စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ရေကြီး၊ ရေနစ်မြုပ်မှုနှင့် ပတ်သက်ပြီး တာဝန်ယူ ဖြေရှင်းပေးရန် ဝမ်ပေါင် ကုမ္မဏီအား တောင်းဆိုခဲ့သည့် ဒေသခံ ၇ ဦးကို သြဂုတ်လ ၃ ရက်က ဖမ်းဆီးခဲ့ပြီးနောက် ထိုနေ့ ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးလိုက်ကြောင်း ဒေသခံများက ပြောသည်။
လက်ပံတောင်းဒေသ ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာများ ရေနစ်မြုပ်မှု ဖြစ်ပွားနေသဖြင့် အိုးအိမ်စွန့်ခွာ၍ ကားလမ်းမကြီးပေါ်၌ ခို လှုံ နေကြရသည့် ဒေသခံများက ရေကြီးမှု လျော့ကျသွားစေရေးအတွက် စီမံကိန်း တာပေါင်များ ဖောက်ချပေးရန်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုအပေါ် တာဝန်ယူပေးရန် တောင်းဆိုခဲ့ကြသည့် ဒေသခံ ၇ ဦးကို ဆားလင်းကြီး ရဲစခန်းသို့ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
“မနေ့က ကြေးနီစီမံကိန်းတာဝန်ခံ လောတုံရဲ့ကားလာတော့ ဒီစီမံကိန်းကြီး တာပေါင်တွေကြောင့် ရေတွေက မစီးဆင်းဘူး။ ရွာတွေ ရေမြုပ်နေလို့ ဖောက်ချပေးဖို့နဲ့ တာဝန်ယူပေးဖို့ ကျမတို့က တားပြီးတော့ ပြောလိုက်တာ။ သူက ဆက်ဆံရေးရုံးကို လိုက်ခဲ့ဆိုပြီး ဝမ်ပေါင်ကားနဲ့ ခေါ်သွားတာ။ ရဲမှူးအောင်ကျော်က ဆက်ဆံရေးရုံးကို မခေါ်နဲ့ ဆားလင်းကြီး ရဲစခန်းကို မောင်းဆိုပြီး ဖမ်းသွားတာ” ဟု တုံရွာသူ ဒေါ်မာချိုက ဧရာဝတီကို ပြောသည်။
အဖမ်းခံရသူများထဲတွင် တုံရွာမှ ဒေါ်စောမိ၊ အလယ်တောရွာမှ မစန္ဒာ၊ မမြတ်သူ၊ မအေးမြတို့ အပါအဝင် စုစုပေါင်း ၇ ဦး ဖြစ်ကြောင်း သိရသည်။
“အစကတော့ ဖမ်းချုပ်မယ်ဆိုပြီး ခေါ်သွားတာ။ နောက်က ဒေသခံတွေ လိုက်သွားတော့မှ ဖမ်းချုပ်တာ မဟုတ်ပါဘူး ဆိုပြီးတော့ ဆားလင်းကြီး ရဲစခန်းက မနေ့ညနေက ပြန်လွှတ်ပေးလိုက်တာ”ဟု ဒေါ်မာချိုက ဆက်ပြောသည်။
ဆားလင်းကြီးမြို့နယ် ကြေးနီစီမံကိန်း အနီးရှိ လက်ပံတောင်း၊ တုံရွာ၊ အလယ်တော၊ အလယ်ရွာ၊ ရွာသစ်၊ တောကျောင်း၊ ထန်းတောကြီး၊ ဝဲကြီး၊ ဝဲကွဲ၊ ရွာသစ်ကုန်း၊ ရွှေလှေ စသည့် ကျေးရွာများ အပါအဝင် ကျေးရွာ များစွာ ရေနစ်မြုပ်မှု ကြုံတွေ့ရသဖြင့် ဒေသခံများသည် ကျွဲ၊ နွား တရိစ္ဆာန်များနှင့်အတူ အိုးအိမ်များ စွန့်ခွာပြီး ဆားလင်းကြီးနှင့် ညောင်ပင်ကြီး ကားလမ်းမပေါ်တွင် မိုးကာတဲများ တည်ဆောက်၍ ရေဘေး ခိုလှုံနေကြရကြောင်း ဒေသခံများက ဧရာဝတီကို ပြောသည်။
