ချင်းပြည်နယ် ဟားခါးမြို့တွင် ရေကြီးရေလျှံမှုများကြောင့် မြေပြိုကျမှုများ ဖြစ်ပွားနေသဖြင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ် တောက် ပြီး စားရေရိက္ခာ ပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးသည့် အရေးပေါ်ရိက္ခာတချို့ ရောက်ရှိလာသော်လည်း ရေဘေးသင့်သူများနှင့် မြို့နေပြည်သူများသည် အရေအတွက် များသဖြင့် ရိက္ခာလိုအပ်ချက် များပြားနေဆဲ ဖြစ်ကြောင်း ဟားခါးမြို့ရှိ ရုန်းတောင် ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပါးကပ်က ဧရာဝတီသို့ ပြောသည်။
ဦးပါးကပ်က“ရဟတ်ယာဉ်တွေ လာတာဆိုရင် ၆ စီးလောက်တော့ ရှိပြီ။ အစိုးရက ကယ်ဆယ်ရေး စခန်းတွေအတွက် ဆန်နဲ့ တခြား ရိက္ခာတွေ ဝေပေးတာတော့ ရှိတယ်။ ဒါပေမယ့် မလုံလောက်ဘူး။ တမြို့လုံးက ပိတ်မိပြီး ရိက္ခာပြတ်နေတာဆိုတော့ ရိက္ခာ လိုအပ်ချက်က များပြားနေဆဲပဲ”ဟု ပြောပြသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟားခါးမြို့နှင့်ပြည်မကြီး ဆက်သွယ်ထားသည့် ပြည်ထောင်စု ကားလမ်းမများအားလုံးတွင် ဇူလိုင် လ ၂၉ ရက်က မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီးနောက် လမ်းပန်းဆက်သွယ်ရေးများ အားလုံး ပြတ်တောက်သွားခဲ့ပြီး ဟားခါး ဒေသခံများနှင့် မြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းများ အားလုံး စားရေရိက္ခာများ အရေးပေါ် လိုအပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
အစိုးရနှင့် ပုဂ္ဂလိက အလှူရှင်များအနေဖြင့် ယခုကဲ့သို့ ရဟတ်ယာဉ်များဖြင့် ရိက္ခာချ ပေးနေသော်လည်း ဟားခါးမြို့နေ ပြည်သူများနှင့် မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၁၃ ခုတွင် ခိုလှုံနေသူ မိသားစုပေါင်း ၁၃၀၀ ကျော်မှ ဒုက္ခသည် ၆၆၀၀ ကျော်အတွက် ရိက္ခာလိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်နေသူများက ပြောသည်။
ရုန်းတောင်အဖွဲ့ ဥက္ကဋ္ဌ ဦးပါးကပ်ကလည်း“ကယ်ဆယ်ရေးစခန်းတွေမှာ တနေ့ကို ဆန်အိတ် ၇၀ ကနေ ၁၀၀ ကြားလောက် လို တယ်။ သူတို့(အစိုးရ)လည်း တတ်နိုင်သလောက် လုပ်ပေးပေမယ့် မလုံလောက်ဘူး။ ဒုက္ခရောက်တဲ့ မြို့ထဲက လူတွေကိုတော့ ဝက် စာ အတွက် ဝယ်ထားတဲ့ ဆန်လေးတွေကို ပြန်ကြိတ်ပြီးတော့ တအိမ်ကို ၂ ပြည်၊ ၃ ပြည် ပြန်ရောင်းပေးဖို့ လုပ်နေတယ်။ တမြို့လုံး ကို ဟတ်စကီး (ရဟတ်ယာဉ်) ၁ စင်းတည်းနဲ့တော့ မလွယ်ဘူး”ဟု ပြောဆိုသည်။
ထို့အပြင် ဖလမ်းမြို့တွင်လည်း ကလေးမြို့မှ ဆန်တင်ကားကြီးများ သွားလာ၍ မရသည့်နောက်ပိုင်း ရိက္ခာ ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း ဖလမ်းမြို့ခံ ဦးတင်ထန်က ပြောသည်။
