ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် Farmer Money Changer ၏ ဝန်ထမ်း တဦးကို တုတ်ဖြင့်ရိုက်နှက်ကာ ငွေလုယက်မှု ယမန်နေ့ ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ကျော်ထွဋ်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာရှိ ငွေသိမ်းဝန်ထမ်း အမျိုးသားကို လုယက်မည့် သူများထဲမှ တဦးက တုတ်ဖြင့်ရိုက်နှက်ကာ ယင်းဝန်ထမ်း သယ်ဆောင်လာသည့် ငွေသိန်း ၃၅၀ ကျပ်ပါ အထုပ်ကို လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စီစီတီဗီကလည်း တပ်မထားဘူး။ လုယက်သူတွေက အမျိုးသား ၃ ဦးလို့ ပြောတယ်။ ၄ ဦးလို့လည်း ပြောနေတယ်။ ဘယ်သူတွေ လုပ်တယ်ဆိုတာတော့ စုံစမ်းနေတုန်းပဲ။ ဘေးပတ်ဝန်းကျင်ကို လည်းစုံစမ်းဖို့ရှိတယ်” ဟု ဒုရဲမှူးကြီး ကျော်ထွဋ်က ရှင်းပြသည်။
အခင်းဖြစ်ပွားသည့်အချိန်က ကောင်တာတွင် ဝန်ထမ်း ၅ ဦး ရှိကြောင်း၊ ဆိုင်ကို သော့ပိတ်ပြီးချိန်တွင် ဝန်ထမ်းကြိုပို့ ကားထံသို့ လမ်းလျှောက်လာကြစဉ် လုယက်ခံရခြင်းဖြစ်ကြောင်း၊ လုယက်ခဲ့သူများက ငွေထုပ်ကို ရပြီးပြီးချင်း ကားဖြင့် မောင်းပြေးသွားကြောင်း သိရသည်။
ယင်းလုယက်မှုကို လမ်းမတော်မြို့နယ် ရဲစခန်းက လုယက်မှု ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားပြီး စုံစမ်းမှုများ ပြုလုပ်လျက် ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း လုယက်မှု ၃၆၈ မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝက်ဘ်ဆိုက်မှ ထုတ်ပြန်ထားသည့် သတင်း အချက်အလက်များအရ သိရသည်။