်မည် ဖြစ်ကြောင်း သိရသည်။
“စစ်တွေမှာ ဆန်ဈေးတွေ အရမ်းတက်နေတယ်။ အခြေခံ စားသောက်ကုန်တွေလည်း အကုန်ဈေးတက်တယ်။ ဒီမှာ စားစရိတ် အရမ်းကြီးနေပြီ” ဟု ရခိုင်ပြည်နယ်အခြေစိုက် ဧရာဝတီ သတင်းထောက်က ပြောသည်။
အစိုးရက ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ကို သဘာ၀ ဘေးအန္တရယ် ကျရောက်နေသည့် ဒေသများအဖြစ် ကြေညာထားသော်လည်း အရေးပေါ် အခြေအနေအတွက် ကူညီထောက်ပံ့မှုများမှာ အားရစရာ မရှိသေးဟု ဝေဖန်သူများက ဆိုသည်။