တနိုင်ငံလုံး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ပဲခူးမြို့ ရပ်ကွက်တချို့လည်း ရေမြုပ်သွားခဲ့ရာ လူထောင်နှင့်ချီ ရေဘေး ဒုက္ခကြုံတွေ့နေကြောင်း စုံစမ်းသိရှိရသည်။
ပဲခူးမြို့အလယ် နာရီစင်အထိ ရေကျော်ခဲ့ပြီး ပဲခူးမြို့ဝင် ခေါင်းဆေးကျွန်းနှင့် ကျွန်းသာယာရပ်ကွက်တွင် ကားလမ်းများ ရေမြုပ်ကြောင်း၊ ကားလမ်းပေါ်ရေကျော်မှုကြောင့် လူများခါးလယ်လောက်အထိ ရေထဲတွင် လမ်းလျှောက်ကြရကြောင်း ပဲခူးမြို့ခံများက ပြော သည်။
တချို့နေရာများတွင် လှေများဖြင့် သွားလာကြရပြီး ပဲခူးမြို့ ခေါင်းဆေးကျွန်းရပ်မှ မြို့လယ်နာရီစင်အထိ ရေကြီးလာသဖြင့် ရေ တိုင်ကီ အမည်းများကို တန်းစီချ၍ ရောင်ပြန်ကာများကပ်ထားသည်ကို တွေ့ရသည်။
ပဲခူးတိုင်းအပိုင် မင်းလွင်ကုန်းရွာတွင်လည်း ကားလမ်းဘေးနေအိမ်များ ရေမြုပ်နေပြီး အင်းတကော် စက်မှုဇုန်၌ ရေကြီး ရေလျှံကြောင့် တဲအိမ် ၁၀ လုံးခန့် ရေမြုပ်နေကြောင်း၊ ခေါင်းဆေးကျွန်းရပ်ကွက်နှင့် ကျွန်းသာယာ ရပ်ကွက်တို့တွင် တဲအိမ်ခေါင်းမိုအထိပင် ရေမြုပ်နေကြောင်း သိရသည်။
ပဲခူး ဈေးကြီး အတွင်းလမ်းနှင့် မာဇင်ရပ်ကွက်၊ ကျောက်ကြီးစုရပ်၊ ရေကျော်ရပ်၊ ကျိုက်ပွန်ဘုရားတဝိုက်၊ မြို့သစ်နှင့် ကျွန်းသာယာ ရပ်ကွက်များပါ ရေကြီး ရေလျှံ ဖြစ်ပွားလျက် ရှိကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လအတွင်းက ထောက်ကြန့်မြို့အထွက်မှ ရန်ကုန်-မန္တလေးကား လမ်းမကြီးမှ ပဲခူးမြို့အထိရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လှည်း ကူး မြို့လယ်ရှိ ရဲစခန်းနှင့် လိုင်းခန်းများ၊ မြို့နယ်ရုံးနှင့် တရားရုံးထဲတွင် ရေဝင်ခဲ့ပြီး ကျွန်းကလေးရွာနှင့် လှည်းကူး မူလတန်းကျောင်း၊ ဘုန်းကြီးကျောင်းတချို့လည်း ရေမြုပ်ခဲ့သည်။
ရေဘေး ဒုက္ခသည်သည်များသည် ပဲခူးမြို့လယ်၊ ရွှေမော်ဓောစေတီ မင်းလမ်း၊ ရှင်စောပု ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမ ထဲသို့ ဒုက္ခသည် တထောင်ကျော် ဇူလိုင်လကုန်ပိုင်းတွင် ရောက်ရှိနေသည်။
နှစ်စဉ် ဘုရားပွဲကျင်းပရာ မွန်ဓမ္မာရုံတွင်လည်း မြို့သစ်ရပ်ကွက်နှင့် မာဇင်ရပ်၊ ကျောက်ကြီးစုရပ်မှ ရေဘေး ဒုက္ခသည်များ လူ ၅၀၀ ကျော် ရောက်ရှိနေပြီး ပဲခူးတွင် ကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ်ထားသည်။
ရေဘေး ဒုက္ခသည်များအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ရေသန့်ဘူးများကို ပဲခူးတိုင်း အစိုးရက ထောက် ပံ့ပေးလျက် ရှိပြီး တဦးလျှင် တပတ်စာ ဆန် ၂ ဘူး၊ အိမ်ထောင်စုတစုလျှင် တပတ်စာ ၁ ဘူး၊ ဘဲဥ၊ တဦးလျှင် ၄ ရက်စာ ကြက်ဥ ၂ လုံး၊ ခေါက်ဆွဲခြောက်ထုပ်များကို ၁ ထုပ်စီ ဝေငှပေးခဲ့ကြောင်း သိရသည်။
အိမ်ထောင်စုစာရင်းတွင် ကလေးနာမည်ပါလျှင် ကလေးကိုပါ ကြက်ဥပေးကြောင်း၊ အုတ်ကျင်း ပျံကျရပ်ကွက် (မြို့သစ်)ရှိ လူအများစုသည် အိမ်ထောင်စု ဇယားမရှိကြသဖြင့် ရိက္ခာများယူလျှင် လက်ဗွေကိုနှိပ်၍ ရယူနိုင်သည်ဟု ဆိုသည်။
ပဲခူးမြစ် ရေလျှံရခြင်းသည် ပဲခူးရိုးမ တောင်ပေါ်မှ မိုးအဆက်မပြတ်ရွာချနေ၍ တောင်ကျရေ များကြောင်း ဖြစ်ကြောင်း သိရသည်။