ဦးတင်ထန်က “ဖလမ်းနဲ့ ကလေးမြို့နဲ့က ကားသေးပဲ သွားလို့ ရတယ်။ ကားကြီး မသွားနိုင်ဘူး။ အဲဒီတော့ ဖလမ်းမှာ ဆန်မရှိကြ တော့ဘူး။ ဆန်ဆိုင်တွေမှာလည်း ဝယ်စရာ မရှိတော့ဘူး”ဟုလည်း ပြောပြသည်။
ထို့အပြင် လိုင်ဇိုး၊ မွှန်ပီးရွာအပါအဝင် ကျေးရွာပေါင်း ၅ ရွာနှင့် ဖလမ်းမြို့ကို ဆက်သွယ်သည့်လမ်း၌ မြေပြိုမှုများကြောင့် လူသွားလမ်းများ အားလုံး ပိတ်ဆို့ပြတ်တောက်နေပြီး ထောင်နှင့်ချီသော ဒေသခံများသည် စားရေရိက္ခာ ပြတ်လပ်မှုနှင့် မြေပြိုမှု အန္တရာယ် ရင်ဆိုင်နေရကြောင်း ဖလမ်း ဒေသခံများက ပြောဆိုကြသည်။
ရေတိုက်စားမှုကြောင့် တွန်းဇံမြို့နယ် နားလ်ဇန် ကျေးရွာရှိ နေအိမ် ၅၀ ကျော် ရေထဲမျောပါသွားခဲ့ကာ ရေဘေး ဒုက္ခသည်များသည် လုံတပ်ကျေးရွာ၌ ခိုလှုံနေရပြီး အကူအညီများ လိုအပ်နေကြောင်း တွန်းဇံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဧရာဝတီသို့ ပြောသည်။
တီးတိန်မြို့နယ်ရှိ ကဂင်နှင့် လိုင်ဘုံကျေးရွာများသည်လည်း ရေတိုက်စားမှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့နေရသလို ပလက်ဝမြို့နယ်ရှိ တောင်းဘွေ့ရွာနှင့် ဝက်ချောင်းရွာမှ အိမ်ခြေ ၅၀ ကျော်မှာလည်း ရေထဲမျောပါ ပျက်စီးခဲ့ပြီး ရာနှင့်ချီသော ဒေသခံများသည် စားရေရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ဒေသခံမီဒီယာများ ဖြစ်သည့် ချင်းဝေါလ်နှင့် ခူမီး မီဒီယာက ရေးသားဖော်ပြသည်။
ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖြစ်ပွားခဲ့သည့် မိုးများ၍ ရေကြီး မြေပြိုမှုများအတွင်း ချင်းပြည်နယ်နှင့် ပြည်မကြီး ဆက်သွယ်သော လမ်းများသာမက ပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများ ဆက်သွယ်ထားသော ပြည်နယ်တွင်းရှိ လမ်းကွန်ရက်များ အားလုံး ပျက်စီးခဲ့သည်။
ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ မင်းတပ် စသည့်မြို့အချင်းချင်း ဆက်သွယ်ထားသောလမ်းများရှိ တံတားများ ကျိုးကျခြင်း၊ လမ်းပိုင်းများ မြေပြိုပျက်စီးခြင်းများကြောင့် ပြည်နယ်တွင်းရှိ မြို့များကူးလူး ဆက်သွယ်၍ပင် မရတော့သည့် အခြေ အနေ ရောက်ရှိနေပြီး မြို့အများစု ထွက်ပေါက်မရှိဘဲ ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။
တွန်းဇံမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးဗမ်မင်းထန်က “တီးတိန်နဲ့ တွန်းဇံမြို့ ကြားထဲက တံတားတစင်း ရေတိုက်စားသွားလို့ ပျက် သွားတယ်။ ကားသွားလာလို့ မရသေးဘူး။ တွန်းဇံနဲ့ ကျီခါးမြို့ကြားထဲက နားလ်ဇန် ဆိုတဲ့ ရွာနားမှာလည်း တောင်ကျရေကြောင့် လမ်းပျက်သွားတယ်။ အခုထိ သွားလို့မရသေးဘူး”ဟု ပြောသည်။