တပတ်ကျော်ကြာ ရေကြီးမှုကြောင့် ထိုကျေးရွာများ၏ ရာသီပေါ် ကောက်ပဲသီးနှံများနှင့် ကွမ်းခြံများ ရေနစ်မြုပ် ပျက်စီးခဲ့ရကြောင်း၊ ဒေသခံများသည် ကားလမ်းမပေါ်တွင် တက်ရောက်ခိုလှုံနေကြရကြောင်း၊ ၎င်းတို့အတွက် စားသောက်ဖွယ်ရာများကို ဝမ်ပေါင်ကုမ္မဏီ အပါအဝင် အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များက လာရောက် ကူညီကြကြောင်း ဒေသခံများက ပြောဆိုသည်။
“အခုဟာက တခါမှ မဖြစ်ဘူးတဲ့ ပင်လယ်ပြင်ထဲ ရောက်နေသလို ဖြစ်နေတာ။ စိုက်ထားတဲ့ သီးနှံတွေက အကုန်လုံး ရေအောက်မှာ ပျက်စီးကုန်တာပေါ့။ ပျက်စီးသွားတာတွေအတွက် ဘယ်သူအကူအညီ ဘာညာ မစဉ်းစားနိုင်ကြသေးဘူး။ လောလောဆယ် ကိုယ် တွေ နေထိုင်ဖို့နဲ့ ထမင်းနပ်မှန်ဖို့ အရင်ရုန်းကန် နေရတယ်”ဟု ဝက်မှေးရွာသူ တဦးက ပြောသည်။
ဆားလင်းကြီးမြို့နယ် အတွင်း၌ ကျေးရွာပေါင်း ၅၀ ကျော် ရေနစ်မြုပ်မှုဒဏ် ခံစားနေကြရပြီး လမ်းများ ရေအောက်ရောက်နေသဖြင့် လမ်းခရီး ဆက်သွယ်ရေး အခက်အခဲရှိနေကြောင်း၊ သောက်သုံးရေ၊ ချိုးရေနှင့် အစားအသောက် အခက်အခဲများ ကြုံတွေ့နေရ သည့် ကျေးရွာများလည်းရှိကြောင်း ရေဘေးဒဏ် ခံစားနေရသည့် ကျေးရွာများသို့ ကိုယ်တိုင်လိုက်ပါ ကူညီနေသည့် မုံရွာမြို့ခံ ဓာတ်ပုံဆရာ ကိုအောင်နေမျိုးက ဧရာဝတီကို ပြောသည်။
“ချင်းတွင်းမြစ် အနောက်ဘက်က ရွာတွေဆိုရင် လမ်းပန်း ဆက်သွယ်ရေးကြောင့် အစားအသောက်ရဖို့ အကူအညီ လိုအပ်နေကြ တယ်။ နောက် ရေတွင်းရေကန်တွေကလည်း မြုပ်ကုန်တာဆိုတော့ သောက်ရေ၊ သုံးရေပါ အခက်ကြုံ နေကြတယ်။ ကျနော်တို့လည်း ဆန်၊ ခေါက်ဆွဲခြောက်၊ သောက်ရေနဲ့ ဓာတ်ဆားတွေကို လှေတွေနဲ့ပဲ သွားပို့ရတယ်”ဟု ကိုအောင်နေမျိုးက ဆိုသည်။
မြန်မာနိုင်ငံတဝန်း ရေကြီး ရေလျှံ ရေနစ်မြုပ်မှုကြောင့် သြဂုတ်လ ၂ ရက်အထိ စာရင်းများအရ သေဆုံးသူ ၄၆ ဦး ရှိပြီဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန(နေပြည်တော်)က ထုတ်ပြန်ထားသည်။
ရေကြီးရေနစ်မြုပ်မှု ဖြစ်ပွားရာ ဒေသများတွင် လူဦးရေ သိန်းနှင့်ချီ၍ ရေဘေးခိုလှုံနေကြရပြီး စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ လယ်ယာမြေများ ရေနစ်မြုပ်မှုကြောင့် ကောက်ပဲသီးနှံများလည်း ဆုံးရှုံးသွားကြောင်း သိရသည်။