မြန်မာနိုင်ငံအနှံ့အပြား ရေဘေးကြုံတွေ့နေရချိန် လူမှုနယ်ပယ်အသီးသီးက အလှူအတန်း လုပ်ကြသူတွေဟာ ဘယ်သူ့ တိုက်တွန်းချက်မှ မလိုဘဲ ရှေ့ထွက်လာကြပါတယ်။ဈေးသူဈေးသားတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ရုပ်ရှင် ၊ဂီတ ၊သဘင် ၊မော်လ်ဒယ်စတဲ့သူတွေအပြင် ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ ကုန်သည်ပွဲစားတွေပါ ရေဘေးကယ်ဆယ်ရေးအတွက် အားတက်သရော ပါဝင်လှူဒါန်း လာတာ တွေ့ရတယ်။ မြို့မတူရိယာအသင်းလို ဂီတအသင်းတွေကလည်း ရေဘေးသင့်သူတွေအတွက် လှူဒါန်းသလို မန္တလေးအခြေစိုက် ပရဟိတ အသင်းတွေ လူမှုကူညီရေးအသင်းတွေကလည်း ရေဘေးကူညီကယ်ဆယ်ရေးအတွက် တတပ်တအား ပါဝင်လာကြတယ်။
မန္တလေး ကျုံးနံဘေး တောင်ဘက်ကျုံးလမ်း (၂၆)ဘီလမ်းပေါ်မှာ ဇူလိုင်(၃)ရက်နေ့မှာတော့ ရေဘေးအတွက် အလှူခံ သူ တွေနဲ့ စည်ကားနေပါတယ်။ ဆီဒိုးနားအနီးမှာ ပန်းချီဆရာတွေက ရေဘေးကူညီရေးအတွက် ရေဆေးပန်းချီတွေ ရေးဆွဲပြီး အလှူငွေ ရှာဖွေပေးနေပါတယ်။ ပန်းချီဆရာဦးမာလာ၊ဦးခင်မောင်စန်း၊ဦးစိုးဝင်းငြိမ်း စတဲ့ ထင်ရှားတဲ့ပန်းချီဆရာတွေ ရေး ဆွဲနေတာကို ပန်းချီချစ်သူတွေကစောင့်ပြီး ဝယ်ယူနေကြတယ်။ ရေဆေးပန်းချီကားတချပ် ကျပ်၅၀၀၀ သတ်မှတ်ထား ပေ မယ့် အလှူရှင်တချို့က ပန်းချီကားကို သတ်မှတ်တန်ဖိုးထက် ပိုပေးပြီး စောင့်ဝယ်နေကြတယ်။
အပ္မမာဒနှလုံးသားကွန်ရက်၊ပန်းပျိုးလက်လူမှုကူညီရေးအသင်း၊မန္တလေးကွန်ပျူတာတက္ကသိုလ်ကျောင်းသားကျောင်းသူများ၊လေလှိုင်းထဲက အဖြူရောင်သံယောဇဉ်လေးများ၊မြတ်ပါရမီသွေးလှူရှင်အသင်းတွေကလည်း ရေဘေးကူညီကယ်ဆယ်ရေး အတွက် တောင်ဘက်ကျုံးနံဘေးမှာ အလှူခံနေကြပါတယ်။ မန္တလေးဈေးချိုမန်းမြန်မာပလာဇာက ဈေးသူဈေးသားတွေက လည်း ရေဘေးကယ်ဆယ်ရေးအတွက် အလှူငွေနဲ့ အလှူပစ္စည်းကောက်ခံရာမှာ တရက်တည်းနဲ့ ငွေကျပ်၄၃သိန်းကျော်နဲ့ အလှူပစ္စည်းသိန်း၆၀ဖိုး ကောက်ခံရရှိခဲ့ကြပါတယ်။ ဈေးသူဈေးသားတွေအပြင် လမ်းသွားလမ်းလာဈေးဝယ်တွေရဲ့ အလှူ ငွေတွေလည်း ပါဝင်တယ်။
မန္တလေး ကုန်စည်ဒိုင်က ကုန်သည်ပွဲစား စက်ပိုင်တွေလည်း ရေဘေးအလှူမှာ လက်မနှေးကြပါဘူး။ ဇူလိုင်လ(၃)ရက်နေ့ အထိ ကုန်စည်ဒိုင်ရဲ့ ကောက်ခံရရှိငွေကျပ် ၃၀၂ သိန်းထိ ကောက်ခံရရှိနေပါပြီ။ ကုန်စည်ဒိုင်ရဲ့မတည်ငွေက ကျပ်သိန်း ၅၀ ဖြစ်ပြီး ယနေ့အချိန်ထိ စုစုပေါင်း သိန်း၃၅၀ကျော်နေပါပြီ။ ကုန်စည်ဒိုင်က ကုန်သည်ပွဲစား စက်ပိုင်တွေက နိုင်ငံအနှံ့က