ချင်းပြည်နယ် အစိုးရ အနေဖြင့် ထွက်ပေါက်မရှိဘဲ ပိတ်မိနေသည့် ဟားခါးမြို့အား လမ်းပြန်ပွင့်ရန်အတွက် ဟားခါး-ဖလမ်း-ကလေး လမ်းကို မြေတူးစက်များဖြင့် ပြုပြင် လုပ်ဆောင်နေကြောင်း သိရသည်။
ဟားခါးမြို့အခြေစိုက် ချင်းပြည်နယ် ကြံ့ခိုင်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ကိုပေါင်က“အစိုးရကတော့ ဟားခါးနဲ့ ဖလမ်းလမ်းပိုင်း ပြန်ကောင်းဖို့ ဟားခါးဘက်ကရော ဖလမ်းဘက်ကပါ စက်ကြီးတွေနဲ့ ပြင်နေတယ်။ ဒါပေမယ့် လမ်းပျက်စီးမှုက တအားကြီးတော့ တော်တော်လေးကို ပြင်ယူရမယ်။ အစိုးရကတော့ တပတ်အတွင်း ပြင်မယ် ပြောထားတယ်။ အခုအထိ လမ်းမပေါက်သေးတော့ ရှိတဲ့ ရိက္ခာလေး ချွေတာစားနေရတယ်”ဟု ပြောသည်။
ဟားခါးမြို့တွင် ဇူလိုင် ၂၄ ရက်မှ စ၍ မြေပြိုမှုများကြောင့် မြို့ဟောင်း၊ ဈေးဟောင်း၊ ပြည်တော်သာ၊ ဈေးသစ်၊ ကျောဘုတ်နှင့် မြို့သစ်ရပ်ကွက်များမှ နေအိမ် အလုံးပေါင်း ၆၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး အများစုသည် ဟားခါးမြို့ဟောင်းမှ ဖြစ်သည်ဟု ဆိုသည်။
ဟားခါးမြို့အနီးရှိ ခွာဘဲလ် ကျေးရွာသည်လည်း ရွာလုံးကျွတ် အိမ်ပြိုသည့်အတွက် ဟားခါးမြို့ရှိ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေရ ကြောင်း သိရသည်။
ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါ်ဆုန်ဇီးမာန်ကလည်း“မြေတွေကတော့ အခုထိ ပြိုနေတုန်းပဲ။ ပျက်စီးမှု အများဆုံးက ဟားခါးမြို့ဟောင်းနေရာက အိမ်တွေပဲ။ အိမ်တွေပြိုလွန်းလို့ ဘယ်သူမှ မနေရဲတော့ဘူး”ဟု ပြောသည်။
စားရေရိက္ခာ အခက်အခဲများ ရင်ဆိုင်နေရသည့်ဟားခါးမြို့သို့ ဒုသမ္မတ ဦးဉာဏ်ထွန်းက သြဂုတ်လ ၂ ရက်က ရဟတ်ယာဉ်ဖြင့် လာ ရောက်ခဲ့ပြီး စားရေရိက္ခာများ အချိန်မီ ပို့ဆောင်ပေးမည်ဟု ကတိပြုခဲ့ကြောင်း ချင်းဝေါလ် မီဒီယာသတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် သြဂုတ်လ ၃ ရက်က စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရွှေသံလွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ဧရာဟင်္သာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်၊ အောင်မြင်သူ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးလှမျိုး၊ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ လူမင်း၊ မင်းသား ဝေဠုကျော် နှင့် အဆိုတော် စိုင်းဆီတွမ်ခမ်တို့ ရောက်ရှိလာခဲ့ပြီး စားရေရိက္ခာတချို့ ကူညီပေးခဲ့ကြောင်း သိရသည်။