ဧရာဝတီတိုင်းဒေသကြီး မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြန်မာပြည်အထက်ပိုင်းမှ ရေများရောက်ရှိ လာခြင်း ကြောင့် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်ရှိ မြန်အောင်၊ ဟင်္သာတနှင့် ကြံခင်းမြို့နယ်များရှိ ကျေးရွာပေါင်း ၃၀ ကျော် မှ လူပေါင်း တသောင်းကျော် ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
ရေကြီးမှုကြောင့် ဟင်္သာတမြို့နယ်အတွင်းရှိ တောင်လုံးစု၊ သစ်ကုန်းကျေးရွာများအပါအဝင် ရွာပေါင်း ၂၀ ကျော် မှ ထောင်နှင့်ချီသောဒေသခံများမှာ နေအိမ်များကိုစွန့်ခွာပြီး နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ နှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရကြောင်း ဟင်္သာတမြို့အခြေစိုက် လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများ အဖွဲ့ – HRDP မှ ကိုကျော်သက်ဦးက ဧရာဝတီကိုပြောသည်။
“ရွာကအိမ်တွေထဲ ရေတွေမြုပ်ကုန်တော့ နေလို့မရတော့ဘူးလေ။ ဒါကြောင့် ကယ်ဆယ်ရေးစခန်း ဖွင့်ထားတာ ၅ ခု ရှိတယ်။ တောင်လုံးစုရွာက ဘုန်းကြီးကျောင်းမှာတခု၊ သစ်ကုန်းရွာက အလယ်တန်းကျောင်းမှာတခု၊ ကျန်တာ တွေလည်း ဓမ္မာရုံတွေ စာသင်ကျောင်းတွေမှာ ဖွင့်ထားတာပေါ့။ လက်ရှိ ရေဘေးသင့်သူဦးရေက ၂၀၀၀ ကျော်ရှိတယ်။ လူတွေက ထပ်တိုးလာနေဆဲပဲ”ဟု သူက ပြောသည်။
မြန်အောင်မြို့နယ်တွင်လည်း သပြေကုန်း၊ ကန့်ဘလူ၊ ဇလုပ်ကြီး၊ အိုးဘို၊ ရေဘူးစု၊ ဒေါင့်ကြီး၊ ရွှေကျင်စသည့် ကျေးရွာ များအပါအဝင် ရွာပေါင်း ၁၀ ရွာခန့်မှာ ရေနစ်မြုပ်မှုများ ကြုံတွေ့နေရပြီး ရေဘေးဒုက္ခသည်
၅၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရကြောင်း မြန်အောင်မြို့ခံများက ပြောသည်။
“အဆိုးဝါးဆုံး ရေမြုပ်တာကတော့ အိုးဘို၊ ဒေါင့်ကြီး၊ ရေဘူးစုဆိုတဲ့ရွာတွေပေါ့။ အိမ်တွေမြုပ်ကုန်လို့ လူတွေ ရော၊ ကျွဲနွားတိရိ စ္ဆာန်တွေပါ ကုန်းတွင်းဘက်ကို ပြောင်းလာကြပြီ။ သပြေကုန်းရွာဆိုရင်လည်း တရွာလုံးမြုပ်လို့ ပြောင်းကုန်တာ အိမ်ခြေ ၁၀၀၀ ကျော်လောက် ရှိတယ်”ဟု ဒေသခံ ကိုသန်းထိုက်မြင့်က ပြောသည်။
ရေဘေးသင့်သူများမှာ မြန်အောင်မြို့ပေါ်တွင်ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၄ ခုနှင့် မီးလောင်ကွင်း၊ ထူး၊ သခွပ်ကွင်းနှင့် ရွှေကျင်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ခိုလှုံ နေရကြောင်း သိရှိရသည်။
ထို့ပြင် ကြံခင်းမြို့တွင်လည်း ရွှေတောင်စုဧရာနိုင်ရပ်ကွက်၊ မြို့မရပ်ကွက်များနှင့် ရေလယ်ကျွန်း၊ ကွေ့မ၊ သောင်ပြင်ကုန်း၊ ချောင်းဝ၊ အုတ်တွင်းစသည့် ကျေးရွာများမှာ ရေနစ်မြုပ်မှု ကြုံတွေ့နေရပြီး ရေဘေး သင့်သူ ပေါင်း ၃၀၀၀ ကျော် ရှိနေသည်။
“ရွာမှာက ကျန်တဲ့အိမ်တွေ အကုန်မြုပ်ကုန်ပြီ။ ကျနော့်အိမ်လည်း မြုပ်ခါနီးဆဲဆဲပေါ့။ ရေက ၁၀ ပေ၊ ၁၅ ပေ လောက်အထိ တက်လာတာလေ။ ရေထဲမျောတဲ့ အိမ်တွေလည်း မျောတယ်။ တချို့ကျတော့ ရေတက် လာတော့ အိမ်ကို ၂ ဆင့်၊ ၃ ဆင့် မြှင့်ပြီး စင်ထိုးပြီး နေကြတယ်”ဟု ရေလယ်ကျွန်းကျေးရွာမှ ဦးအောင်မြိုင်က ပြောသည်။