ရေဘေးသင့်သူတွေကို ကူညီလှူဒါန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
ဗြဟ္မစိုရ်ဆရာတော် ဦးတိက္ခကလည်း ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် ဒုတိယအကြိမ်လှူဒါန်းနိုင်ဖို့ ပြင်ဆင် နေပါတယ်။ ပထမအကြိမ် လှူဒါန်းခဲ့တာက ဇူလိုင်လ ၂၃ ရက်နေ့ကပါ။ အလှူရှင်တွေ မလှူဒါန်းခင်မှာ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ထဲက ဓမ္မပါလ ဘုန်းတော်ကြီးသင် ပရဟိတကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူ ၃၀၀ ကျော် အတွက် ဆန်အိတ်၅၀၊ဆပ်ပြာမှုန့်၊ခေါက်ဆွဲခြောက်ဖာတွေ လှူဒါန်းခဲ့တာပါ။ ရေဘေးသင့်တွေအတွက် ဒုတိယအကြိမ်အလှူအတွက် ပွင့်ဖြူမြို့နယ်ထဲက ရေဘေးသင့်တွေကို လှူဒါန်းဖို့ ပြင်ဆင်နေပါတယ်။
ပွင့်ဖြူမြို့နယ်အတွင်းက ရေဘေးသင့် သံဃာတော်တွေအတွက် သင်္ကန်းအထည်၂၀၀၊ဓာတ်ဆားထုတ် ၁၀၀၀၊ဆန်အိတ် ၅၀၊ခေါက်ဆွဲဖာ ၅၀ စတာတွေကို (ဇူလိုင် ၄ ရက်နေ့မှာ)လှူဒါန်းမှာဖြစ်ပါတယ်။ ဗြဟ္မစိုရ်ဆရာတော်ဦးတိက္ခက “အလှူဖြစ် မြောက်ဖို့အတွက် စေတနာက စေ့ဆော်ဖို့လိုတယ်။ မလှူမီအချိန် လှူဆဲအချိန် လှူပြီး အချိန်တွေမှာ စေတနာထားမှ မြင့်မြတ်တဲ့ အလှူဖြစ်မယ်” လို့ ဆရာတော်က မိန့်တယ်။
အလှူအတန်းနဲ့ပတ်သတ်ရင် မြန်မာတွေ သွေးမနည်းကြောင်း ရေဘေးကူညီမှုအလှူတွေက သက်သေပြနေတယ်။ ဘဏ် လုပ်ငန်းရှင်သူဌေးတွေ၊ဆောက်လုပ်ရေးလုပ်ငန်းရှင် သူကြွယ်တွေသာမက အောက်ခြေဝန်ထမ်းတွေ လက်လုပ်လက်စား တွေ နေ့စားလုပ်သားတွေ တတ်နိုင်သလောက် လှူဒါန်းနေကြတယ်။ ဆိုက္ကားနင်းသူတွေပင် ရေဘေးကူညီရေးအတွက် ပါဝင်လှူဒါန်းတာ တွေ့နေရတယ်။
ရေဘေးသင့်သူတွေကို အကူအညီပေးနိုင်ဖို့ ကျုံးနံဘေးမှာ ပထမဆုံးစအလှူခံတဲ့အဖွဲ့က မန္တလေးပရဟိတကွန်ရက် ဖြစ်ပါတယ်။ မန္တလေးမြို့တက္ကသိုလ်ကောလိပ်ပေါင်းစုံက ကျောင်းသူကျောင်းသားတွေနဲ့ စုဖွဲ့ထားတဲ့ပရဟိတ ကွန်ရက် အဖွဲ့ဖြစ်ပါတယ်။ အလှူခံတဲ့ လူငယ်တွေအားလုံး အင်္ကျ ီအဖြူရောင်ဆင်တူ ဝတ်ဆင်ထားကြတယ်။
