ရခိုင်ပြည်နယ် အတွင်းရှိ ရေဘေးရှောင် စခန်းများနှင့် ကျေးရွာများ၌ အစိုးရ ကူညီထောက်ပံ့မှု နည်းပါးသဖြင့် မလောက်မငှ ဖြစ်နေပြီး လက်ရှိတွင် သောက်သုံးရေနှင့် ဆန်များ အရေးပေါ် လိုအပ်နေကြောင်း ရေဘေးရှောင် စခန်းများသို့ ကူညီ ထောက်ပံ့ ပေးနေသည့် လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။
“ရေတော့ ကျသွားပြီဗျ။ ဒီမှာ အရေးပေါ် လိုအပ်နေတာက သောက်သုံးရေပဲ ၊ ရေကန်တွေက ရေနစ်နေတဲ့အတွက် သောက်ရေသုံးရေ တအားအခက်အခဲ ဖြစ်နေတယ်။ ဆန်ကလည်း ကုန်တော့မယ်။ အစိုးရက မာမီးခေါက်ဆွဲနဲ့ ဆန်တွေ လာပေးတာတော့ ရှိတယ်။ ဘယ်လောက် ပါ့မလဲ ” ဟု မင်းပြားမြို့နယ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သာက ဧရာဝတီကို ပြောသည်။
လက်ရှိအချိန်၌ ရခိုင်ပြည်နယ်အတွင်း ရေများတဖြည်းဖြည်း ကျဆင်းသွားပြီး ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသည့်အတွက် စားသောက်ကုန်များ ပြတ်လတ်မှုဖြစ်ကာ ကုန်ဈေးနှုန်းများ ထိုးတက်နေကြောင်းနှင့် ရခိုင်ပြည်နယ် ကျေးရွာများရှိ သောက်သုံးရေကန်များကို ရွှံရေများ လွမ်းမိုးခဲ့သည့့်အတွက် သောက်သုံးရေ ရှားပါး ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။
အလားတူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ရေကြီးမှုဒဏ်ကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး၊ လူနေအိမ် ၁၂၀၀ နှင့် စိုက်ပျိုးမြေ ၆၇၁၅ ဧက ၊ တံတား ၁ စင်း ပျက်စီးသွားခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ထုတ်ပြန်သော စာရင်းများအရ သိရသည်။
သြဂုတ်လ ၄ ရက် အထိ ကောက်ယူထားသော လူအသေအပျောက် စာရင်းများမှာ မင်းပြားတွင် လူ ၁၀ ဦး၊ မြောက်ဦးတွင် လူ ၁၀ ဦး သေးဆုံးခဲ့ပြီး၊ စုစုပေါင်း ရခိုင်ပြည်နယ် အတွင်၌ ရေကြီး ရေနစ်မြှပ်မှုကြောင့် လူ ၃၉ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ဧရာဝတီသို့ ပြောသည်။
ကျောက်တော်မြို့နယ်၌ ကယ်ဆယ်ရေးစခန်း ၅ ခု တွင် ရေဘေးရှောင် ကျေးရွာသားပေါင်း ၂,၀၀၀ ကျော် ရှိရာမှ လက်ရှိ အချိန်တွင် ရေကျသွားသည့်အတွက် ကျေးရွာသားတစ်ချို့ မိမိတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ကျောက် တော် မြို့ အရေးပေါ် ကူညီထောက်ပံ့ရေး အဖွဲ့ဝင် ဦးလှထွန်းက ပြောသည်။
“ လူတချို့ကိုတော့ ပြန်ပို့ပေးနေပြီဗျ။ ဒါပေမယ့် ရွာတွေမှာ သောက်ရေကန်တွေက ရေလွမ်းသွားတဲ့အတွက် သောက်သုံး ရေ အခက်အခဲတွေ ဖြစ်နေတယ်။ နောက်တစ်ခုက စပါးဂိုဒေါင်တွေ ရေနစ်သွားတဲ့အတွက် သူတို့အတွက် ဆန်တွေ လိုအပ်နေတယ် ။ အစိုးရပေးတာက နည်းတယ်။ လက်ကျန်လူနဲ့ ရှိတဲ့ဆန်၊ သောက်ရေ မလောက်တော့ဘူး ၊ ဒီနှစ်ခု အရမ်းအခက်အခဲ ဖြစ်နေတယ် ” ဟု ဦးလှထွန်းက ဆိုသည်။
ကျော်တော်မြို့နယ်တွင် ရေဘေးကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး ၊ လူနေအိမ် ၈၀၀ ကျော် ၊စာသင်ကျောင်း ၁၀ ကျောင်း ၊ တံတား ၁ စင်း ၊ စိုက်ပျိုးမြေဧက ၉၉၄၀ ပျက်စီးဆုံးရှုံးပြီး ကျေးရွာများတွင် ခိုင်းကျွဲ ၊ ခိုင်းနွားများ အသေအပျောက်များပြီး ပျောက်ဆုံးနေသည့် ကျွဲနွားများသည်လည်း အဆမတန် များပြားနေကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။
