ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ဇေကမ္ဘာဝင်းထဲတွင် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများ တင်ဆောင်ထားသည့် ကွန်တိန်နာ ယာဉ်ပိုင်ရှင် ကို ရှာဖွေစုံစမ်းရာ မြောက်ဒဂုံမြို့နယ်ရှိ ၎င်း၏ နေအိမ်ကို ရဲတပ်ဖွဲ့က ခြေရာခံမိပြီး ကာလတန်ဖိုး ကျပ် သိန်းပေါင်း ၇၅၀၀၀ တန်ဖိုး ရှိ WY စိတ်ကြွဆေးပြား ၁၅ သိန်းကို ထပ်မံဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။
ယင်းစိတ်ကြွ ဆေးပြားများသည် မင်္ဂလာဒုံမြို့နယ်တွင် ပိုင်ရှင်မဲ့ ဖမ်းမိထားသည့် စိတ်ကြွဆေးပြား ၂၆ သန်းနှင့် ထုတ်ပိုးမှု ပုံစံတူနေပြီး ယခုဖြစ်စဉ်၌ သံသယအဖြစ်ခံရသူ ယာဉ်ပိုင်ရှင် ဦးလှမောင်သည် ထွက်ပြေး တိမ်းရှောင်နေကြောင်း မြောက်ဒဂုံမြို့နယ် ရဲ တပ်ဖွဲ့မှူး ရဲမှူး လှသန်းက ဧရာဝတီသို့ ပြောသည်။
ရဲမှူး လှသန်းက“မင်္ဂလာဒုံမှာမိတဲ့ အမှုကို လိုက်ရင်းနဲ့ ဆက်စပ်ပြီးတော့ ကားပိုင်ရှင် ကိုလှမောင်ရဲ့ ကုမ္ပဏီလိပ်စာကို စုံစမ်းတော့ မြောက်ဒဂုံက သူ့အိမ်ကို ခြေရာခံမိတာ။ ဝင်ရှာလိုက်တော့ ကားပေါ်မှာ မိထားတဲ့အတိုင်း ထုတ်ပိုးမှုပုံစံတူတဲ့ အဝါရောင် အိတ် ၅ လုံး တွေ့တယ်။ WY စိတ်ကြွဆေးပြား ၁၅ သိန်း ကာလတန်ဖိုးနဲ့ဆို ကျပ်သိန်းပေါင်း ၇၅၀၀၀ ပဲ”ဟု ပြောပြသည်။
ဦးလှမောင်သည် KTT နာမည်ဖြင့် ရေလုပ်ငန်းနှင့် သက်ဆိုင်သည့် အမည်ခံကုမ္ပဏီတခု ဖွင့်လှစ်ထားပြီး သူနှင့် ဆက်စပ်၍ မြောက် ဒဂုံမြို့နယ်ရှိ အိမ် ၃ လုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ၄၁ ရပ်ကွက် ပဒေသရာဇာ လမ်းရှိ အမှတ် ၂၂၈ နေအိမ်တွင် WY စိတ်ကြွဆေးပြား ၁၅ သိန်းကို ထပ်မံ ဖမ်းဆီးမိခဲ့သော်လည်း အိမ်ပိုင်ရှင်မရှိဘဲ အိမ်ငှားများက ဧည့်စာရင်းနှင့် နေထိုင်လျက်ရှိကြောင်း မြောက်ဒဂုံ ရဲစခန်းက ပြောသည်။
ရှာဖွေရာတွင် ပါဝင်ခဲ့သူတဦးက“အိမ်ကို ဝင်ရှာတော့ နေအိမ်ဘေးက ဂိုဒေါင်ထဲမှာ လက်ဖက်ခြောက် အိတ်တွေနဲ့ ရောထားတာ။ ဆေးပြားက ပန်းရောင်တွေ။ ပီနံအိတ်နဲ့ ထည့်ထားတာ”ဟု ပြောသည်။
ထို့အတူ ဆက်စပ်သတင်းအရ သြဂုတ်လ ၃ ရက်တွင် မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက် သခင်မြလမ်းရှိ နေအိမ်တလုံးနှင့် ၂၉ ရပ် ကွက် အောင်တံခွန် ၃ လမ်းရှိ နေအိမ်တလုံးတို့ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပစ္စည်းများ ဖမ်းဆီးရမိခြင်း မရှိဘဲ အိမ်ပိုင်ရှင်များလည်း ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း သိရသည်။
ရဲမှူး လှသန်းက“ဒီဖြစ်စဉ်ကြောင့် ကွင်းဆက်တွေ အဆက်အစပ်တွေ လိုက်ပြီး ဖော်ထုတ်နေတယ်။ ပမာဏကလည်း များတော့ အဖွဲ့အားလုံးပေါင်းပြီး လှုပ်ရှားနေပါတယ်။ အခုအိမ်ပိုင်ရှင်တွေရဲ့ နာမည်တွေကို ဆက်စပ်ကြည့်ရတာ အားလုံးက ညီအစ်ကိုတွေ ဖြစ်နိုင်တယ်”ဟု ပြောသည်။
ယခုဖြစ်စဉ်မတိုင်ခင် ဇူလိုင် ၂၆ ရက် နံနက် ၅ နာရီခန့်က မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းထဲတွင် ရပ်ထားသည့် KIA BONGO အမျိုးအစား ကွန်တိန်နာဘောက် အဖြူရောင်ယာဉ်ပေါ်တွင် တန်ဖိုးငွေ ကျပ် ၁၃၃ ဒသမ ၅ ဘီလီယံရှိ စိတ်ကြွဆေးပြားပေါင်း ၂၆၇ သိန်း ထုတ်ပိုးထားသည့် အထုပ်များကို မင်္ဂလာဒုံမြို့မ ရဲစခန်း လှည့်ကင်းတပ်ဖွဲ့က ကင်းလှည့်ရင်းတွေ့ရှိရာမှ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားပြီး ဆက်စပ်၍ မြောက် ဒဂုံတွင် ဖမ်းဆီးရမိသည့် ဖြစ်စဉ်ကိုလည်း ပြစ်မှုဆိုင်ရာ မပ(ပ)၁၅/၂၀၁၅၊ ပုဒ်မ ၁၉(က)/၂၀ အရ အမှုဖွင့်ထားကြောင်း သိရသည်။
ယခု အမှု ဖြစ်စဉ်ကို ရန်ကုန် အရှေ့ပိုင်း မှုးယစ် အထူးအဖွဲ့၊ ဒုစရိုက် နှိမ်နင်းရေး အဖွဲ့၊ ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့၊ မင်္ဂလာဒုံ ရဲစခန်းနှင့် ဒဂုံမြောက် ရဲစခန်းတို့က ပူးပေါင်း စုံးစမ်းလျက်ရှိသည်။