ပထမနေ့ ရေထဲမိုးထဲ ကောက်ခံတုန်းက ကျပ် ၁၄ သိန်းကျော်ရခဲ့ပြီး ဒုတိယနေ့မှာတော့ အလှူငွေကျပ် ၈၉ သိန်း အထိ ရရှိ ခဲ့တယ်။ အဲဒီအဖွဲ့ထဲက မမေမွန်သူက “ကိုယ်တိုင်လည်း အဝတ်တွေလှူထားတယ်။ အလှူငွေလည်း ထည့်ဝင်သွားမှာပါ ။ အလှူရှင်တွေရဲ့အလှူငွေနဲ့ပစ္စည်းတွေအားလုံးက ရေဘေးသင့်သူတွေအတွက် ရာနှုန်းပြည့် ဖြစ်စေရပါမယ်” လို့ သူတို့ ကွန်ရက် ဆောင်ရွက်ပုံကို ပြောတယ်။
ရေဘေးသင့်သူတွေကို ကူညီကြတဲ့ လူငယ်တွေအပေါ် လူကြီးတွေက ကျေနပ်အားရဖြစ်ကြတယ်။ မလွန်ဆန်လှူသင်းရဲ့ အမှုဆောင် ကုန်စည်ဒိုင် နာယကဦးသိန်းထွန်းက လူငယ်လေးတွေ အလှူခံပြီး ရေဘေးသင့်သူတွေကို ကူညီတာနဲ့ပတ် သတ်ပြီး အခုလိုပြောတယ်။ “လူမှုရေးကို အခြေခံတဲ့ လူမှုရေးအလှူကလည်း လှူကောင်းတဲ့အလှူတခုပါပဲ။ လူငယ်တွေ ကို ချီးမွမ်းချင်တယ်။ သူတို့ကို ဘယ်သူမှ အာဏာနဲ့ တိုက်တွန်းခဲ့တာမဟုတ်ဘူး”
မန္တလေးမြို့ရဲ့ သက်တော်ရှည်မလွန်ဆန်လှူအသင်း(၁၁၉နှစ်)ကလည်း ကောလင်းဒေသက ရေဘေးသင့်ပြည်သူတွေ အတွက်တခွဲ (၈ပြည်အိတ်) ၃၅၀၀အိတ် သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ မြန်မာတွေ အလှူဒါန ပြုကြရာမှာ ငွေအား နဲ့ပါဝင်သူတွေရှိသလို လုပ်အားဒါနနဲ့ကုသိုလ်ပြုကြတာတွေရှိတယ်။ ဂီတအနုပညာသမားတွေက အသံကို ဒါနလုပ်ပြီး မြို့ပတ်အလှူခံထွက်ကြတာလည်းရှိတယ်။ ပန်းချီဆရာတွေက ပန်းချီဆွဲပြီး အလှူငွေရှာပေးတယ်။
ဓာတ်ပုံဆရာတွေကလည်း ဓာတ်ပုံတွေ ပြပွဲလုပ်ပြီးရေဘေးအတွက် လှူဒါန်းဖို့ ပြင်ဆင်နေကြတယ်။ စာရေးဆရာ အချို့ကလည်း ရေဘေးသင့်သူတွေအတွက် စာမူခတွေ ထည့်ဝင်လှူဒါန်းတာရှိပါတယ်။
ရေဘေးသင့်သူတွေကို ကူညီလှူဒါန်းတာက ရေရှည်လုပ်သွားနိုင်ဖို့လိုပါတယ်။ အခုအခါ ပရဟိတအဖွဲ့တွေ၊ လူမှုကူညီ ရေးအသင်းတွေ၊ကွန်ရက်တွေက ကူညီချင်စိတ် တခုတည်းနဲ့လုပ်နေကြရတာပါ။
အလှူခံထားတဲ့ အလှူငွေတွေနဲ့ အလှူပစ္စည်းတွေ ရေဘေးသင့်သူတွေထံ အလေအလွင့်မရှိ ရောက်နိုင်ဖို့ ထိရောက်တဲ့ အကူအညီဖြစ်ဖို့ လိုအပ်ကြောင်း ရတနာပုံတက္ကသိုလ်က ဘာသာရပ်ဆိုင်ရာ ပါမောက္ခတယောက်က အခုလို အကြံပြု တယ်။
“အလှူခံတဲ့နေရာနဲ့ အလှူလုပ်တဲ့နေရာမှာ စနစ်ကျဖို့ ထိရောက်ဖို့ ညီညွှတ်ဖို့လိုတယ်။ ဒါမှအကျိုးရှိတဲ့ အလှူဖြစ်မယ်။ ဗြဟ္မဝိဟာရ တရားလေးပါးကို လက်ကိုင်ထားနိုင်ရင်အကောင်းဆုံးပါပဲ။ အကျင့်သီလ သိက္ခာစင်ကြယ်ဖို့လိုတယ်။ အခု ရေဘေးက အငိုလည်း မလွယ်ဘူး။ အရှိုက်လည်း ခက်လိမ့်မယ်”လို့ ဆိုပါတယ်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)