မြောက်ဦးမြို့နယ်တွင် သြဂုတ်လ ၄ ရက်အထိ ကောက်ယူထားသော စာရင်းများအရ လူ ၁၀ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးကာ စိုက်ပျိုးမြေ၁၈၉၃၆ ဧကနှင့် တံတား ၁ စင်း ပျက်စီးသွားကြောင်း၊ အလားတူ ပုဏား ကျွန်းမြို့နယ်တွင် လူ ၁ ဦး သေဆုံးပြီး လူနေအိမ် ၁၃၉၅ လုံး၊ စာသင်ကျောင်း ၂၈ ကျောင်း ၊ ဘုန်းကြီးကျောင်း ၇ ကျောင်းနှင့် စိုက်ပျိုးမြေဧက ၁၁၇၉၃ ပျက်စီးသွားခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ စာရင်းများအရ သိရသည်။
ပုဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှ အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေး လူမှုအဖွဲ့ဝင် ဦးလှရွေက “လိုနေတာက ဆန် နဲ့ သောက်ရေတွေ လိုတယ်။ အစိုးရပေးတာ နောက်ကျတယ် ။ လောက်လည်း မလောက်ဘူး ။ ကျနော်တို့ဆီမှာက ဒီကို (ကယ်ဆယ်ရေးစခန်း) ရောက်နေတဲ့ လူတွေကို ထောက်ပံ့ပေးရသလို၊ ရွာတွေမှာ နေတဲ့ လူတွေကိုလည်း ရိက္ခာ တွေပေးရတယ် ” ဟု ပြောသည်။
မောင်တောမြို့နယ်တွင် လူ ၃ ဦး သေဆုံးခဲ့ပြိး လူနေအိမ် ၊ ၂၀၃ ဆောင် ၊ စာသင်ကျောင်း ၅ ဆောင်၊ ဘုန်းကြီးကျောင်း ၆ ကျောင်း စိုက်ပျိုးမြေဧက ၃၀ ပျက်စီးသွားကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ သိရသည်။
ရခိုင်အမျိုးသားပါတီ မောင်တောမြိုနယ် အလုပ်အမှုဆောင် ဦးခင်မောင်သန်းက “ ကျွန်တော်တို့ဆီမှာ ရေတော့ ကျသွားပြီ၊ တောင်ပြို ကျလို့ ဘူးသီးတောင်- မောင်တော ကားလမ်းတွေ ပြတ်တောက်နေတယ် ။ စားရေးသောက်ရေး အခက်အခဲတွေ ဖြစ် နေတယ် ။ ကုန်ဈေးနှုန်းတွေကလည်း ၂ ဆလောက်ကို မြင့်တက်နေတယ် ” ဟု ပြောသည်။
ပေါက်တောမြို့နယ်တွင် ရေဘေးကြောင့် လူနေအိမ် ၈၅၁ လုံး ပျက်စီးခဲ့ပြီး စာသင်ကျောင်း ၁၆ ကျောင်း ၊ ဘုန်းကြီး ကျောင်း ၂ ကျောင်း ၊တိရစ္ဆာန် ၁၀၈ ကောင် သေဆုံးပြီး၊ စိုက်ပျိုးမြေဧက ၁၈၈၄၂ ပျက်စီးသွားကြောင်းနှင့် အမ်းမြို့တွင် လူနေအိမ် ၂၁ လုံး၊ တံတား ၁ စင်း ၊ စိုက်ပျိုးမြေဧက ၆၀၈၆ ပျက်စီးသွားခဲ့ပြီး၊ ရသေ့တောင် မြို့နယ်တွင် လူနေအိမ် ၁၄၅ လုံး ၊ စာသင်ကျောင်း ၆ ကျောင်း ၊ ဘုန်းကြီးကျောင်း ၂ ကျောင်း ပျက်စီးသွားကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ မှတ်တမ်းအရ သိရသည်။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် ဇူလိုင်လ ၂၇ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ရက်များတွင် ရေကြီးရေလျှံ၊ ရေလွမ်းမှုများ ဖြစ်ပွားကာ မြို့ကြီးများအတွင်း လျှစ်စစ်မီး ပြတ်တောက်ခြင်း ၊ လမ်းဘေး သစ်ပင်များ ပြိုလဲခြင်း ၊ ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ပြီး ရေဘေးကြောင်း စုစုပေါင်း ဆုံးရှုံးမှုမှာ ကျပ်သိန်းပေါင်း ၄၇, ၅၃၄ ကျပ် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ သိရသည်။