ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကားအပိုပစ္စည်း အရောင်းဆိုင်တခုတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့(MAT)က ပြောသည်။
အဆိုပါ မြန်မာ အလုပ်သမား ဇနီးမောင်နှံဖြစ်သည့် ကိုဇော်လတ်နှင့် မအိမွန်တို့သည် ၎င်းတို့ အလုပ်လုပ်နေသည့် ဆိုင်ပိုင်ရှင်၏ အစ်မတော်စပ်သူနှင့်အငြင်းပွားမှု ဖြစ်ရာမှ သြဂုတ်လ ၁ ရက်နေ့တွင် ပစ်သတ် ခံရခြင်းဖြစ်ကြောင်း အမှုကို ကူညီ ဆောင်ရွက် ပေး နေသည့် MAT အတွင်းရေးမှူး ဦးခိုင်ကြီးက ဧရာဝတီသို့ ပြောပြသည်။
သေဆုံးသူများသည် အသက် ၃၀ ဝန်းကျင် ရှိပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့ သင်္ဂြိုဟ်မည် ဖြစ်ကြောင်း၊ နာရေး ကိစ္စများကိုလည်း MAT အဖွဲ့က ကူညီဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။
လူသတ်မှု ဖြစ်ပွားရခြင်းသည် ဆိုင်ရှင်၏အစ်မဖြစ်သူ ဖွင့်ထားသည့် ထမင်းဆိုင်၌ ကိုဇော်လတ်တို့ ဇနီးမောင်နှံက အစားအသောက် ဝယ်မစားကြကြောင်း၊ ယင်းသို့ အစားအသောက် ဝယ်မစားသည်ကို မကျေနပ်ရာမှ ပြဿနာဖြစ်ပွားပြီး လူသတ်မှု ကျူးလွန်သည့် အခြေအနေကို ရောက်ရှိသွားကြောင်း သိရသည်။
MAT မှ ဦးခိုင်ကြီးက“သေသူတွေဟာ တရားဝင် နေထိုင်လုပ်ကိုင်ခွင့် လက်မှတ်ရှိသူတွေ ဖြစ်တော့ ဥပဒေကြောင်းအရ ထိရောက် အောင် ကူညီပေးနိုင်ဖို့အတွက် မြန်မာသံရုံးကို အကူအညီ တောင်းထားပါတယ်။ ဒါပေမယ့် သံရုံးက တာဝန်ရှိသူတွေဟာ အရမ်း အလုပ်များနေတဲ့အတွက် ကျနော်တို့ အဖွဲ့ကပဲ ဆောင်ရွက် ပေးပါလို့ ပြောပါတယ်”ဟု ဆိုသည်။
သေဆုံးသူ ကိုဇော်လတ်နှင့် မမိမွန်တို့သည် မော်လမြိုင်မြို့မှ ဗမာတိုင်းရင်းသားများ ဖြစ်ကြောင်း၊ ၎င်းတို့တွင် လူမမယ် အရွယ် ကလေး ၃ ဦးရှိပြီး မော်လမြိုင်မြို့၌ ဆွေမျိုးများနှင့်အတူ နေထိုင်ကြကြောင်း MAT အဖွဲ့က ပြောသည်။
ယခုအမှုသည် လူသတ်မှု ဖြစ်ခြင်းကြောင့် MAT အဖွဲ့ အနေဖြင့် ကူညီပေးနိုင်မှု နည်းပါးကြောင်း၊ သေဆုံးသူများအတွက် မျှတသည့် တရားစီရင်မှု ဖြစ်ရေး၊ နစ်နာဆုံးရှုံးမှုအတွက် နစ်နာကြေးရရှိရန် ဆောင်ရွက် ပေးနိုင်သည်မှာ အာဏာပိုင်အဖွဲ့ဖြစ်သည့် ဘန်ကောက် ရှိ မြန်မာသံရုံးသာ ဖြစ်ကြောင်း MAT အဖွဲ့၏ ဒါရိုက်တာ ဦးကျော်သောင်းက ပြောဆိုသည်။
ဦးကျော်သောင်းက“သံရုံးနဲ့ အနီးဆုံးဆိုတဲ့ ဘန်ကောက်မြို့လယ်ကောင်မှာတောင် မြန်မာနိုင်ငံသားတွေ ပစ်သတ်ခံနေရတယ်။ တောထဲ တောင်ထဲတွေမှာ လူမသိ သူမသိ အသတ်ခံရတာတွေ အများအပြား ရှိနေတယ်။ ဒါပေမယ့် အမှုတွေကို ထိထိရောက် ရောက် အရေးယူနိုင်မှု နည်းတယ်။ အဲဒါတွေဟာ သံရုံးရဲ့ အလေးထား ဆောင်ရွက်ပေးမှု နည်းလို့ပဲ။ ကျနော်တို့က အာဏာပိုင် အဖွဲ့မဟုတ်တော့ လူသတ်မှုလို ဟာမျိုးကို ကူညီရတာ အရမ်း အခက်အခဲ ရှိတယ်”ဟု ဆိုသည်။
ဘန်ကောက်ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးလှထွန်းကမူ“ဒီအမှုက လူသတ်မှုဖြစ်တော့ ရဲတွေက အဓိက ဖြေရှင်းပေးရ မှာ ပေါ့။ ကျနော်တို့ အနေနဲ့လည်းပဲ ကူညီပေးနိုင်ဖို့ သံအမတ်ကြီးဆီကို တင်ပြပေး ထားပါတယ်”ဟု ပြောဆိုသည်။