ရေဘေးကယ်ဆယ်ရေးစခန်းများကို ကြံခင်းမြို့ပေါ်ရှိ ဧရာနိုင်ရပ်ကွက်၊ မြို့မရပ်ကွက်နှင့် ဆိပ်သာ၊ အုတ်ပုံ၊ မဲကုန်းစသည့် ကျေးရွာဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ကာ ရေဘေးသင့်သူများအား စောင့်ရှောက် ထား ကြောင်းနှင့် ရေဘေးကြောင့် သေကျေပျောက်ဆုံးမှုများ မရှိကြောင်း သိရသည်။
ကြံခင်း၊ မြန်အောင်နှင့် ဟင်္သာတမြို့ရှိ ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်သူများကို နိုင်ငံရေးပါတီများ၊ မြို့ခံလူမှုရေးအသင်းများနှင့် စေတနာရှင်များက တနိုင်တပိုင် ဝိုင်းဝန်းကူညီထောက်ပံ့ပေးနေကြပြီး အစိုးရအနေဖြင့် ကူညီထောက်ပံ့ပေးမှု မရှိသေးကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။
“ရေဘေးသင့်ပြည်သူတွေအတွက် အစိုးရဆီကအထောက်အပံ့ကတော့ ခုချိန်အထိ ဘာမှမရသေးဘူး။ ကျနော် တို့ရော လူမှုရေးအဖွဲ့တွေရောပေါ့လေ၊ နီးစပ်ရာ သူငယ်ချင်းအပေါင်းအသင်းတွေဆီကနေ လိုက်အလှူခံ နေရ တယ်။ ရိက္ခာက တဖြည်းဖြည်းတော့ နည်းလာနေပြီ”ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူ ဟင်္သာတမြို့မှ ကိုကျော်သက်ဦးက ပြောသည်။
ရေကြီးနစ်မြုပ်မှုများမှာ ဟင်္သာတခရိုင်၌သာမက ၎င်းနှင့်ဆက်စပ်လျှက်ရှိသည့် ပုသိမ်ခရိုင် ပုသိမ်၊ ရေကြည်နှင့် သာပေါင်း မြို့နယ်များတွင်ပါ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
“ရေတွေကတော့ ရွာထဲကို ရင်စို့လောက်အထိ ဝင်နေပြီ။ တချို့အိမ်တွေဆို အိမ်ကို ခပ်မြင့်မြင့်လေး ဆင့်ထိုးပြီး နေရတယ်။ ရေက တအိအိနဲ့ကို တက်လာတာ။ ကျနော့်အိမ်ဆိုလည်း ကြမ်းခင်းတွေ မြုပ်ကုန်လို့ အိမ်ကို မြှင့်ထား ရတယ်”ဟု သာပေါင်းမြို့နယ်၊ လက်ခုပ်ကျေးရွာမှ ဒေသခံတဦးက ပြောသည်။
သာပေါင်းမြို့နယ်ရှိ ဘုရားနီ၊ ကျားရဲ၊ ကြိမ်တလီ၊ တလုပ်ကုန်း၊ စစ်ပင်ကြီး၊ ဥသျှစ်၊ ကွင်းပေါက်နှင့် လက်ခုပ် ကျေးရွာများ၌ ရေကြီး နစ်မြုပ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
တလုပ်ကုန်းကျေးရွာ၌ ရေနစ်မြုပ်သည့်အတွက် အိမ်ထောင်စု ၄၀ ခန့်မှာ ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ဘုရားနီကျေးရွာမှ ဒေသခံများမှာလည်း ရေနစ်မြုပ်မှုကြောင့် ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်က ပြောသည်။
“သာပေါင်းက ဘုရားနီ၊ ကြိမ်တလီနဲ့ တလုပ်ကုန်းဘက်တွေတော့ ရေဝင်တယ်လို့ သတင်းရပါတယ်။ ဒီရွာတွေက နှစ်တိုင်းတော့ ရေဝင်နေကျပါ။ မနက်ဖြန်မှာ ကျနော် အဲဒီရွာတွေကိုဆင်းပြီး ကယ်ဆယ်ရေး လုပ်ငန်း ကူညီထောက်ပံ့တာတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်”ဟု သူက ပြောသည်။
ဧရာဝတီတိုင်း၌ ၂၀၁၂ ခုနှစ်က ရေကြီးနစ်မြုပ်မှုအမြောက်အမြား ဖြစ်ပွားခဲ့ရာ ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်နှင့် သာပေါင်းမြို့နယ်တို့ရှိ ဒေသခံပေါင်း သောင်းနှင့်ချီ၍ ရေဘေးဒုက္ခကြုံတွေ့ခဲ့ရပြီး လယ်ဧက
လယ်ဧက ၂ သိန်း ၇ သောင်းကျော် ရေနစ်မြုပ်ခဲ့ကာ ဧက ၇ သောင်း ၉ ထောင်ကျော် ရေမြုပ်ပျက်စီးခဲ့ကြောင်းသိရသည်။