ဟင်္သာတခရိုင်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ် ကျော်လွန်နေဆဲဖြစ်ပြီး တာရိုးများ၏ ကြံ့ခိုင်မှုကို ရေကင်းသမားများက ၂၄ နာရီပတ်လုံး စောင့်ရှောက်နေရကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၃ ရက်နေ့အထိ တာရိုးတလျှောက် မြစ်ရေစိမ့်ဝင်လာသည့် အပေါက်ပေါင်း ၁၀၀ ကျော်ရှိခဲ့ပြီး ရေပေါက်များကို ပြန်လည်ဖာထေးထားကြောင်း၊ ဆက်တိုက် ရေစိမ့်ဝင်နေသည့် အပေါက်များလည်း ရှိနေကြောင်း ဟင်္သာတမြို့ အခြေစိုက် နိုဘယ် ပရဟိတအဖွဲ့ကို ဦးဆောင်သည့် ဆရာတော် ဦးဉာဏလင်္ကာရက ဧရာဝတီကို မိန့်သည်။
ဆရာတော် ဦးဉာဏလင်္ကာရက “အပေါက်ပေါင်း ၁၀၀ ကျော်တယ်။ ၁၂၁ ပေါက် မနေ့က အခြေအနေအထိ၊ နောက်ထပ် ပေါက်တာတွေလည်း ရှိသေးတယ်” ဟု မိန့်သည်။
မြန်မာပြည် အထက်ပိုင်းမှ ရေများဆင်းလာခြင်းကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ဝကျွန်းပေါ်ဒေသတွင် အစိုးရိမ်ရဆုံး အခြေအနေတွင် ရှိနေကြောင်း ပညာရှင်များက ခန့်မှန်းထားပြီး ကြိုတင်ပြင်ဆင်မှုများ မဖြစ်မနေ ပြုလုပ်ထားရန် လိုအပ်ကြောင်းလည်း နှိုးဆော်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်၏ သြဂုတ်လ ၄ ရက်နေ့ ခန့်မှန်းချက်များအရ ရေဖုံးလွှမ်းမှု အန္တရာယ် ဆက်လက် မြင့်မားနေဆဲ ဒေသများတွင် ဧရာဝတီတိုင်းမှ ဟင်္သာတ၊ မအူပင်နှင့် ပုသိမ်တို့ ပါဝင်ပြီး ယခုလက်ရှိအထိ မြစ်ဝကျွန်းပေါ်ဒေသသည် ရေဖုံးလွှမ်းခံရမှု အများဆုံး ဖြစ်နေကြောင်း သိရှိရသည်။
ရေကြီးရေလျှံမှု အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ အနေဖြင့် ဟင်္သာခရိုင် ဦးစီးအရာရှိ ဦးကျော်ကျော်ဦးက လက်ရှိတွင် မြစ်တာရိုးများ၏ ကြံ့ခိုင်မှုကိုသာ ပထမ ဦးစားပေးအနေဖြင့် စောင့်ကြည့်နေကြောင်း ဧရာဝတီကို ပြောသည်။
ဦးကျော်ကျော်ဦးက “တာနိမ့်တဲ့ နေရာတွေမှာ သဲအိပ်ဆင့် ကာကွယ်တာတို့ ဘာတို့ လုပ်နေတယ်။ ဆည်မြောင်း ရေကင်းနဲ့ ပေါင်းပြီးတော့ ခရိုင်အဆင့် ဌာနဆိုင်ရာတွေ ကြီးကြပ်ပြီး နီးစပ်ရာ ကျေးရွာက အုပ်ချုပ်ရေးမှူးတွေနဲ့အတူ ဆည်မြောင်း လုပ်သားတွေနဲ့အတူ ရေပေါက်ပေါက်တာတွေ စိမ့်တာတွေကို အကုန်လုံး တောက်လျှောက် နေ့ညမပြတ် ၂၄ နာရီ ကင်းလှည့်ပြီး ဖာနေပါတယ်” ဟု ပြောသည်။
ဟင်္သာတမြို့မှ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကိုဖြိုးမြင့်သိန်းကလည်း ပထမ ဦးစားပေး အနေနှင့် တာရိုး မကျိုးအောင် စောင့်ကြည့်နေကြရပြီး ဒုတိယ ဦးစားပေး အနေနှင့် ရေဘေးသင့် ဒေသများသို့ စားနပ်ရိက္ခာများ လိုက်လံ ထောက်ပံ့ပေးနေသည်ဟု ပြောသည်။
လက်ရှိအထိ ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်မြို့နယ်မှအပ ကျန်မြို့နယ် ၅ မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ရွှေ့ပြောင်းပေးလိုက်ရသည့် အိမ်ခြေ ၁၁၄ အိမ်နှင့် လူဦးရေ ၂၆၇၀၅ ရှိနေပြီ ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးစခန်းပေါင်း ၆၂ ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ဟင်္သာတခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။
ဟင်္သာတကို ဖြတ်သန်းသွားသည့် ဧရာဝတီမြစ်ရေသည် ၂၀၀၇ ခုနှစ်က ၄၈ ဒသမ ၁၁ ပေ သို့ အမြင့်ဆုံးတက်ခဲ့ပြီး လက်ရှိတွင် စိုးရိမ်ရေအမှတ်ကို ကျော်လွန်၍ ၄၇ ဒသမ ၈၀ ပေသို့ ရောက်ရှိနေကာ အန္တရာယ် ရေအမှတ်မှာ ၄၉ ဒသမ ၃၁ ပေ ဖြစ်ကြောင်း သိရှိရသည်။
အန္တရာယ်ရှိနိုင်သည်ဟု ပညာရှင်များက နှိုးဆော်ထားသော်လည်း ရေလျှံခဲ့သည့် ဟင်္သာတခရိုင်အတွင်းရှိ နေရာများသည် မြုပ်လေ့မြုပ်ထ ရှိသည့် နေရာများဖြစ်ပြီး ရေမတက်သေးသည့် ဒေသများသည်လည်း ကြိုတင် ရွှေ့ပြောင်းထားခြင်းမျိုးများ ပြုလုပ်ရန်အထိ စိုးရိမ်ရသည့် အခြေအနေမဟုတ်ဟု ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ဧရာဝတီကို ပြောသည်။
ရေဘေးသင့်သူများသည် နီးစပ်ရာ ကယ်ဆယ်ရေး စခန်းများသို့ ဇူလိုင် ၃၀ ရက်နေ့မှစ၍ ရွှေ့ပြောင်းခဲ့သော်လည်း အစိုးရအဖွဲ့များ၏ ထောက်ပံ့ရေး ပစ္စည်းများမှာ သြဂုတ်လ ၃ ရက်နေ့အထိ ရောက်လာခြင်း မရှိသေးကြောင်း၊ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အစိုးရအဖွဲ့များထက် နယ်ခံ ပရဟိတ အဖွဲ့အစည်းများက ပိုမိုအားကောင်းနေကြောင်း ကိုဖြိုးမြင့်သိန်းက ပြောဆိုသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန (ဧရာဝတီတိုင်း) မှ ဒုဦးစီးမှူး ဦးဟန်လင်းထွဋ်၏ အဆိုအရ လက်ရှိရေဘေး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကို သြဂုတ်လ ၂ ရက်နေ့က ပုသိမ်မြို့မှ ပို့ပေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။