ချင်းပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဟားခါး-ဂန့်ဂေါလမ်းပိုင်း ပြိုကျပျက်စီးသွားပြီး လမ်းပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လမ်းလုပ်သား ၄ ဦး မြေအက်ကွဲကြောင်းအတွင်း ကျွံကျ သေဆုံးသွားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က အတည်ပြု ပြောကြားသည်။
ဟားခါးမြို့နှင့် ၁၆ မိုင်အကွာ ဟားခါး-ဂန့်ဂေါလမ်းပိုင်းတွင် လမ်းပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မြေတူး စက်မောင်း ၃ ဦးနှင့် အလုပ်သမား ၁ ဦးသည် သြဂုတ် ၄ ရက်က မြေကြီး အက်ကွဲကြောင်းအတွင်း ကျွံကျရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
ယင်းတာဝန်ရှိသူက“ဂန့်ဂေါလမ်းပိုင်းက မြေတူးစက်မောင်းသူတွေနဲ့ လုပ်သားတဦး မြေအက်ကြောင်းထဲ ကျွံကျပြီး သေသွားတာ။ ဟားခါးမြို့ပေါ်မှာတော့ အသေအပျောက် မရှိဘူး။ ထိခိုက် ဒဏ်ရာရတဲ့သူလည်း မရှိဘူး။ ဒုက္ခသည် စခန်းတွေမှာ သာမန် ဖျားနာမှုလောက်ပဲ ရှိတယ်”ဟု ပြောပြသည်။
လက်ရှိ ဟားခါးမြို့ပေါ်တွင် ကယ်ဆယ်ရေး စခန်း ၈ ခု ဖွင့်လှစ်ထားပြီး လာရောက် ခိုလှုံနေရသည့် ဒုက္ခသည် ၅၆၆၆ ဦးရှိကြောင်း၊ မြေပြိုမှုကြောင့် လူနေအိမ် ၅၅၈ လုံးပျက်စီးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ် အစိုးရက ဒုက္ခသည်များအတွက် ဆန်အိတ် ၅၀၀၊ ဆား ၅ အိတ်၊ ပဲအိတ် ၅၀ နှင့် ဆီ ၃ ပေပါကို ထောက်ပံ့ ပေးထားကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့(WFP) ကလည်း ဆန်အိတ် ၁၀၀၀ ထောက်ပံ့ပေးထားကြောင်း၊ ကယ်ဆယ်ရေး စခန်းများတွင် လည်း ဆေးကုသခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူက“ပြည်နယ်အစိုးရက ဒီကိစ္စအတွက် သီးခြား ရန်ပုံငွေတော့ မရှိဘူး။ ပြည်ထောင်စု အစိုးရ ကတော့ ဘတ်ဂျက်အတွက် အပျက်အစီးတွေကို တင်ပြဖို့ ပြောတယ် ဆိုပေမယ့် လက်ရှိ အနေအထားအရ အဲဒီ စာရင်းကောက်ဖို့က အဆင်မပြေသေးဘူး။ ကယ်ဆယ်ရေးစခန်းက အရပ်ဘက်အဖွဲ့တွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်တာတွေ ရှိတယ်။ ဒုက္ခသည် တွေ အဓိက လိုအပ်နေတာက စားဝတ်နေရေးအတွက်ပေါ့”ဟု ရှင်းပြသည်။
ဟားခါးမြို့တွင် ရပ်ကွက်ပေါင်း ၆ ခုရှိပြီး ၄ ရပ်ကွက်နှင့် ၅ ရပ်ကွက်သည် အဆိုးဆုံးအခြေအနေ ဖြစ်ကြောင်း၊ နေအိမ် မပျက်စီး သော် လည်း မြေပြိုမှုများ ဆက်လက် ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ကယ်ဆယ်ရေးစခန်းများတွင် လာရောက် ခိုလှုံနေသူများလည်း ရှိကြောင်း၊ ကုန်ဈေးနှုန်း တက်နေသည်ဟု ဆိုကြသော်လည်း မြို့ပေါ်ရှိ ဈေးဆိုင်များ အားလုံးပိတ်ထားပြီး အရောင်းအဝယ် မရှိကြောင်း၊ လတ်တလော ပိတ်ထားသည့် အခြေခံပညာကျောင်းများ အားလုံးကို လာမည့် အပတ်တွင်း ပြန်လည်ဖွင့်လှစ်ရန် ရှိကြောင်း သိရသည်။
ဟားခါးမြို့ ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးတလန်ကျဲအိုက“အိမ်သာတွေ၊ ရေတွေ လိုအပ်တယ်။ ရိက္ခာကတော့ ပြည် နယ် အစိုးရက ဆန်အိတ်တွေ ထောက်ပံ့မယ် ပြောထားတယ်။ ဒုက္ခသည် စခန်းတွေမှာ စားသောက်ဖို့ အတွက် မြို့မှာရှိတဲ့ အသင်း တော်တွေနဲ့ ဘုရားကျောင်းတွေမှာ ချက်ပြုတ်ပြီးတော့ ကျွေးမွေးတယ်။ အစိုးရပိုင်းက ကျနော်တို့နဲ့ ပိုပြီး ပူးပေါင်းလုပ်ဆောင်ဖို့ လိုတယ်။ မလုပ်ရင် မလွယ်ဘူး”ဟု ရှင်းပြသည်။
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၂ ခုတွင် ဇွန် ၂၄ ရက်မှ သြဂုတ် ၄ ရက်အထိ ရေဘေးဖြစ်ပွားမှုကြောင့် သေဆုံးသူ ၆၉ ဦးနှင့် ရေဘေးသင့် လူဦးရေ ၂ သိန်းခွဲကျော်(၂၅၉၇၉၉ ဦး) ရှိခဲ့ကြောင်း၊ အစိုးရက ဆန်ရိက္ခာ၊ အရေးပေါ် အစားအစာ၊ အိမ်ဆောက် ပစ္စည်း တန်ဖိုး၊ ကယ်ဆယ်ရေး ပစ္စည်းနှင့် သေဆုံးမှု ထောက်ပံံ့ကြေး စုစုပေါင်း ငွေကျပ် ၁၉၈ သန်းကျော် ထောက်ပံ့ ပေးခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြပါရှိသည်။
ရေဘေးကြောင့် ဇွန် ၂၄ ရက်မှ သြဂုတ် ၄ ရက် အတွင်း သေဆုံးသူ ၆၉ ဦး ရှိပြီး ရေဘေးရှောင် ပြည်သူ နှစ်သိန်းခွဲခန့် ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဋ္ဌာနကလည်း ထုတ်ပြန်ထားသည်။