ပြည်ခရိုင်အတွင်းရှိ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ ပန်းတောင်းနှင့် သဲကုန်းမြို့နယ် ၅ ခုတွင် ရေကြီး ရေလျှံမှုကြောင့် လူ ၁ ဦးသေ ဆုံး ၍ လူ ၄၀၀၀၀ နီးပါး ရေဘေးဒုက္ခကြုံတွေ့နေပြီး ပန်းတောင်း မြို့နယ်တွင် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။
ယင်း ၅ မြို့နယ်အတွင်း အိမ်ထောင်စုပေါင်း ၂၂၀၀၄ စု ရှိပြီး လူဦးရေ ၃၉၃၉၀ သည် ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း၊ ရေဝင် သည့် အိမ်အလုံးပေါင်း ၁၇၀၁၉ လုံး၊ စာသင်ကျောင်းပေါင်း ၁၁၃ ကျောင်းနှင့် တခြား အဆောက်အအုံ ၆၁ ခု ရေမြုပ်နေကြောင်း ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာန၏ စာရင်းများ၌ ဖော်ပြထားသည်။
ရေမြုပ်သည့် လယ်ယာမြေဧကပေါင်း ၃၉၀၅၉ ဧကရှိပြီး ၁၃၂၇ ဧကသည် ပြန်စိုက်ပျိုး၍မရသည်အထိ ပျက်စီးဆုံးရှုံး သွားကြောင်း၊ အိမ် ၁၀ လုံး၊ လမ်းပေါင်း ၆၈ ခု၊ တံတား တစင်းလည်း ပျက်စီးကြောင်း သိရသည်။
အဆိုပါမြို့နယ် ၅ ခုတွင် ပန်းတောင်းမြို့နယ်သည် ရေဘေးဒုက္ခသည်ဦးရေ အများဆုံးဖြစ်ပြီး အိမ်အလုံးပေါင်း ၅၆၀၆ လုံး၊ စာသင် ကျောင်း ပေါင်း ၄၅ ကျောင်း ရေနစ်မြုပ်နေပြီး အိမ်ထောင်စု ၆၇၆၇ စုမှ လူဦးရေ ၂၃၇၀၀ ရှိကြောင်း ပြည်ခရိုင် အထွေထွေ အုပ်ချုပ် ရေး ဦးစီးဋ္ဌာန၏ စာရင်း၌ ပါရှိသည်။
ရွှေတောင်မြို့နယ်တွင်လည်း အိမ်အလုံးပေါင်း ၇၈၅၀၊ စာသင်ကျောင်းပေါင်း ၅၁ ကျောင်းနှင့် လယ်ဧက ၁၀၀၀၀ နီးပါး ရေနစ်မြုပ် နေကြောင်း၊ သဲကုန်းမြို့နယ်၌ လယ်ယာမြေ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ကြောင်း ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ရွှေတောင်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က“ဇူလိုင်လ ၂၉ ရက်နေ့ကတည်းက တဖြည်းဖြည်းချင်း လူတွေ ယာယီ ကယ် ဆယ် ရေးစခန်းတွေကို ရောက်လာတာပါ။ အခုချိန်အထိတော့ လျော့မသွားသေးဘူး။ တိုး လာတာပဲရှိတယ်။ ရေကတော့ ဆက် မတက်တော့ဘဲ တန့်နေတယ်။ ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာတော့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နဲ့ ရေတွေ လုံလုံလောက် လောက် ရှိပါတယ်။ ကျနော့်အထင် နောက်ထပ် ၁၀ ရက်လောက်တော့ ဒီမှာဆက်နေရဦးမယ် ထင်တယ်”ဟု ပြောသည်။
အရပ်ဘက် ပရဟိတအသင်းများ အနေနှင့်လည်း ခရိုင်အတွင်း သွားလာရေး ခက်ခဲသည့် နေရာတချို့ ကျန်ရှိနေသေးကြောင်း၊ လတ်တလော ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများအား အရပ်ဘက် အဖွဲ့အစည်းများမှ အင်တိုက် အားတိုက် ပါဝင် ကူညီပေးနေ သည့် အချိန်တွင် အစိုးရအနေနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း ပြည်မြို့ ခေတ္တရာ လူငယ်များ သာရေးနာရေးအသင်း အတွင်းရေးမှူး ကိုကျော်သူစိုးက ဧရာဝတီသို့ ပြောသည်။
ကိုကျော်သူစိုးက“ပြီးခဲ့တဲ့ တပတ်လုံးလည်း ရှိသမျှအင်အားတွေနဲ့ လိုက်လုပ်ပေးနေတာတောင် အကူအညီ လိုအပ်တဲ့နေရာ လုံးဝ မရောက်သေးတဲ့ နေရာတချို့ ကျန်နေသေးတယ်။ ပြည်မြို့ပေါ်တင်မဟုတ်ဘူး။ ရန်ကုန်ကပါ လှူနေတာကို လှူလို့မနိုင်ဘူး ဖြစ်နေ တယ်။ မြို့ပေါ်က ဒုက္ခသည် စခန်းတချို့မှာက ပိုလျှံနေတာ။ သွားရေး လာရေး ခက်ခဲတဲ့နေရာမှာက အကူအညီ ပိုလိုအပ်နေတယ်။ အရေးကြီးဆုံးက ရေကျသွားတဲ့အချိန် ပြန်လည် ထူထောင်ရေးကိစ္စတွေအတွက် အစိုးရအနေနဲ့ အများကြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေပါပြီ ဆိုတာပဲ သတိပေးချင်ပါတယ်”ဟုလည်း ပြောဆိုသည်။
ပြည်ခရိုင်နှင့် ထိစပ်နေသည့် မကွေးတိုင်း ကံမမြို့နယ်အတွင်း သွားလာရေး ခက်ခဲသည့် ကျေးရွာများသည်လည်း အရေးပေါ် အကူ အညီများ လိုအပ်နေပြီး ပန်းတောင်းမြို့နယ် သူရဲတန်း ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများလည်း အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရထံမှ ယနေ့အချိန်ထိ အကူအညီ တစုံတရာ မရရှိသေးကြောင်း သိရသည်။