ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်ငန်းစဉ်များ၊ နိုင်ငံရေး ဆွေးနွေးပွဲစဉ်များ စဉ်ဆက်မပြတ် ဖြစ်ထွန်းနိုင်ရေးအတွက် လက်ရှိ သမ္မတ ဦးသိန်းစိန်ကို ဒုတိယ သက်တမ်း တာဝန် ဆက်လက် ထမ်းဆောင်စေလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင် တချို့က တိုက်တွန်း သည်ဟု သိရသည်။
နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ မှ ခေါင်းဆောင်တချို့ ယနေ့ တွေ့ဆုံစဉ် ယင်းသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်ကြောင်း ထိုဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါဆွေးနွေးပွဲကို ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KPC) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့၏ အကြံ ပေး ဦးဟန်ညောင်ဝေ တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
“ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်ငန်းစဉ်တွေ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ၊ စဉ်ဆက်မပြတ် ဖြစ်ထွန်းဖို့ဆိုရင် နိုင်ငံတော် သမ္မတကြီး အနေနဲ့ ဒုတိယ သက်တမ်းတာဝန် ထမ်းဆောင်ပေးစေလိုကြောင်း တိုက်တွန်း နှိုးဆော်လိုက်ပါတယ်၊ သို့မှသာ ပြည်သူများ လိုလား တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ပိုမိုခိုင်မြဲစွာ အကောင်အထည်ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြ ပါကြောင်း ပြောပါတယ်”ဟု ဝန်ကြီး ဦးအုန်းမြင့် က ရေးသားဖော်ပြထားသည်။
အဆိုပါ ၄ ဖွဲ့သည့် ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) တွင် သမ္မတ ဦးသိန်းစိန်နှင့် “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်” လက်မှတ်ရေးထိုးခဲ့သော အဖွဲ့များ ဖြစ်သည်။ ထိုစဉ်က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အများစုဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များက လက်မှတ်ထိုးခဲ့ခြင်း မရှိပေ။
အဆိုပါ ၄ ဖွဲ့အား သမ္မတက သီးခြားတွေ့ဆုံမှုသည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၇ ဖွဲ့နှင့် စုဖွဲ့ထားသည့် အဆင့် မြင့်ညှိနှိုင်းရေးအဖွဲ့နှင့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးရန် ညှိနှိုင်းမှုမရခဲ့လျှင် သီးခြား ခွဲထိုးနိုင်ရန်တွေ့ဆုံကြခြင်းဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့၏ ကိုယ်စားလှယ်များက ဝေဖန်ပြောဆိုနေကြသည်။
ယခုတွေ့ဆုံမှုသည် NCA ကို အမြန်ဆုံး လက်မှတ်ထိုးရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး စတင်နိုင်ရေးအတွက် အဆိုပါ ၄ ဖွဲ့က သမ္မတအား လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း ထိုဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) ၏ အထူးအကြံပေး ပုဂ္ဂိုလ် ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
ဦးလှမောင်ရွှေ က“အဲဒီ ၄ ဖွဲ့ကတော့ အခု NCA ကလည်း အချောသပ်တာပြီးခါနီးပြီလေ။ NCA မှာက ညှိစရာကလည်း စာချုပ်ထဲမှာတောင် ထည့်တာမဟုတ်တဲ့ အစည်းအဝေး မှတ်တမ်းမှာ ထည့်မယ့် အချက်လေး ၃ ချက်ပဲကျန်တော့တယ်။ ဒီဟာ ပြီးသွားရင် တော့ စာချုပ်ကတော့ ပြီးသွားပြီပေါ့ဗျာ။ အဲဒီအပေါ်မှာ NCA ကို အမြန်ဆုံး လက်မှတ်ရေးထိုးဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံး လုပ်ဖို့ဆိုတဲ့ဟာကို လာပြီးတော့ ဆွေးနွေးတာပေါ့ဗျာ”ဟု ပြောဆိုသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်အထိပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်နက်ကိုင် အဖွဲ့အားလုံးကို လက်ခံမှ လက်မှတ်ထိုးမည်ဟု ထိပ်သီးခေါင်းဆောင်များက တညီတညွတ်တည်း ဆုံးဖြတ်ထားကြသည်။
ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရက္ခိုင့် တပ်မတော် (AA) နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် (MNDAA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) နှင့် ရခိုင် အမျိုးသား ကောင်စီ (ANC) တို့ကို အစိုးရနှင့် တပ်မတော်ဘက်က ချန်ထားခဲ့ရန် အကြောင်းအမျိုးမျိုးပြ ပြောဆိုထားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) နှင့် တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ (SD) တို့ NCA အချောသပ်နိုင်ရေး အတွက် ယခုလ ၆ ရက်တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် ထပ်မံတွေ့ဆုံ ညှိနှိုင်းကြမည် ဖြစ်သည်။
ထိုညှိနှိုင်းမှု အဆင်မပြေပါက KNU ၊ RCSS၊ DKBA ၊ KPC နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ လက်မှတ်ထိုးနိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လေ့လာသူများအကြား ပြောဆိုမှုများလည်း ရှိနေသည်။
အစိုးရအနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့ အားလုံးပါဝင်ရေးကို ရှောင်လွှဲပြီး လက်သင့်ရာအဖွဲ့တချို့နှင့်သာ သီးခြားထိုးမည်ဆိုလျင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမှုမမြောက်ဘဲ အဖွဲ့တချို့ကို ချန်ထားလျင်လည်း အနာဂတ်တွင် အန္တရာယ်များလာနိုင်ကြောင်း SD အဖွဲ့ဝင်တဦးလည်းဖြစ် UNFC ၏ ဒုဥက္ကဋ္ဌ လည်း ဖြစ်သည့် နိုင်ဟံသာက ဧရာဝတီနှင့် သီးသန့်တွေ့ဆုံ မေးမြန်းရာတွင် ပြော ဆိုထားသည်။