စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းအပါအဝင် နိုင်ငံတဝန်းနီးပါး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုများကြောင့် ဒေသတချို့တွင် လူသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ သြဂုတ်လ ၂ ရက်အထိ စာရင်းအရ သေဆုံးသူ ၄၆ ဦးရှိပြီ ဖြစ် ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန(နေပြည်တော်)မှ သိရှိရသည်။
ရခိုင်ပြည်နယ်မှ သေဆုံးသူ ၁၈ ဦးရှိ၍ လတ်တလော သေဆုံးစာရင်း၌ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှ ၇ ဦး၊ မန္တလေးတိုင်းမှ ၈ ဦး၊ ရှမ်းပြည်နယ်တွင် ၅ ဦးနှင့် ကချင်ပြည်နယ်မှ ၁ ဦးတို့ပါဝင်ကြောင်း၊ ပျောက်ဆုံးသူဦးရေ မန္တလေးတိုင်းတွင် ၄ ဦး ရှိကြောင်း အထက် ပါဋ္ဌာနမှ အမည်မဖော်လိုသူ အမျိုးသမီး ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
ယင်းအမျိုးသမီး ဝန်ထမ်းက“ဌာနက လူကြီးတွေအားလုံး နီးပါး ရေဘေးဖြစ်တဲ့နေရာတွေဆီ သွားပြီး ဦးစီး ဆောင်ရွက်နေကြတယ်။ သေဆုံးသူတွေအတွက်လည်း တဦးကို ကျပ် တသိန်းနှုန်း ထောက်ပံ့ဖို့ လုပ်နေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ဇူလိုင်လလယ်မှ စတင်၍ ကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံမှုများသည် ယခု အချိန်တွင် ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီ၊ မကွေး၊ ပဲခူး၊ မန္တလေးတိုင်း တို့ရှိ မြို့နယ်များသို့ပါ ပျံ့နှံ့လျက် ရှိကြောင်း၊ ကရင်ပြည်နယ် ဘားအံမြို့တွင်လည်း ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် လူ ၇၀၀၀ ကျော် ရေဘေးကြုံတွေ့နေရပြီး ကယ် ဆယ် ရေး စခန်း ၁၁ ခု ဖွင့်ထားသော်လည်း အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ရေဘေးကြောင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ထောင်စုပေါင်း ၂၇၉၅၉ စု၊ လူဦးရေ ၂၁၇၇၆၈ ဦး ရေဘေး ကြုံတွေ့လျက်ရှိကြောင်း၊ ရေဘေးသင့် ဒေသများအတွက် အစားအစာနှင့် ပစ္စည်းများထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀၀ ကျော် အကုန်ကျခံ ဆောင်ရွက် ခဲ့ပြီး ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန က ပြောသည်။
ရေဘေး ကြုံတွေခဲ့သည့် မကွေးတိုင်းအတွင်း ပွင့်ဖြူ၊ စေတုတ္တရာ မြို့နယ်များတွင် ရေပြန်လည် ကျဆင်းလာနေသော်လည်း ပြန် လည် နေထိုင်နိုင်သည့် အခြေအနေ မရှိသေးကြောင်းနှင့် ကယ်ဆယ်ရေးအတွက် အခက်အခဲ ရှိနေသေးကြောင်း ရေဘေး ကယ် ဆယ်ရေး ဆောင်ရွက်နေသည့် မကွေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ခံ ဦးနေမျိုးကျော်က ပြောသည်။
ဦးနေမျိုးကျော်က“ဆက်သွယ်ရေးပိုင်း မကောင်းသေးတော့ သေဆုံး၊ ပျောက်ဆုံးစာရင်းတွေ မသိရသေးဘူး။ ပွင့်ဖြူဘက်မှာ နွားရော လူရော မြုပ်သွားပြီး ပြန်ပေါ်မလာတာတွေ ရှိတယ်လို့ ကြားရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအခြေအနေအရ ရေလှောင်တမံအချို့သည် စိုးရိမ်ရေမှတ်အထက်တွင် ရှိနေသေးပြီး မြန်မာနိုင်ငံ အထက်ပိုင်းမှ ရေဆင်းမှုကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများအနေဖြင့် ရေကြီးနစ်မြုပ်မှုအန္တရာယ်ကို ကြုံတွေ့ရနိုင်ကြောင်းလည်း အစိုးရက သတိပေးချက် ထုတ်ပြန်ထားသည်။